အွန်လိုင်းပေါ်မှသာဓုခေါ်သံများ(၂)
သိရိလင်္ကာတွင် စာပေပရိယတ္တိများသင်ကြားနေသော ဆရာတော် အရှင်ပညာနန္ဒ(ကြံခင်း)မှ သစ္စာ(၄)ပါးတရားအပိုင်း(၂)ကို ၂၆.၉.၂၀၀၉(စနေနေ့)ညတွင် တရားနာပရိတ်သတ်များအား ဆက်လက် ဟောကြားခဲ့ပါတယ်။ ဆရာတော်ဟောကြားသော သစ္စာတရားကို ဓမ္မမိတ်ဆွေများ မှတ်သားနာယူ ကျင့်သုံးနိုင်စေဖို့ အလို့ငှာ ထပ်မံရေးသား ဖော်ပြပေးလိုက်ပါတယ်။
သစ္စာ(၄)ပါးတရားအပိုင်း(၂)
တရားနာတယ်.. တရားအားထုတ်တယ်ဆိုတာ မိမိတို့ အသက်ရှင်သန်နေတဲ့ အချိန်အခိုက်အတန့် လေးမှာပဲ လုပ်ဆောင်နိုင်တဲ့ အရာတွေပါ။ အသက်ရှင်နေတုန်း သံသရာကို ပြတ်စေတဲ့တရား၊ အို၊နာ၊သေဘေးမှ ကင်းလွတ်နိုင်မယ့် သစ္စာတရားတွေကို နာကြားလိုက်နာ ကျင့်သုံးကြဖို့ လူသားအားလုံးအတွက် အင်မတန် အရေးကြီးပါတယ်။ အသက်ရှင်နေစဉ် အခိုက်အတံ့မှာ မိမိရထားတဲ့ ခန္ဓာကိုယ်ကြီးဟာ သံသရာဒုက္ခစက်ဝိုင်းကြီးတစ်ခုနဲ့ တူပါတယ်။ ဒီဘ၀ ပုထုဇဉ်ဘ၀နဲ့ သေဆုံးသွားခဲ့မယ်ဆိုရင် နောက်ဘ၀ဆိုတာတွေ ရှိဦးမယ်။ နောက်ဘ၀ဆိုတာတွေရှိမယ်ဆိုရင် အမိဝမ်းထဲမှာနေရတဲ့ ဆင်းရဲဒုက္ခတွေ.. မွေးဖွားလာရတဲ့ဒုက္ခတွေ.. မွေးဖွားလာပြီးရင် မွေးလာတာနဲ့အမျှ တရွေ့ရွေ့အိုနေရတဲ့ ဒုက္ခတရားတွေ.. တရွေ့ရွေ့အိုခြင်းကနေ နာခြင်းဆိုတဲ့ ဒုက္ခတရားတွေကို မလွဲမသွေခံစားကြရဦးမှာပါ။ ဒီလိုမျိုး အို၊နာ၊သေဆိုတဲ့ စက်ဝိုင်းကြီးထဲကနေ မလွတ်နိုင်တဲ့အတွက်လည်း ဒီခန္ဓာကိုယ်ကြီးကို သံသရာဒုက္ခစက်ဝိုင်းကြီးတစ်ခုနဲ့ တူတယ်လို့ ထင်စားထားတာပါ။
သေတုန်းကလည်း ဒုက္ခသစ္စာနဲ့သေတယ်.. မွေးဖွားလာတော့လည်း ဒုက္ခသစ္စာနဲ့ မွေးဖွားလာတယ်.. အိုတုန်းကျပြန်တော့လည်း ဒုက္ခစ္စာနဲ့ အိုကြရပြန်တယ်။ ဒီလိုမျိုး မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဘေးလေးပါးမှာ ဒုက္ခသစ္စာနဲ့လွတ်တဲ့ တရားရယ်လို့ မရှိပါဘူး။ ဒီလိုမျိုး ဒုက္ခသစ္စာနဲ့ မလွတ်နိုင်ပဲ အဖန်ဖန်အိုကြ နာကြ သေကြတဲ့အတွက်လည်း သတ္တ၀ါတွေအားလုံးရဲ့ အစကို ဘယ်ကစခဲ့တယ်လို့တောင် အဖြေရှာလို့ မရနိုင်ခဲ့ပါဘူး။ ဒီလိုမျိုး ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေနေကြရပြီးတော့ အဖန်တလဲလဲ ကျင်လည်နေကြရတဲ့ အဓိကအကြောင်းအရင်းကတော့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ သစ္စာတရားကို မသိခဲ့ကြတဲ့အတွက်ပါပဲ။
