ဆွမ်းလောင်းမြင်ကွင်း
စားတော်ပဲပြုတ်နဲ့ အကြော်စုံကို ဆွမ်းဆီဆမ်းနဲ့ ဘုဉ်းပေးနေတဲ့ ကိုရင်များ
မနက် ၄ နာရီ ၅၁ မိနစ်မှာ ဆွမ်းစလောင်းပါတယ်။ ရာနဲ့ချီတဲ့ သံဃာများအတွက် ဆွမ်းဆန်နဲ့ ပဲကို ပင်တိုင် တာဝန်ယူထားတဲ့ မန္တလေးက ဒကာကိုဖြိုးနဲ့ ကိုထိုက်ရောက်လာပြီး ကိုယ်တိုင် လောင်းလှူကြပါတယ်။
အရုဏ်ဆွမ်းက စားတော်ပဲပြုတ်၊ ဆွမ်းဆီဆမ်းနဲ့ အကြော်စုံပါ။ အကြော်က ဘယာကြော်၊ တို့ဟူးကြော်... ပဲကြော်တွေ ပါပါတယ်။ နေ့ဆွမ်းက ဝက်သားနဲ့ ရွှေဖရုံသီး၊ ချဉ်ပေါင်ကြော်၊ ပဲနှပ် ဖြစ်ပါတယ်။ ချဉ်ပေါင်ရွက်က ကြာကြာခံအောင် ခြောက်ခြောက်လေး ကြော်ပေးထားပါတယ်။
စာသင်တိုက်တစ်ခုက ဆွမ်းခံသံဃာ အပါး ၃၀၀ ခန့် ကြွလာပါတယ်။မိုးမလင်းခင် ချက်ပြုတ်နှင့်ကြပြီး ဝေယျာဝစ္စ ဒကာဒကာမများက ကိုယ်တော်တွေကို အရုဏ်ဆွမ်း ကပ်တယ်။ ဆွမ်းဆီဆမ်းနဲ့ တွဲကပ်တဲ့ စားတော်ပဲပြုတ်က ငါးပြည် ကုန်တယ်။ အအီပြေ သရက်ချဉ်သုတ်ပါ ပါတယ်။ ဆွမ်းခံကိုယ်တော်တွေ စောစောကြွလာတဲ့အတွက် မနက် ၄ နာရီ မိနစ် ၅၀ မှာ ဆွမ်းစလောင်းပါတယ်။
ဆွမ်းဆီဆမ်းပေါ် စားတော်ပဲပြုတ်ဖြူး၊ အကြော်စုံနဲ့ သရက်ချဉ်သုတ် တင်လို့ မြိန်ရည်ရှည်ရည် ဘုဉ်းပေးကြပါတယ်။ အညာသား ဦးဇင်းတွေလို အစပ်ကြိုက်တဲ့ ကိုယ်တော်တွေအတွက် ငရုတ်သီးစိမ်းပါ ကပ်ထားပေးတယ်။ ငရုတ်သီးကြော် ကြော်ဖို့ စဉ်းစားပေမယ့် ကိုရင်ငယ်လေးတွေ အစပ်မစားနိုင်မှာ စိုးလို့ နှစ်သက်ရာ ကိုယ်တော် သုံးဆောင်နိုင်အောင် ငရုတ်သီးစိမ်းပဲ ကပ်တာပါ။
မိုးမလင်းခင် ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများ

တစ်ပါးကို တစ်ပန်းကန်ကျော်ကျော် နှစ်ပန်းကန် စသဖြင့် ကပ်ရပါတယ်။ ဆွမ်းရော စားတော်ပဲရော၊ အကြော်ရော လုံးဝ ပြတ်သွားပါပြီ။ သာသနာ့ဝေပုလ္လကျောင်းတိုက်က ကျောင်းနေ သံဃာတွေ အရုဏ် ဘုဉ်းပေးဖို့ပါ လုံးဝ မကျန်တော့ပါဘူး။ နေ့ဆွမ်းကပ်တဲ့ ဝက်သား-ရွှေဖရုံသီးချက်လဲ ပြောင်သွားပါပြီ။
အပြင်မှာလဲ တန်းဆွမ်းထွက်လောင်းရသေးတော့ တန်းဆွမ်းမှာ ဆွမ်းကပ်ဖို့ လူမနိုင်မနင်းတော့ ကြုံရပါတယ်။ ကျောင်းတိုက်မှာ ရှိတဲ့ ဦးပညာဝံသ စတဲ့ သံဃာတွေကိုယ်တိုင် ဝင်လောင်းကြပါတယ်။ မန္တလေးက လာလောင်းလှူပေးနေတဲ့ ဒကာကိုဖြိုးက ...
