မိုးကုတ်ဆရာတော်ဘုရားကြီး၏ သံဝေဂ အစု...
(၁) ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။
(၂) အဇ္ဇေ၀ သုဝေက။ ယနေ့လား နက်ဖြန်လား သေနိုင်ပါသည်။(၃) ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစား မလုပ်နဲ့။ အချိန်အလကား မဖြုန်းနဲ့။
(၄) မမျှော်လင့်ဘဲ ဗြုန်းခနဲ နာလည်း နာနိုင်သည်။
(၅) မမျှော်လင့်ဘဲ ဗြုန်းခနဲ သေလည်း သေနိုင်သည်။
(၆) ခန္ဓာကိုယ်က မွေးကတည်းက အသေဖက် တရစပ် ပြေးနေတယ်။
(၇) မနေ့ကထက် ယနေ့ သေဖို့ တစ်ရက် ပိုနီးသွားပြီ။
(၈) သက်တမ်းတိုတဲ့ ဘ၀လေးမှာ တရားအားမထုတ်ဘဲနှင့် ချောင်ခိုနေရင် လူဖြစ်ရှုံးပြီမှတ်။
(၉) အသေစောက ကိုယ်ကျိုးအနည်းကြီး နည်းပြီမှတ်။
(၁၀) အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်။
(၁၁) လူပြောသူပြော မယုံနဲ့။ ခန္ဓာပြောတာသာ အယုံကြီး ယုံလိုက်ပါ။
(၁၂) လူပြောယုံတော့ သူများပါးစပ် လမ်းဆုံး။ ခန္ဓာပြောတာ ယုံတော့ သံသရာ လမ်းဆုံး။
(၁၃) ရှေ့နောက်ခွဲတတ်ပါစေ။ သားရေးသမီးရေး နောက်ထား။ ကိုယ့်ကိုယ်ကို ကယ်တင်မယ့်အရေး ရှေ့ထား။
(၁၄) ကိုယ့်ကိုယ်သနားရင် ၀ိပဿနာ လုပ်ကြ။ ကိုယ့်ကိုယ်ကို မသနားရင် သားရေးသမီးရေး စီးပွားရေး လုပ်ကြ။
(၁၅) ဘုန်းကြီးက ပြောရက်လိုက်လေ မလုပ်နဲ့။ ခင်ဗျားတို့ အဖြစ်က ဆိုးလွန်းလို့ ဖော်ပြောပြနေတာ။
(၁၆) ခင်ဗျားတို့မှာ ကိလေသာရေနစ်နေတာ လည်ပင်းရောက်နေပြီ။ သေခါနီးတွေက သေခါဝေးတွေ အတွက် ပူမနေနဲ့။
(၁၇) ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်းတွေနဲ့ ဒီလို မသိပြုံး ပြုံးနေသလောက် မသိပျော် ပျော်နေသလောက် သေခါနီး အိပ်ရာညောင်စောင်း ထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။

0 comments:
Post a Comment