အနာသိရင် ဆေးရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အနာပျောက်အောင် သစ္စာဆေးကို သောက်မှဖြစ်ပါမယ်။ သစ္စာဆိုတဲ့ဆေးကို သောက်မှလည်း အို၊ နာ၊ သေဆိုတဲ့ အဖန်ဖန်ဆင်းရဲရခြင်းဆိုတဲ့ အနာဆိုတာ ပျောက်မှာပါ။ ဆရာဝန်တစ်ဦးက လူနာကို ကုသပေးတဲ့အခါမှာ လူနာကိုတိုက်ဖို့ ဆေးမရှိလို့.. ဆေးမမှီလို့ မသောက်လိုက်ရဘူးဆိုတာဟာ ဘာမှမဖြစ်ပေမယ့်.. ဆေးလည်းမှီတယ်.. လူနာလည်းသောက်နိုင်ရဲ့သားနဲ့ မသောက်တာဟာ အင်မတန်ဆိုးဝါးပါတယ်။ ဒီလိုပါပဲ ဓမ္မမိတ်ဆွေများဟာလည်း ဆရာတော်က သစ္စာဆိုတဲ့ဆေးကို တိုက်ကျွေးနေတယ်.. သောက်နိုင်တဲ့ ခွန်အားလည်းရှိတယ်.. ရောဂါလည်းပျောက်နိုင်ရဲ့သားနဲ့ မသောက်တာဟာ ဘယ်လောက်ဆိုးဝါးလည်းဆိုတာတော့ မိမိကိုယ်တိုင် တွေးကြည့်စေချင်ပါတယ်။
သစ္စာဆိုတာ မိမိရဲ့ခန္ဓာမှာ တစ်ခုပြီးတစ်ခုဖြစ်ပျက်နေတဲ့ ပရမတ်တရားတွေရဲ့ သဘောမှန်ကို အမှန်အတိုင်း သိလိုက်တာ.. ဝေဒနာ တစ်ခုပြီးတော့တစ်ခု ဖြစ်ပြီးတော့ ပျက်သွားတဲ့ သဘောတရားလေးကို သိလိုက်တာ ခေါ်ပါတယ်။ မိမိခန္ဓာကိုယ်မှာ အမြဲမပြတ် ဖြစ်တာပျက်တာ ဖြစ်နေတာဟာ ဒုက္ခသစ္စာပါ။ ဖြစ်တာပျက်တာကို ကိုယ်ပိုင်ဥာဏ်နဲ့ သိလိုက်တဲ့ သဘောတရားလေးဟာ မဂ္ဂသစ္စာပါ။ ဖြစ်ချင်းပျက်ခြင်း အမှန်တရားကို သိသွားတာဟာ သစ္စာတရားကို သိသွားတာပါ။ သစ္စာကိုသိရင် သံသရာဆိုတာ မလည်တော့ပါဘူး။ ရပ်သွားပါတယ်။ ဒီလိုမျိုး သံသရာမလည်ဖို့ သစ္စာဆိုတဲ့ဆေးကို အမြဲတမ်း သောက်သုံးနေဖို့ လိုအပ်ပါတယ်။ အစားမစားရလို့ အ၀တ်မ၀တ်ရလို့ အပါယ်လေးဘုံ မသွားရပါဘူး.. သစ္စာဆိုတဲ့ ဆေးကို မသောက်ရင်တော့ အပါယ်သွားရမယ်ဆိုတာတော့ မလွဲပါဘူး…။
သစ္စာဆိုတဲ့ တရားကို နာနေတဲ့ အခါမှာ သေချာအာရုံစိုက် နားထောင်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က ဒီဆေးမှန်တယ်.. ဒီဆေးကို သောက်ပါလို့ ပေးနေတဲ့အချိန်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် မိမိအနာပျောက်ဖို့.. အနာနဲ့ဆေးတည့်ဖို့အတွက် မဖြစ်မနေသောက်ရမှာပါ။ အနာရောဂါဖြစ်နေတဲ့အချိန်မှာ လူနာဟာ ဆေးကိုရွေးချယ်ပိုင်ခွင့်မရှိသလို.. အို၊ နာ၊ သေဆိုတဲ့ ဒုက္ခတရားတွေကို ခံစားနေရတဲ့ ဓမ္မမိတ်ဆွေတို့မှာလည်း သစ္စာဆိုတဲ့ဆေးကို မသောက်ဖူးလို့ ရွေးချယ်ခွင့်မရှိပါဘူး။ ကိုယ့်ထက် သိနားလည်တဲ့ ဆရာဝန်ကတိုက်ရင်တော့ သောက်ကို သောက်ရပါမယ်။
ဓမ္မမိတ်ဆွေအပေါင်း ရသင့်ရထိုက်တဲ့ သစ္စာတရားကိုရှာကြပါလို့ အထူးအလေးအနက် မှာလိုပါတယ်။ ဆံဖျားကနေ ခြေဖျားထိ မိမိရဲ့ စိတ်အစဉ်မှာ သစ္စာတရားတွေ ပြေးနေအောင် လုပ်ဆောင်စေချင်ပါတယ်။ အချိန်ဆိုတာအကုန်မြန်တဲ့အတွက် မိမိရဲ့စိတ်အစဉ်မှာ ဖြစ်နေပျက်နေတဲ့ ဒုက္ခသစ္စာတွေကို အမြဲမပြတ် ဥာဏ်နဲ့ဆင်ခြင်ပြီး သိပေးနေဖို့ အရေးကြီးပါတယ်။ အသိဥာဏ်ဆိုတာ ကြီးတာငယ်တာနဲ့ မဆိုင်ပါဘူး.. မိမိလုပ်သင့်တဲ့အလုပ်.. မိမိအားထုတ်သင့်တဲ့အရာတွေကို အချိန်နဲ့အမျှ ကျင့်ကြံအားထုတ်ပါလို့ မှာကြားလိုပါတယ်။
