* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 6, 2009

စိတ်သာရှင်စော...(၂) [ALL IS MIND-by David Samuel]


All Is Mind

David Samuel

စိတ်သာရှင်စော

ဘာသာပြန်- အလှတရား




တစ်စုံတစ်ဦးက ဓားကို စားပွဲပေါ်တင်ထားတယ်။ အကယ်၍ ခင်ဗျားကသာ အဲ့ဒီဓားကို ကောက်ယူခြင်းမပြုခဲ့ဘူးဆိုရင် အဲ့ဒီဓားက ခင်ဗျားကို အန္တရာယ် ပြုနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားက ဓားကို ကောက်ယူပြီး ခင်ဗျားရဲ့နှလုံးသားထဲ ခင်ဗျားဘာသာ ထိုးစိုက်ခဲ့တယ်ဆိုရင် ဘယ်သူ့ကို အပြစ်တင်ထိုက်သလဲ။ ဒီနေရာမှာ ကို့ယို့ကားယား နိုင်တဲ့ မေးခွန်းတစ်ခုပေါ်လာတယ်။ ကျွန်တော်တို့ဟာ ဘာကြောင့် အဲဒီဓားကို အမြဲကောက်ယူပြီး မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်နေကြပါလိမ့်။


သင့်ကို တစ်စုံတစ်ဦးက လက်ဆောင် ပေးတယ်။ သင်က လက်မခံဘူးဆိုရင် အဲ့ဒီလက်ဆောင်ရဲ့ ပိုင်ရှင်က ဘယ်သူဖြစ်မလဲ။


စကားလုံးတွေကို ခင်ဗျားက ငါစွဲပါတဲ့အမြင်နဲ့ ဖွင့်ဆိုတဲ့အတွက် ကမ္ဘာလောကအပေါ် ခင်ဗျားရဲ့အမြင်ဟာ ပုဂ္ဂလဓိဋ္ဌာန်ကျလွန်းနေခြင်းဖြစ်တယ်။

ခင်ဗျားရဲ့ ငါစွဲအမြင်တွေဟာ ခင်ဗျားနဲ့ခင်ဗျားရဲ့ တုံ့ပြန်မှုတွေကြားက မျက်နှာဖုံးတစ်ချပ် ဖြစ်တယ်။ ခင်ဗျားရဲ့စိတ်နဲ့ အသိဝိဥာဉ်ထဲကို ရောက်လာတဲ့ စကားလုံးတိုင်း၊ အသံတိုင်း၊ အနံ့တိုင်း၊အမြင်အာရုံတိုင်း၊ အဖြစ်အပျက်တိုင်းဟာ ဒီပုဂ္ဂလဓိဋ္ဌာန် မျက်နှာဖုံးကို ဖြတ်သန်းပြီးမှ ခင်ဗျားဆီ အရောက်လာခဲ့ရ တာဖြစ်တယ်။

သင့်စိတ်ကူးကသာ
သင့်စိတ်နှလုံးရဲ့ အကြီးအကဲ သခင်။
လျောက်ပတ်တဲ့ တုံ့ပြန်မှုမျိုးရနိုင်ဖို့
သင့်စိတ်ကူးကို သင့်လျော်တဲ့
အစားအစာကိုသာ
ပေးပါ ကျွေးပါ။

ဒီပုဂ္ဂလဓိဋ္ဌာန်တည်းဟူသော ငါမျက်နှာဖုံးဟာ ခင်ဗျားဘ၀ရဲ့ ပထမ၀င်သက်ကတည်းက စပြီးရှိလာခဲ့တယ်။ ငါဆက်လေ့လာဖို့ မလိုအပ်တော့ဘူးလို့ ယူဆလိုက်တာနဲ့ သူပေါ်လာတယ်။ တစ်ခုခုကို ကျိန်းသေနားလည်ပြီလို့ ထင်လိုက်တာနဲ့ ခင်ဗျားဟာ ခင်ဗျားရဲ့ လေ့လာမှုကို ရပ်ဆိုင်းမယ်၊ ဒီအကြောင်းကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံ မတွေးမတောတော့ဘဲ စိတ်ကို ချိတ်ပိတ်ထားလိုက်မယ်။ ဒီအခါ ခင်ဗျားရဲ့ လေ့လာမှုဟာ ယုံကြည်မှုအဖြစ် ပုံသဏ္ဍန်ပျက်ယွင်း သွားမှာဖြစ်တယ်။