''ကျွန်တော်တို့ မန္တလေးမှာလဲ သဗ္ဗသုခ ဆွမ်းလောင်းအသင်း ရှိတယ်။ တစ်လတစ်ခါ။ မနေ့ကပဲ ဆွမ်းလောင်းတယ်။ အပါး ၄၀၀ ကွက်တိပဲ။ ၃၂ ၈၂ ထောင့်မှာ လောင်းတာပါ။ ဆွမ်းဟင်းငါးမျိုးက ပုံမှန်ပါတယ်။ ပုံမှန်က ဝက်သားပါမယ်၊ ပဲနှပ်ပါမယ်၊ ငရုတ်သီးကြော်ပါမယ်။ ငါးခြောက်ချက်ပါမယ်။ ငါးမျိုးပေါ့။ သဗ္ဗသုခက နှစ်နှစ်ပြည့်ပြီလေ''
''...အဓိကက လုပ်နိုင်မယ့် လူပဲ။ တကယ့် ဝေယျာဝစ္စတွေက ခက်တယ်။ အဓိကက ဝေယျာဝစ္စပဲ။ အလုပ်တစ်ခု လုပ်ဖို့က။ လက်တွေ့ လောင်းတဲ့လူ လိုတာကိုး။ ကျွန်တော်တို့က မေတ္တာရှင် အရှင်ဇဝနရဲ့ တပည့်တွေပါပဲ''
လို့ ပြောပါတယ်။
အရုဏ်ဆွမ်း ဘုဉ်းပေးတဲ့ သံဃာတွေ ကိုရင်လေးတွေက တောင်ပေါ် ချောင်အသီးသီး ကျောင်းအသီးသီးက ကြွလာကြရတာဆိုတော့ မနက် ၃ နာရီလောက် ကြွလာမှ သာသနာ့ဝေပုလ္လကျောင်းရှေ့ကို မနက် ၄ နာရီလောက် ရောက်ကြတာပါ။ တစ်နာရီ တစ်ချို့ကျောင်းတွေလဲ နှစ်နာရီလောက် လျှောက်ပြီး ကြွလာရတာ ဖြစ်ပါတယ်။
အရုဏ်ဆွမ်းကို တော်တော် ဘုဉ်းပေးကြပါတယ်။ ဒီနေ့ ဆွမ်းက ၁၆ ပြည် တစ်တင်းချက် ကုန်တယ်။ သပိတ်ထဲမှာ လောင်းတဲ့ နေ့ဆွမ်းက တစ်ပါးကို ယောက်ချိုဇွန်း ၂ ဇွန်းစာ လောင်းလှူပါတယ်။ ဝတ်ခွက် မရှိတဲ့ ကိုယ်တော်တွေကို ဝတ်ခွက်လဲ လှူပါတယ်။ အရုဏ်ဆွမ်းက ဦးဇင်း ၁၀၀ ကျော်နဲ့ ကိုရင်လေးတွေ ၂၀၀ ကျော် ၃၀၀ ကြား ဘုဉ်းပေးပါတယ်။ စာသင်တိုက်တွေ တန်းဆွမ်းရပ်တဲ့ သံဃာတန်းတွေကတော့ အချိန်မီ ဆွမ်းခံကြွရတာမို့ အရုဏ်ဆွမ်း စောင့်မဘုဉ်းပေးနိုင်ကြပါဘူး။ ဆွမ်းဆန် တစ်တင်းချက်၊ ပဲနှပ် လေးပြည်ချက်၊ အရုဏ် စားတော်ပဲပြုတ် ၅ ပြည် ဝမ်းမြောက်ဖွယ် အကုန်ကုန်သွားပါပြီ။
ဆွမ်းလောင်းပေးနေတဲ့ ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေးက ဒကာ ကိုထက်က...