သမင်တစ်ကောင်ကို လိုက်လံရှာဖွေပြီး အမဲလိုက်တဲ့ မုဆိုးဟာ တောရှင်းပြီးမှ သမင်ကို တောနင်းရှာရသလိုပါပဲ.. ပုထုဇဉ်ဆိုတဲ့ လူသားအားလုံးဟာလည်း မိမိတို့ရဲ့ စိတ်အစဉ်မှာ ဖြစ်ပျက်နေတဲ့ တကယ့်ပရမတ်တရားတွေကို ကိုယ်ပိုင်ဥာဏ်နဲ့ဆင်ခြင်ပြီးတော့ ဒုက္ခသစ္စာတွေကို တွေ့ရှိရအောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသမင်သား စားချင်တယ်လို့ အော်နေရုံနဲ့ သမင်မရနိုင်တဲ့ အတိုင်းပါပဲ.. ဒီအတိုင်း အို၊ နာ၊ သေဘေးဆိုတဲ့ ဘေးတွေက လွတ်ချင်တယ်လို့ အော်နေရုံနဲ့တော့ မလွတ်နိုင်ပါဘူး။ ဒါ့ကြောင့် မိမိသောက်ချင်တဲ့ဆေးဖြစ်စေ မသောက်ချင်တဲ့ဆေးဖြစ်စေ ဆရာဝန်က အနာပျောက်မယ်ဆိုရင်တော့ ကြိုက်ကြိုက် မကြိုက်ကြိုက် သောက်ဖြစ်အောင် သောက်လိုက်ပါလို့ အထူးမှာကြားလိုက်ပါတယ်။
သစ္စာတရားကို အများကြီးဟောကြားချင်ပေမယ့် ဓမ္မမိတ်ဆွေအပေါင်း အခြေခံလောက်ပဲ သိနိုင်လောက်အောင် ပါဋ္ဌိစာသားနည်းနည်းနဲ့ ဟောကြားသွားပါတယ်။ အကျယ်ချဲ့ ဟောမယ်ဆိုရင်တော့ အင်မတန် ကျယ့်ပြန့်တဲ့ တရားတော်ပါ။ ဆရာတော်အနေနဲ့ သစ္စာတရားဆိုတဲ့ဆေးကို ဘာကြောင့်အရေးတကြီး သောက်သင့်တယ်ဆိုတာ.. သစ္စာတရားဆိုတာ ဘုရားရှင်ပွင့်မှ နာကြားနိုင်ခွင့်ရတယ်ဆိုတဲ့ အချက်တွေကိုပဲ နားလည်သဘောပေါက်အောင် ပြောပြပေးသွားတာပါ။ မိမိကိုယ်တိုင် ကြိုးစားအားထုတ် ကျင့်ကြံမှပဲ နိဗ္ဗာန်ဆိုတဲ့ အရသာကို ကိုယ်တိုင်ခံစားနိုင်မှာဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်းကို နောက်ဆုံးမှာကြားချင်တာကတော့ ဘုရားရှင်ကိုယ်တောင်မြတ်ကြီး နောက်ဆုံးမှာကြားသွားတဲ့ ဆုံးမစကားတစ်ခွန်းအတိုင်းပါပဲ.. မမေ့မလျော့မပေါ့မဆ မြဲမြံတဲ့ သတိတရားနဲ့ ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးစားအားထုတ်ရင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. ကုသိုလ်ကိုများအောင်စုပြီး ကောင်းမှုကို များအောင်ကြံကာ သစ္စာတရားကို ရှာဖွေသောက်နိုင်ကြတဲ့ သူတော်ကောင်းသူမြတ်လောင်းများ ဖြစ်နိုင်ကြပါစေ…။
…
ဆရာတော် အရှင်ပညာနန္ဒ(ကြံခင်း)မှ တရားပွဲပြီးဆုံးသော အခါမှာ သတ္တ၀ါအားလုံးကို မေတ္တာပို့လွှတ်၍ ရေစက်ချ အမျှဝေခဲ့ပါတယ်။ ဆရာတော်ဘုရားနဲ့ ဓမ္မမိတ်ဆွေအပေါင်းရဲ့ ကုသိုလ်ကောင်းမှုတွေကို ဓမ္မမိတ်ဆွေအပေါင်းတို့အား အမျှပေးဝေအပ်ပါတယ်။ အားလုံး.. အမျှ အမျှ အမျှ.. ယူတော်မူကြပါကုန်လော့…။ သာဓု သာဓု သာဓု…။
ကျွန်တော်အနေနဲ့လည်း ဆရာတော်ဟောကြားတဲ့ တရားဓမ္မတွေကို ဓမ္မမိတ်ဆွေများ သာဓုခေါ်စေခြင်း အလို့ငှာ အတိုချုံးပြီး မှတ်မိသလောက် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ…။

0 comments:
Post a Comment