ခင်ဗျားရဲ့စိတ်ဟာ စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်မျိုး အပါအ၀င် အချက်တိုင်းအချက်တိုင်းကို နားလည်သွားပြီလို့ ကျေနပ်သွားတဲ့ အခါမှာ လေ့လာမှုလုပ်ငန်းဆောင်တာကို ရပ်ဆိုင်းလိုက်ပြီး အဲဒီအချက်ကို "ငါနားလည်ပြီးသား"လို့ အညွှန်း ထိုးထားတဲ့ သေတ္တာထဲ ထိုးကြိတ်ထည့်ထားမယ်။ ဒါဟာ ပုဂ္ဂလဓိဋ္ဌာန်စိတ်ပဲ။ ပုဂ္ဂလဓိဋ္ဌာန်စိတ်ရဲ့ သဘောက တစ်ခုခုကို ငါသိတယ်၊ ငါသိတဲ့အသိဟာလည်း မမှားနိုင်တော့ဘူးဆိုပြီး သာယာနေတတ်တယ်။ ဒီနောက် အခွင့်အခါသင့်တိုင်း သူသိတဲ့ ဖွင့်ဆိုချက်တွေကိုပဲ ဆွဲဆွဲထုတ်လာတတ်တယ်။

ခင်ဗျားရဲ့ စိတ်ကသာ အမှန်တကယ် ဓမ္မဓိဋ္ဌာန်ကျနေရင် စကားလုံးများအပါအ၀င် လက်ရှိအခြေအနေ ဖြစ်ရပ်တွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတိုင်းကို တံခါးဖွင့်ပေးထားရမှာပဲ။ ပုဂ္ဂလဓိဋ္ဌာန်ကိုင်စွဲထားတဲ့ လူကတော့ အတိတ်က အတွေ့အကြုံတွေကို သေတ္တာထဲ သိုမှီးထားပြီး သိုမှီးထားတဲ့ သေတ္တာအတွင်းကနေ အပြင်လောကကို ကြည့်ရှုတယ်။ ဓမ္မဓိဋ္ဌာန် ကိုင်စွဲထားတဲ့ လူမှာတော့ ဘာသေတ္တာမှ မရှိဘူး။

ပုဂ္ဂလဓိဋ္ဌာန် စွဲကိုင်ထားတဲ့ လူဟာ သူ့အတွေး သူ့အမြင်တွေရဲ့ အကျဉ်းသား ဖြစ်တယ်။ ဓမ္မဓိဋ္ဌာန် ကိုင်စွဲထားတဲ့ လူကတော့ အခြားပုဂ္ဂိုလ်များရဲ့ အတွေးကို လွတ်လပ်စွာ စိစစ်ရွေးချယ်နိုင်စွမ်းရှိပြီး အလိုအလျောက် ညှိနှိုင်း ပြင်ဆင် နိုင်စွမ်းရှိတယ်။

ဒီပုဂ္ဂလဓိဋ္ဌာန် ငါမျက်နှာဖုံးဟာ အခြေခံအားဖြင့် ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်နေတတ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်နေတတ်တယ်။ နေ့စဉ်ဘ၀ထဲ နေထိုင်နေသူ ဖြစ်နေတတ်တယ်။ ကျွန်တော်တို့ရဲ့ ဘ၀ထဲက အတွေ့အကြုံတွေကို ပဋိပက္ခလား ဟာမိုနီ လား၊ အဆိုးလား အကောင်းလား ဆုံးဖြတ်ပေးတဲ့ သူ ဖြစ်နေတတ်တယ်။ ဒါပေမဲ့ ဒီကိုယ်ရည်ကိုယ်သွေးဟာ ပြောင်းလဲနိုင်တယ်။ ရင့်ကျက်လာ နိုင်တယ်။ အဲ.. တသမတ်တည်းလည်း နေနိုင်တယ်။ အခုပြောခဲ့တာဟာ ဒီငါစွဲမျက်နှာဖုံး ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို နားလည်ဖို့နဲ့ သူ့ကိုရှင်းလင်းဖို့ အားထုတ်မှုဖြစ်ပါတယ်။

