* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 1, 2009

ရေကူးတော့ ဘူးသီးမေ့သည် ..........

Posted by ညခင်း နှင့် လမင်း Oct 31, 2009 မှတ်ချက်ပေးရန် (7)

သင်္ဂဇာဆရာတော်ဘုရားကြီး သည် တရားဓမ္မဟောပြလေတိုင်း ဥပမာ၊ စကားပုံ၊ ပုံပြင်၊ အတုယူမှတ်သားဖွယ်ရာများ ပါလေ့ရှိသည်။ ဆရာတော်ဘုရားကြီးသည် အမေးပုစ္ဆာလေးရှိသည့် အခါတိုင်း ရုတ်ခြည်း ဖြေဆိုတော်မူလေသည်။ ဆရာတော်ဘုရားကြီးသည် ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း ဟူသော မင်းများ လက်ထက်တွင် ထင်ရှားကျော်ကြားခဲ့သည်။


ရေကူးတော့ ဘူးသီးမေ့သည်။

ရန်ကုန်မြို့ လမ်းမတော်အရပ်တွင် သီတင်းသုံးတော်မူစဉ်ဖြစ်ပါသည်။

မှန်လှပါ အရှင်ဘုရား...ရုပ်ဓာတ်ခန္ဓာ အာယတနတရားများကို လက္ခဏာရေး သုံးပါးကို ဆင်၊မြင် အားထုတ်သူ များဟာ လူ ၊ နတ်၊ နိဗ္ဗာန် သုံးတန်အကျိုးကို တကယ်ခံစားရ၊ မခံစားရ သိလိုကြောင်းပါဘုရား...ဆေး ဆရာကြီး ဦးရွှေသာဆိုသူက မေးမြန်းလျှောက်ထားလေသည်။

အင်း ...ဒကာကြီး ...ငါတို့ အထက်ကျေးရွာကျောက်မော်ရွာက လှေသူကြီး ရေကူးတော့ ဘူးသီးမေ့ဆိုသလို ဖြစ်တတ်တယ်၊ ကြပ်ကြပ်သတိထားကွယ့်...

ရှင်းလင်းစွာသိရအောင် ဟောကြားတော်မူပါဦးဘုရား လို့လျှောက်ထား တောင်းပန်တယ်။

အထက်ကျောက်မော်ရွာမှာ လှေသူကြိး မောင်ပိန်ဆိုတာ ရှိတယ်။ ရေမကူးတတ်လေတော့ လှေပျက်လို့ အခက်တွေ့ရင် ကာကွယ်နိုင်အောင် ဘူးသီးကြီးတစ်လုံးကိုရှာ အစာအစေ့တွေ ထုတ်ပြီး ပဲ့စင်မှာ ချိတ်ထားတယ်။

တစ်နေ့တော့...လေပြင်းမုန်တိုင်းကကျ၊ လှိုင်းတွေက ထ၊ လှေဟာကျောက်ဆောင်တွေ နဲ့ တိုက်မိ တော့ မယ့်အခြေအနေ ရောက်လာ တယ်။ အဲဒီ အခါမှာ လှေသူကြီးမောင်ပိန်ဟာ တက်မစင်မှာ ချိတ်ထားတဲ့ အသက်ကယ် ဘူးသီးခြောက်ကြီးကို သတိမရ။ လှေဝမ်းတွင်းက ငွေသတ္တာကို သာသတိရပါ သတဲ့။ ဒါနဲ့ လှေဝမ်း ထဲဆင်းပြီး ငွေသေတ္တာကို ယူတုန်း ၀ုန်းခနဲ ကျောက်ဆောင်နဲ့တိုက်ပြီး လှေပျက်လေတော့ မောင်ပိန် အသက်ဆုံးပါလေရော.....

ဒီတော့ ဒကာကြီး စွဲမြဲတဲ့ လက္ခဏာ ၀ိပဿနာကို အာရုံပြုပြီး ကွယ်လွန်ရင် ဖြူစင်တဲ့ အာရုံကြောင့် လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာကို ရနိုင်ပေလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ စည်းစိမ် ဥစ္စာ၊ ရတနာရွှေငွေ ၊ ဆန်ရေ စပါး၊ ကျွဲ ၊နွား၊ ဆင်မြင်း၊ အပေါင်းအသင်း၊ သားသမီးသားမယားတွေကို တွယ်တာတဲ့ ကာမဂုဏ်ဇောနဲ့ ကွယ်လွန်ရင်ဖြင့် လှေသူကြီး မောင်ပိန်လို ဘူးသီးကို အမှတ်မရနိုင်ဘဲ မျောရသလို အပါယ်ကျတတ်ပေတယ် ဒကာကြီး...

သင်္ဂဇာ ဆရာတော်လည်း လောဘတရားကို ပယ်ရှားနိုင်အောင် ကြံဆောင် အားထုတ် ရမည်ဖြစ်ကြောင်း ဗုဒ္ဓဓမ္မကို ဥပမာဥပမေယျများနှင့် ဟောကြားတော်မူလေသည်။

ဆေးဆရာကြီး ဦရွှေသာနှင်တကွ ပရိသတ်အပေါင်းတို့သည် နှစ်ထောင်အားရ သာဓု ခေါ်ကြ လေသည်။


၁။ လိုချင်လောဘ၊ တက်မက်ကြ ၊မျောမည့် သံသရာ။
၂။ ခက်ထန်ဒေါသ ဖြစ်လေကြ ၊မျောမည့် သံသရာ။
၃။ မသိမောဟ၊ တွေဝေကြ ၊မျောမည့် သံသရာ။
၎။ ထောင်လွှားမာန၊ ထကြွကြွ ၊မျောမည့် သံသရာ။
၅။ဒိဋ္ဌိဟူက ယူမှားကြ၊ ၊မျောမည့် သံသရာ။
၆။ ၀ိစိကိစ္ဆာ ၊ ယုံမှားကြ၊ ၊မျောမည့် သံသရာ။
၇။ မရွှင်ထိန၊ ဖြစ်လေကြ၊မျောမည့် သံသရာ။
၈။ ပျံ့လွင့်နေက ၊ ဥဒ္ဓစ္စ ၊မျောမည့် သံသရာ။
၉။ အဟီရိက၊ မရှက်က ၊မျောမည့် သံသရာ။
၁၀။ အနောတပ္ပ မကြောက်က ၊မျောမည့် သံသရာ။

သြဃာတရား ဤ၁၀ပါး မှတ်သားထားပါလေ။ ပဋိစ္စတရား မသိငြား၊ ရှည်လျားသံသရာ။
ဖြစ်ပျက်ရှင်သေ၊ ဤလေးထွေ ၊မှတ်လေ သံသရာ။
ဖြစ်ပျက်မြင်တွေ့ ၊ ယောဂီတွေမှာ၊ ဘုံစဉ်စံ၍၊ သွားရသေချာ၊
သံသရာထဲ မလည်တော့ပါ၊ နိဗ္ဗာန်နန်းစံမြန်းရမည်သာ။ ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP