ကမ္ဘာမပျက်ခင်တစ်လအလို..
ဒီအကြောင်းအရာလေးကို အမှတ်တရလေးများဘလော့ပိုင်ရှင် အန်တီဝါက Tag ထားတဲ့အတွက် ကိုယ့်ရဲ့အတွေးစိတ်ထဲမှာ တကယ်ဖြစ်မဲ့ အကြောင်းလေးလို မှတ်ယူပြီး ရေးလိုက်ပါတယ်။ တကယ်တော့ ကမ္ဘာပျက်မယ်ဆိုတာ တွေးကြည့်ယုံနဲ့ မဖြစ်နိုင်မှန်း သိပါတယ်။ ဘုရားရှင်ဟောပြဆုံးမထားတဲ့ တရားတော်တွေအတိုင်းဆိုရင် ကမ္ဘာပျက်မယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ခေါင်းစဉ်အလိုအတိုင်း တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့ ပုံစံမျိုးလေးကို စိတ်ထဲမှာ မှတ်ယူပြီး ရေးသွားပါ့မယ်။ ကမ္ဘာမပျက်ခင်တစ်လအလိုဆိုတဲ့ ခေါင်းစဉ်လေးကို ကျွန်တော့်အနေနဲ့ ပြန်လည်တင်စားပြောချင်တာကတော့ မိမိကိုယ်တိုင် မသေခင်တစ်လအလိုမှာ ဘာတွေပြင်ဆင်မှာလဲဆိုတဲ့ အချက်လေးတွေနဲ့ ပြန်လည်ဖော်ပြလိုပါတယ်။ အတူတူပါပဲနော်..။ ဘယ်ကမ္ဘာပျက်မယ် မပျက်မယ်ဆိုတာ မသေချာပေမယ့်.. ကိုယ့်ရဲ့ ခန္ဓာကမ္ဘာဆိုတာကတော့ ဘယ်အချိန်မှာ ပျက်မယ်.. ဘယ်အချိန်မှာ မပျက်ဘူးဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက်ပါ။ ဒါမလို့လည်း အတူတူပါပဲလို့ ပြောလိုက်တာပါ။ နောက်တစ်လဆိုရင် ကိုယ်သေရတော့မယ်ဆိုတာ သိနေတဲ့ လူတစ်ယောက်အတွက် ဘာတွေကြိုတင်ပြင်ဆင်မလဲဆိုတဲ့ စိတ်မျိုးနဲ့ ရေးသားလိုပါတယ်။ ဒီတော့ မိမိရဲ့ ခန္ဓာကမ္ဘာမပျက်ခင် တစ်လအလိုမှာ ဘာတွေပြင်ဆင်မလဲဆိုတာလေးကို မ၀ါမေးထားတဲ့ မေးခွန်းလေးတွေနဲ့ ဖြေသွားပါ့မယ်။
(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ
အမှန်အတိုင်းပြောရရင်တော့ ဘယ်သူတွေနဲ့မှ ရှိမနေချင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ကိုလည်း ကိုယ်က မကယ်နိုင်သလို.. ကိုယ့်ကိုကိုယ်လည်း မကယ်နိုင်တဲ့အတွက်ပါ။ သေခါနီးအချိန်မှာ အသေတတ်ဖို့.. သေမင်းကိုရင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေဖို့ လိုအပ်ပါတယ်။ မုချတွေ့ရမယ့် သေမင်းကို ဘယ်လိုအကောင်းဆုံး ရင်ဆိုင်မလဲဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတွေနဲ့ အတူရှိနေချင်ပါတယ်။
(၂) ဘာတွေခံစားနေရမလဲ
တစ်ချိန်ချိန်မှာ လူသားအားလုံး သေကြရမှာပါပဲ။ နှေးတာနဲ့ မြန်တာပဲ ကွာခြားသွားမှာပါ။ အထွေအထူး ခံစားစရာတော့မရှိပါဘူး။ ကိုယ်က တအားကြီးခံစားနေလို့ ဒီဒုက္ခကြီးကနေ လွဲသွားမှာမှမဟုတ်တာ။ ဘာတွေခံစားရမလဲဆိုတာ စဉ်းစားမိတော့ ဆရာတော်တစ်ပါး ဟောပြဆုံးမတာ သတိရမိပါတယ်။ အိုရလွန်းလို့ နာတာ.. နာရလွန်းလို့ သေရတာဆိုတဲ့ ဆုံးမစကားလေးပါ။ ဒီတော့ မသေခင်တစ်လအလိုမှာ ဘာမှခံစားမနေပဲနဲ့.. သေခါနီးကျရင် နာရလွန်းလို့ သေလောက်အောင် ခံစားရမယ့် ဝေဒနာတွေကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာလေး စဉ်းစားမိပါတယ်။ ဒီတော့ ဘုရားရဲ့ အဆုံးအမတွေနဲ့ ခံစားမှုတွေကို ဖြတ်ကျော်နိုင်ဖို့.. ပြုံးပြုံးလေးနဲ့ ခံစားမှုတွေကို ကျော်လွှားနိုင်ဖို့ ကြိုးစားရမယ်ပေါ့။ သေရမယ့်ဝေဒနာကို တအားကြီးခံစားပြနေရင် သေမင်းကို အရှုံးပေးရာရောက်သွားမှာပါ။ ကျွန်တော်တို့မှာ တခြားဘာသာတွေနဲ့ မတူတဲ့ သေမင်းကို ပြုံးပြုံးလေးနဲ့ ရင်ဆိုင်ရမယ့် ဘုရားရှင်ရဲ့ အဆုံးအမတွေရှိတယ်လေ။ ဒီတော့ ကြိုပြီးခံစားပြနေမယ့်အစား ကြုံတွေ့လာမယ့် ခံစားရမယ့် ဝေဒနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်..။ ဘာမှတော့ ကြိုမခံစားလိုပါဘူး။
(၃) ဘာတွေပြင်ဆင်ထားမလဲ
သေခါနီးအချိန်မှာ ဘုရားအဆုံးအမတွေနဲ့ သေမင်းကိုပြုံးပြုံးလေး ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားချင်ပါတယ်။ ဘ၀ဆက်တိုင်း သေမင်းကိုရှုံ့မဲ့ပြပြီးသေလာတာ.. ဒီတစ်ခါတော့ သူ့ကို ပြုံးပြုံးလေးကြည့်ပြီး သေပြလိုက်ချင်တယ်။ မင်းကြိုက်တဲ့အချိန်လာ.. ငါစောင့်နေတယ်လို့ ပြောနိုင်လောက်အောင်ထိ ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
(၄)၀မ်းနည်းမိမှာက
ဘုရားရှင်ရဲ့ သာသနာနဲ့တွေ့ပြီး အရိယာဖြစ်အောင် အားမထုတ်နိုင်သေးတာကို ၀မ်းနည်းမိမယ် ထင်တယ်။ လူဖြစ်ရှုံးတယ် ပြောရမှာပေါ့။ တခြားဟာတွေတော့ ၀မ်းနည်းစရာမရှိပါဘူး.။ ကိုယ်က၀မ်းနည်းပြနေလို့လည်း ဒီဟာတွေက ၀မ်းသာစရာ ဖြစ်လာမှာမှမဟုတ်တာ။ ဒီအတွက်တော့ ၀မ်းမနည်းတတ်ပါဘူး..။
(၅) ကြောက်လန့်မိတာက
ကြောက်နေလို့လည်း ဒီတွေ့ကြုံလာမယ့် ဒုက္ခကပြီးသွားမှာ မဟုတ်ဘူးလေ။ ဒါ့ကြောင့် မကြောက် မိပါဘူး။ ဘာဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမယ်ပေါ့။
(၆) ဆောင်ထားချင်တာ
ကိုယ့်ရဲ့စိတ်ကို ဓမ္မကအမြဲတမ်း ဦးဆောင်နေစေချင်တယ်။ ဘာပဲလုပ်လုပ် မကောင်းမှုတွေပါယ်ပြီး ကောင်းမှုတွေနဲ့ပြည့်နေတဲ့ အကုသိုလ်ကင်းနေစင်တဲ့ စိတ်လေးကို အမြဲဆောင်ထားချင်တယ်။ သေခါနီးအချိန်မှာ သေမင်းကပြလာမယ့် ဆင်းရဲဒုက္ခတွေကို ပြုံးပြုံးလေး ရင်ဆိုင်နိုင်ဖို့ ဘုရားရှင်ရဲ့ အဆုံးအမတွေ ရင်ထဲမှာ အမြဲတမ်း မပျောက်ပျက်အောင် ဆောင်ထားချင်ပါတယ်။
(၇) ဘာတွေရေးမိမလဲ
ရောက်လာမယ့် သေမင်းကို ကြောက်စရာမလိုဘူး.. ပူပန်စရာလည်း မလိုဘူး.. ငါတို့မှာ ဘုရားအဆုံးအမတွေရှိတယ်.. ဘုရားအဆုံးအမတွေနဲ့ ရင်ဆိုင်မယ်ဆိုရင် သေမင်းကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်တယ် ဆိုတာလေးကို ကိုယ်နဲ့အတူတူသေရမယ့် လူတွေသိအောင် ရေးပေးချင်ပါတယ်။
(၈) တွေးမိတွေးရာအတွေး
တွေးမိတာကတော့.. လူသားအားလုံး တစ်ချိန်မဟုတ် တစ်ချိန်သေကြရမယ်။ ဒီတော့ သူများတွေလို သေမင်းကို ကြောက်လန့်ပြီး သေပြမှလား.. ပြုံးပြုံးလေးသေပြမှာလား စဉ်းစားမိတယ်။ ကိုယ်က ကြောက်ပြလို့လည်း သူကနောက်ဆုတ် မသွားသလို.. ကိုယ်က ပြုံးပြလို့လည်း သူက လှည့်ပြန်မသွားပါဘူး။ ဒီတော့ အချိန်တန်ရင် သေရမယ်ဆိုတာ သိပြီး အကောင်းဆုံး သေနိုင်အောင် ကြိုးစားပါ့လားလို့ တွေးမိပါတယ်။
(၉) ဂုဏ်ယူချင်တာက
ဘုရားရှင်ရဲ့ သာသနာနဲ့ကြုံတွေ့ခွင့်ရပြီး ဘုရားအဆုံးအမတွေ သိခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး ဘာသာရေးကိုစိတ်ဝင်စားတတ်တဲ့ စိတ်လေးတွေ ပါတဲ့အတွက်လည်း ကျေနပ်မိပါတယ်။ လူ့ဘ၀ရလာတာ ဘုရားအဆုံးအမတွေနဲ့ တွေ့ဆုံခွင့်ရလိုက်တာဟာ တန်ဖိုးရှိပါလားလို့လည်း ဂုဏ်ယူမိပါတယ်။
(၁၀) ရှာကြံဖြေသိမ့်မိတာ
ငါလုပ်ခဲ့တဲ့ ကုသိုလ်အားလုံးဟာ ဒီဘ၀မှာ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခဲ့ပေမယ့်.. နောက်ဘ၀မှာ အထောက်အပံ့တွေ ဖြစ်မယ်.. ဖြစ်လည်းဖြစ်ရမယ် ဆိုတာလေးကို အမြဲနှလုံးသွင်းပြီး.. မသေခင်အချိန်အတွင်းလေးမှာ ဘုရားသာဓုခေါ်တဲ့ လုပ်ငန်းတွေ များများလုပ်မယ်ဆိုပြီး အားပေး ဖြေသိမ့်မိမယ်ထင်ပါတယ်။
(၁၂) ကျူးရင့်ချင်တဲ့ ဥဒါန်း
အသေမဦးခင် ဥာဏ်ဦးအောင် ကြိုးစားအားထုတ်ရမည်...။
ဒီလောက်ဆိုရင် မ၀ါကျေနပ်မယ်ထင်ပါတယ်။ သေခါနီးတစ်လအလိုမှာ ခံစားရမယ့် လူတစ်ယောက်အတွက် အားပေးချင်တဲ့ စကားလေးတွေ ဖြစ်မယ်ထင်တယ်။ သူတစ်ပါးကိုလည်း အားပေးရင်း.. မိမိကိုယ်ကိုလည်း အားပေးရင်းပေါ့။ ကမ္ဘာပျက်မယ် မပျက်ဘူးဆိုတာ ကိုယ်က မယုံကြည်ဘူး.. လက်မခံဘူးဆိုပေမယ့်.. သေမင်းက အချိန်မရွေးလာနိုင်တယ်ဆိုတာတော့ လူတိုင်းလက်ခံမယ် ထင်ပါတယ်။ ဒီအကြောင်းရာလေးဖတ်ပြီး.. ကမ္ဘာမပျက်ခင် တစ်လအလိုမှ မဟုတ်ပါဘူး.. အချိန်တိုင်းမှာ ငါသေနိုင်တယ်ဆိုတဲ့ စိတ်လေးကို အမြဲနှလုံးသွင်းပြီး ကုသိုလ်တွေများသထက်များအောင် အကုသိုလ်တွေ နည်းသထက်နည်းအောင်.. နောက်ပြီး ကိုယ့်ရဲ့ဘ၀ကို အကျိုးရှိစေမယ့် အရာတွေနဲ့ အသုံးချသွားတတ်အောင် နေတတ်ဖို့ လိုပါတယ်။ သူ့ဘာသာ ကမ္ဘာပျက်မယ် မပျက်မယ်ဆိုတာ စိတ်ထဲမှာမထည့်ပဲနဲ့.. ငါ့ရဲ့ခန္ဓာကမ္ဘာဟာလည်း အချိန်မရွေးသေနိုင်ပါ့လား ဆိုတာလေး စိတ်ထဲမှာ အမြဲနှလုံးသွင်းစေချင်ပါတယ်။ မ၀ါ Tag ထားတဲ့ ပိုစ့်လေးထဲမှာ.. ကိုယ့်အတွက် တန်ဖိုးရှိစေမယ့် အရာလေးတွေကို နှလုံးသွင်းပြီး.. သေခြင်းတရားကို အမြဲမပြတ် ဆင်ခြင်နှလုံးသွင်းနိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်..။ ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ…။

0 comments:
Post a Comment