စကားလုံးတွေရဲ့ အာဏာသဘောကို ရိပ်စားမိတဲ့သူ၊ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ထားတဲ့ စကားလုံးတွေနဲ့ ကာလစုံ ဖြစ်ရပ်အသီးသီးကို တတ်ပွန်ပြီး၊ ယင်းတို့ရဲ့ တန်ခိုးသြဇာတွေကို ငြင်းပယ်နိုင်တဲ့ ပုဂ္ဂိလ်၊ အကြင်ပုဂ္ဂိုလ်ဟာ စော်ကားလို့ မရနိုင်တဲ့သူ၊ နာကျင်အောင်လုပ်လို့ မရနိုင်တဲ့သူ ဖြစ်တယ်။

စကားလုံးတစ်လုံးအပေါ် ခင်ဗျားရဲ့ ငါစွဲနဲ့ ဖွင့်ဆိုမှုဟာ ပဋိပက္ခနဲ့ အငြင်းပွားမှုတွေရဲ့ တကယ့်အကြောင်းအရင်း ဖြစ်တယ်။ အကြောင်းကတော့ ခင်ဗျားဟာ စကားပြောသူနဲ့ သို့တည်းမဟုတ် အခြေအနေနဲ့ သင့်လျော်လိုက်လျောတဲ့ အမြင်မျိုးနဲ့ ဖွင့်ဆိုဖို့ထက် ခင်ဗျားရဲ့ ကြိုတင်ချမှတ်ထားတဲ့ အသိအမြင်ပေါ် မူတည်ပြီး ကြားသမျှကို ဖွင့်ဆိုဖို့ အားသန်နေလို့ ဖြစ်တယ်။ ပြောစကားလုံးနဲ့ အသံအနိမ့်အမြင့်ရဲ့ နောက်ကွယ်က စစ်မှန်တဲ့ အဓိပ္ပါယ်ကို ညွှန်းဆိုနေတဲ့ အချက်အလက် အမြောက်အမြားရှိတယ်။ ဒါတွေဟာ ငါစွဲတဲ့ စိတ်တစ်လုံးက နောက်စိတ်တစ်လုံးကို ကူးလူးဘာသာပြန်ရင်းပဲ ပျောက်ဆုံးကုန်ကြတယ်။

သစ်တစ်ပင်ပြိုကျတော့မယ်။ သူ့အောက်ကနေ ထွက်ခဲ့ရင် နာကျင်မှုမှ ကင်းဝေးမယ်။ ခင်ဗျားရဲ့ တရားသေအမြင်၊ မာနအရင်းခံတဲ့ ပုဂ္ဂလဓိဋ္ဌာန် အမြင်ဟာ အဲဒီသစ်ပင်လို ခိုအောင်းမနေထိုက် စွန့်ခွာ ထွက်သွားထိုက်တဲ့ အရာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ငါ,အမြင်ဟာ လေကို ကျောက်ခဲရဲ့ စွမ်းအင်မျိုး ရရှိစေမဲ့ ခင်ဗျားရဲ့ ပြုလုပ် တွေးဆချက်လည်း ဖြစ်တယ်။ လေ က ခင်ဗျားကို နာကျင်ဖို့ မတတ်နိုင်ဘူး။ နာကျင်ဖို့ကို ခင်ဗျားလုပ်ယူတာ။

ဒါကြောင့် နှိမ့်ချဖို့ လိုပါတယ်။ သင်ဘာမှမသိတာကို သိရမယ်။ သင်ထင်မြင်သမျှနဲ့ တုံ့ပြန်ခြင်း ပြုမနေဖို့ သိရတယ်။ နှိမ့်ချမှုနဲ့ ဓမ္မဓိဋ္ဌာန်ဟာ ညီရင်းအစ်ကို ဖြစ်ပါတယ်။

အခြားသူရဲ့ စကားလုံးတွေကို ခံစားချက်နဲ့ တုံ့ပြန်မှုဟာ သင့်သတ်မှတ်မှု အပေါ် ၁၀၀ ရာခိုင်နှုန်း မူတည်တယ်။ ဒီစကားလုံးတွေ ကိုယ်နှိုက်ကို ဘာမှလုပ်နေဖို့ မရှိဘူး။ စကားလုံးတွေမှာ သင်ဖန်တီးပေးလိုက်တဲ့ အာဏာမှအပ အခြား တန်ခိုးသြဇာမရှိဘူး။
ဓမ္မဓိဋ္ဌာန်သမားအတွက် ပဋိပက္ခဟူသည် မရှိ။



လေ့ကျင့်ခန်း ၁-၁လေ့ကျင့်ခန်းက မတ်တပ်ရပ်ပြီး လုပ်ရင်ပိုကောင်းပါတယ်။ ဒါပေမဲ့ ထိုင်ပြီးပဲဖြစ်ဖြစ် လှဲပြီးဖြစ်ဖြစ် လုပ်နိုင်တယ်။ သင့်သလို လုပ်နိုင်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ်လောက် လုပ်သင့်တယ်။ ဒါပေမဲ့ ကြိုက်သလောက်များများ လုပ်နိုင်ပါတယ်။လေ့ကျင့်လေ ကောင်းလေပါ။

ခြေထောက်နာတဲ့အခါ လက်ကိုကိုက်လိုက်ရင် ခြေထောက်က အနာပျောက်သွားတယ် ဆိုတဲ့ အိုင်ဒီယာပါ။ ဦးဆုံးဝမ်းဗိုက်ကို အာရုံစိုက်နေပြီးတော့ ဝေဒနာတစ်ခုခုဖြစ်တဲ့ အချိန်အထိ စောင့်ပါ။ တစ်ခုခုခံစားရပြီ ဆိုတဲ့ အခါ နဖူးဆီကို ပြောင်းပြီး ဝေဒနာတစ်ခုခုဖြစ်တဲ့ အထိဆက်အာရုံပြုပါ။ ဒီ့နောက် ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေကို အထက်ကအတိုင်း ဆက်ပြီး အာရုံပြုပါ။ ဒါမှမဟုတ် အာရုံပြုပြီးသား အစိတ်အပိုင်းတွေကို ပြန်သွားလို့လည်း ရပါတယ်။ သင်အာရုံပြုတဲ့အခါ ဘယ်အစိတ်အပိုင်းက အဆင်မပြေဖြစ်တတ်ပါသလဲ။

တစ်နေရာမှာ ဝေဒနာ တစ်ခုခုဖြစ်တဲ့ အထိ အာရုံပြုပြီး အဲဒီနောက် အခြားတစ်နေရာကို ပြောင်းသွားဖို့ပါပဲ။ တစ်ခါလုပ်ရင် ငါးမိနစ်ဒါမှမဟုတ် ဒီ့ထက်ကြာကြာလုပ်ပေးပါ။

စကားလုံးတွေကို ခင်ဗျားရဲ့ စိတ်အခြေအနေနဲ့ ခံစားချက်တို့ကို အရင်းခံပြီး ခင်ဗျားဘာသာ အဓိပ္ပါယ်ဖွင့်ဆိုတယ်။ ခင်ဗျားချစ်မြတ်နိုးသူက ခင်ဗျားကို ထောက်ပံ့တဲ့ စကားမျိုးကို ပြောပေမဲ့ ခင်ဗျားက ထိခိုက်ခံစားရတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ခင်ဗျားက ချစ်သူရဲ့စကားကို တစ်မျိုးယူဆထားပြီးတော့ ခင်ဗျားချစ်သူဆိုလိုတာက နောက်တစ်မျိုး ဖြစ်နေလို့ပဲ။ ဖြစ်နေကျတွေပါ။

ဒါကို ရပ်ဆိုင်းဖို့ကတော့ ပုဂ္ဂလိက အခြေအနေကို အခြေတည်တဲ့ ပုဂ္ဂလဓိဋ္ဌာန် ဖွင့်ဆိုမှုတွေအစား ဓမ္မဓိဋ္ဌာန် အမြင်တွေရှိတဲ့ စကားလုံးတွေကို ဖွံ့ဖြိုးစေဖို့ပါပဲ။ အကယ်၍ စကားပြောသူက တစ်စုံတစ်ခုကို ပြောလိုက်ရင် နားထောင်သူအနေနဲ့ စကားပြောသူရဲ့ စိတ်အခြေအနေအတိုင်းပဲ စကားလုံးကို ယူဆကောက်ယူဖို့ သင့်တယ်။ နားထောင်သူရဲ့ စိတ်အခြေအနေအတိုင်း လိုက်လံကောက်ယူဖို့ မသင့်ဘူး။

စကားပြောသူဟာ စကားကို မှန်မှန်ကန်ကန်နဲ့ တလေးတစား မပြောတတ်ရင်လည်း( ဒါကလည်း မကြာခဏဖြစ်နေကျပါ) ဒီတန်ကြေးမရှိတဲ့ စကားတွေအတွက် ဓမ္မဓိဋ္ဌာန်ကျတဲ့ နားထောင်သူဟာ စိတ်မချမ်းမသာဖြစ်နေမယ် မဟုတ်ဘူး။

နားထောင်သူဟာ မလိုအပ်ဘဲ မကြာခဏ တုံ့ပြန်မှုတွေပေးတတ်တယ်။ ဘာကြောင့် မလိုအပ်ဘဲ တုံ့ပြန်ရသလဲဆိုရင် ပုဂ္ဂလဓိဋ္ဌာန် အမြင်တွေနဲ့ နားထောင်နေလို့ပဲ။ တကယ့်အနှစ်သာရရှိတဲ့ စကားတွေ စကားပြောသူဆိုလိုတဲ့ စကားတွေကိုတော့ နားမထောင်ကြဘူး။ ဘက်မလိုက်အောင် ထိန်းရမဲ့အစား တမင် တိုက်ခိုက်ပြောဆိုနေတယ်လို့ ကောက်ယူကြတယ်။ ဒါက နားထောင်သူရဲ့ အမှားပဲ။



လေ့ကျင့်ခန်း ၁-၂ သင့်စကားတွေထဲမှာ တိကျမှုကို သုံးပါ။ ရာသီဥတုပဲဖြစ်ဖြစ် ယဉ်ကြောနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ အိတ်ရဲ့အလေးချိန်နဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ အားစိုက်ထုတ်ရမှုနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ပုံကြီးချဲ့မှုကို ရှောင်ပါ။ ငါသေတော့မှာ၊ ဒင်းငါ့ကိုသတ်နေတာ၊ သောက်ရမ်းလေးတဲ့အိတ် စတာမျိုးသုံးတာ ရှောင်ပါ။

ပါးစပ်က အမှုမဲ့ အမှတ်မဲ့ ပြောနေတာမျိုးကို ရပ်။ မလျော်ကန်တဲ့ စကားလုံးတွေအစား လျော်ကန်တဲ့ စကားလုံးတွေနဲ့ အစားထိုး။ အခြားပုဂ္ဂိုလ်တွေအကြောင်းကို သင်ဘယ်လို ပြောဆိုနေသလဲ ပြန်သုံးသပ်။
မသင့်တာတွေပြောနေမိရင် ရပ်။ မရပ်ဆိုင်းနိုင်ဘူးဆိုရင် အဲဒီကိစ္စကို ပြန်လည်သုံးသပ်။ နောက်ဆိုရင် ဆင်ခြင်ပြီးမှ စကား ပြောတတ်လာပါလိမ့်မယ်။



စကားလုံးတွေဟာ ညစာစားတုန်းပါတဲ့ ကြက်သွန်ဖြူတွေထက် ပိုပြီးတန်ခိုးမထက်ပါ။ ပြောမှုဆိုမှုကို ထိန်းသိမ်းဖို့ လေ့လာထားခြင်းဟာ သင့်ရဲ့ နားထောင်မှုကိုလည်း တစ်လက်စတည်း ဖွံ့ဖြိုးစေနိုင်တယ်။ သင့်အတွေ့အကြုံတွေ ဗဟုသုတတွေကို မေ့ပစ်လိုက်ပါ။ လက်ရှိအခြေအနေနဲ့ ရလာဒ်တွေကိုပဲ ကြည့်ဖို့စိတ်ကူးပါ။

continue... အခန်း(၂)အဖြစ်အပျက်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP