ဝါခေါင်လပြည့်- မေတ္တာအခါတော်နေ့
(လဆန်းရယ်တဲ့ငွေဘုံဆောင်---၊
ပြည့်ဝှန်းကြယ်သရဝဏ်နှင့်
နယ်တဝန်းရှစ်ခွင်တိုင်းမှာ--- မှိုင်းရီိလို့မှောင်၊
ငွေတာရာ ကြယ်သိန္ဒဝငယ်တို့ ဝေဟာမှာ အရှိန်ပြပါတဲ့၊
ချိန်ခါသမယ ဝါခေါင်မှာ--ငွေတောင်ပြည့်လွှမ်း။
ခတ္တာငုံ၊ ချပ်လွှာမှုန် တကြူကြူနဲ့
ပြည်နိဗ္ဗူ ပတ္တနာသန်လို့-----
စာရေးတံလှူတော်ပွဲကို နွှဲပျော်ဘို့လှမ်း။)
ဆိုတဲ့ ဆရာကြီးဦးပြုံးချို ရေးသားခဲ့တဲ့ လေးဆစ် သဖြန် ကလေး ဖြစ်ပါတယ်..
ဝါခေါင်လပြည့်နေ့ဟာ စာရေးတံမဲပွဲ ကျင်းပပြုလုပ်ကြသလို မေတ္တာအခါတော်နေ့ လို့လည်း သတ်မှတ်ထား ပါတယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရားလက်ထက်မှာ သံဃာအများနဲ့စပ် ဆိုင်တဲ့ ဆွမ်းအလှူကိစ္စ၊ ဝိနည်းကိစ္စ တို့တွေမှာပြဋ္ဌာန်းဆုံးဖြတ်တဲ့အခါ စာအက္ခရာပါတဲ့ ဝါခြမ်းတံ ကိုမဲနှိုက်ပြီး ဆုံးဖြတ်စေပါတယ်။ အဲဒီဝါးခြမ်း တံလေးကိုစာရေးတံလို့ခေါ်ပါတယ်။
ဘယ်ဆွမ်းဒါယိကာဒါယိကာမကတော့ ဘယ်သံဃာကိုလှူပါ ဆုံးဖြတ်လို့ မရကောင်းတဲ့ အခါမျိုးမှာ စာရေးတံနဲ့ မဲနှိုက်ဆုံးဖြတ်စေတာပေါ့..။ ဒါ့အပြင် ရဟန်းသံဃာ အသုံးအဆောင် ဖြစ်တဲ့ထီး ဖိနပ်စတာတွေကို ပါ မဲနှိုက်ပြီးမှ လှူဒါန်းစေပါတယ်..။ အလှူရှင်တွေရော ရဟန်းသံဃာတွေပါ သဒ္ဓါပီတိ ဖြစ်စရာ ဝါခေါင်လ-စာရေး တံမဲပွဲ လို့သတ်မှတ်ထား တာပါ။
မေတ္တာအခါတော်နေ့ လို့သတ်မှတ်တာ ကတော့ သည်လိုပါ..။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည် သာဝတ်္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကာလမှာ ရဟန်းငါးရာတို့သည် မြတ်ဗုဒ္ဓ ထံမှ ကမ္မဋ္ဌာန်းတရားကိုနာယူပြီး ဟိမ၀န္တာ နှင့်စပ်လျက်ရှိသော တောအုပ် ကြီးအတွင်းသို့ ဝင်ရောက်ကာ သစ်ပင်ရင်းများမှာ တရားအားထုတ်နေကြပါတယ် ။မိမိတို့နေထိုင်ရာ သစ်ပင်အောက်တွေကို ရဟန်းများရောက်လာတဲ့အတွက် ဘုမ္မစိုး ရုက္ခစိုးနတ်တွေဟာ ရဟန်းတို့ရဲ့ သီလတန်ခိုးကြောင့် နေရာဖယ်ဖယ် ပေးနေခဲ့ရလေတော့--- သူတို့ဟာ အမျိုးမျိုး၊အဖုံဖုံ ခြောက်လှန့်ပြီး ရဟန်းများမနေနိုင်အောင် အနှောင့်အယှက်ပြုကြပါတယ်။
အဲဒီအခါမှာရဟန်းများ စိတ်ချောက်ချားကာ ရောဂါများရကြပြီး ခရီးမသွားရတဲ့ ၀ါတွင်းကြီးမှာပင် ဘုရားရှင်ထံ ပြန်ပြေးကြ ရပါတော့တယ်။ ထိုအခါမှာ မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ အား မေတ္တသုတ်တရားတော်ကို ဟောဖော်ညွှန်ပြပြီး အဲဒီ တောအုပ်သို့ပြန်သွားပြီး မေတ္တဘာဝနာကိုပါ ပွားများကြရန် မိန့်တော်မူခဲ့ပါတယ်။
မေတ္တာဆိုတာကတော့တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးမြတ်စွာ အတူတကွ ပူးပေါင်းနေထိုင်နိုင်တဲ့ နှလုံးသွင်းမှု ဖြစ်နေတာကိုး--။ သည်တောအုပ်က ရဟန်းတွေအတွက် သပ္ပါယဖြစ်တဲ့နေရာ ဆိုတာ ဘုရားရှင်က သိတော်မူပါတယ်။ ဒါကြောင့် နေရာပြောင်းမပေးဘူးလေ..။ ရဟန်း ၅၀၀ အတွက် မျှတတဲ့နေရာ-- တရားရမဲ့ နေရာဖြစ်နေတာကိုး။ ရဟန်းများဟာ တောအုပ်ကိုပြန်သွားပြီး ဘုရားရှင် ဆောင်ရွက်ခိုင်းတဲ့အတိုင်း မေတ္တာ ဘာဝနာများ ပွားများကြပါတော့တယ်။
ထိုအခါမှာ ဘုမ္မစိုး ရုက္ခစိုး နတ်တွက မေတ္တာဓာတ်ကြောင့် ရန်မပြုကြတော့တဲ့အပြင် ရဟန်းတွေကို ပြုစုစောင့်ရှောက် ဖော်တောင် ရလာကြပါတယ်။ ရဟန်းများ ၀ိပဿနာ ဘာဝနာပွားများ အားထုတ်ခြင်းကို ချမ်းသာ စွာ ပြုလုပ်လာနိုင်တဲ့အတွက် မကြာမီမှာ လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာများ ဖြစ်သွားကြပါတော့တယ်..။ မေတ္တာရဲ့ အထောက်အပံ့က မဂ်ဉာဏ် ဖိုလ်ဉာဏ်ထိအောင် ဆောင်ယူနိုင်စွမ်းရှိပါတယ်။
ဘုရားရှင်သည် သာမာန်လူသားဘဝကနေ အတုမရှိ ဉာဏ်တော်ထွန်းလင်းတဲ့ ဘုရားရှင် အဖြစ်ကို ရောက်တော်မူအောင် (ဒါန၊ သီလ၊ နိက္ခမ၊ ပညာ၊ ဥပေက္ခာ၊ ခန္တီ၊ သစ္စာ၊ ဓိဋ္ဌာန၊ မေတ္တာ၊ ဝီရိယာ) စတဲ့ ဆယ်ပါးသော ပါရမီကျင့်စဉ်တွေကို ဖြည့်ကျင့်ခဲ့လို့ပါ။
ကိုယ်အပါအဝင် လူတိုင်းလူတိုင်းဟာ အချိန်ပိုင်း လူမိုက်၊ အချိန်ပိုင်း ပညာရှိ၊ အချိန်ပိုင်း လူလိမ္မာ၊ ဖြစ်နေကြတာကိုး။ မမှားဘူးသောသူဆိုတာ မရှိတာသိမျာပေါ့နော်။ ပံ့သကူသင်္ကန်း ကောက်တဲ့ ဥပမာလိုပါပဲတဲ့ ပိုင်းလော့ဆရာတော်ဘုရားဟောကြားတော်မူပါတယ်။ ကောင်းတဲ့ အပိုင်းလေး ရွေးချယ်၊ မကောင်းတာ ဖယ်ယူ အသုံးပြုကြ သလို လူတွေထံကကောင်းတဲ့အရည်အသွေးတွေ ထုတ်ယူတန်ဘိုး တတ်ရပါလိမ့်မယ်
စော်ကား တုန့်ပြန်မှ ရယ်မဟုတ်ပါဘူး၊ သူတထူးရဲ့ကျေးဇူးတရားကို မမြင်တာ၊ မမြင်ချင်ယောင်ဆောင်တာ အသိအမှတ်မပြုတာ၊ မေ့ထားတာတွေ၊ ထုတ်ဖေါ်ပြောဆိုဘို့ ဝန်လေးတာတွေဟာ ကျေးဇူးကန်းတဲ့ အပြုအမူတွေပဲဆိုတာ သတိကြီးစွာထား တတ်ရပါလိမ့်မယ်မေတ္တသုတ်ကို ဟောကြားတော်မူသော ၀ါခေါင်လပြည့်နေ့- မေတ္တာအခါတော်နေ့၊ နေ့ထူးနေ့မြတ်ကြီးမှာ ကောင်းမှုကုသိုလ်များပြုလုပ်ပြီး မေတ္တာဘာဝနာများ ပွားများအားထုတ်လို့ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆောင်နိုင်ကြပါစေ...
ပြည့်ဝှန်းကြယ်သရဝဏ်နှင့်
နယ်တဝန်းရှစ်ခွင်တိုင်းမှာ--- မှိုင်းရီိလို့မှောင်၊
ငွေတာရာ ကြယ်သိန္ဒဝငယ်တို့ ဝေဟာမှာ အရှိန်ပြပါတဲ့၊
ချိန်ခါသမယ ဝါခေါင်မှာ--ငွေတောင်ပြည့်လွှမ်း

0 comments:
Post a Comment