''ရဟန်းနဲ့ မြို့နဲ့ မလောက်ဘူးလေ။ သံဃာက များနေတော့။ စာသင်တိုက်က ကိုရင်လေးတွေက ဆွမ်းခုံပြန်လာရင် စာဝါလိုက်၊ ဆွမ်းစားပြီး စာဝါလိုက် ဆက်တိုက် လုပ်နေရတာ။ စစ်ကိုင်းတောင်ပေါ် ချောင်တွေက ကိုရင်လေးတွေက ဘုံဆွမ်းကို ဦးစားပေး လိုက်တယ်လေ။ ချောင်တွေမှာ ထူးချွန်တဲ့ ကိုယ်တော်လေးတွေကို စာသင်တိုက်ကြီးတွေက ပြန်လက်ခံပေးတယ်ပေါ့။ စစ်ကိုင်းမှာတော့ စာသင်တိုက်ကောင်းကြီးတွေ တော်တော်များများ ရှိပါတယ်။ ကိုရင်တွေရော ဦးဇင်းတွေရော ထူးချွန်ကြတယ်'' လို့ ဆိုပါတယ်။
ဒကာ ကိုဖြိုးက ...
''စစ်ကိုင်းမှာ လူနဲ့သံဃာ သံဃာက များတာကိုး။ သံဃာထွက်ရပ်ရင် လူတောင် အကုန် ကုန်သွားဦးမယ်။ ပခုက္ကူနဲ့ စစ်ကိုင်းက သံဃာများတာ။ စစ်ကိုင်းက ဘာပိုများလဲဆိုတော့ တရားအားထုတ်တဲ့ ချောင်တွေ များတာ။ စစ်ကိုင်းမှာက ကိုယ်တော်တွေ အကုန်လုံးက ဆွမ်းခံထွက်လို့ မရဘူးလေ။ မြို့ခံထုနဲ့ သံဃာထု သံဃာထုက များတယ်။ ချောင်တွေ ချောင်တွေ အများကြီးမှာ သူ့ရွာက ထောက်ပံ့ထားတာ။ အဲဒါက စာသင်တိုက်ကြီးတွေဆို အဆင်ပြေတယ်။ သာမန် ချောင်သေးသေးလေးတွေက အဓိက အခက်အခဲကြုံတာက ကိုရင်လေးတွေပေါ့။ မန္တလေးက လူပုဂိုလ်များတော့ ဝေယျာဝစ္စက ပေါတယ်။ စစ်ကိုင်းက လူနည်းတယ်'' လို့ မှတ်ချက်ချပါတယ်။
အရုဏ်ဆွမ်း အကပ်ခံဖို့ မနက် အစောကြီးကထဲက တောင်ရိုးတွေကနေ ဆင်းပြီး နာရီပေါက် ကြွလာရတဲ့ ကိုယ်တော်တွေကို အရုဏ်ဆွမ်း အဝ ကပ်လှူနိုင်တာရော၊ နေ့ဆွမ်းလဲ ဝက်သား-ရွှေဖရုံသီးအပြင် ဟင်းရံများနဲ့ အဆင်ပြေပြေ စီမံပေးနိုင်တာကိုရော ဝမ်းသာကြရပါတယ်။ လောင်းလှူရတာ လူမနိုင်နင်းမှုကြောင့် တစ်ချီု့ သံဃာတွေကို မလောင်းလိုက်ရတဲ့တဲ့ကြားက ဒီနေ့ အပါး ၄၅၀ လောက် လောင်းလိုက်ရပါတယ်။
သံဃာတော်များအား မနက် အရုဏ်တက်မှာ အာဟာရ ပြည့်ဝအောင် လှူဒါန်းလုပ်ကျွေးရတာကိုရော၊ တစ်နေ့တာ စာသင် စာချ တရားအားထုတ် သာသနာ့ဝန်ထမ်းရာမှာ အထောက်အပံ့အလို့ငှာ နေ့ဆွမ်းများ ဆက်ကပ်ရတာကိုရော ပြည်တွင်းပြည်ပ အလှူရှင်များရဲ့ ဒီဒါနကောင်းမှုကို အားလုံးကို အမျှ ပေးဝေပါတယ်။

Posted by ဆွမ်းလောင်းအသင်း

0 comments:
Post a Comment