* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 4, 2009

*ဘုန်းဘုန်းသို့ပေးစာ (၁၀) (အော်… မေတ္တာဆိုတာ ဒါပါလား)*


ဘုန်းဘုန်း… မင်္ဂလာပါ…

နေကောင်းလား ဘုန်းဘုန်း… ဖိုးသား ဘုန်းဘုန်းတို့ အကြောင်း စဉ်းစားမိတိုင်း ကျန်းမာစေကြောင်း မေတ္တာ ပို့သရင်း ဦးခိုက်လျက်ပါ ဘုန်းဘုန်း…

ညက ဖိုးသား တရားလေး နာဖြစ်တယ် ဘုန်းဘုန်း… ပိုင်းလော့ ဆရာတော် ဘုရားကြီး ဟောတာပါ… ဆရာတော် ဘုရားကြီးကတော့ ပိုင်းလော့ ဆရာတော် တရားလို့ မသုံးနှုန်း စေလိုပါဘူး… ဘာလို့လဲ ဆိုတော့ ယောဂီတွေ အကြား ကွဲလွဲမှု လေးတွေ ဖြစ်မှာ စိုးလို့ပါတဲ့… ဘယ်သူမေးမေး ဘုရား တရားတော်တွေကို ဟောတာပါလို့ သုံးနှုန်းပါတဲ့… ဖိုးသားလေ အဲဒီ တရားလေး နာလိုက်တော့ မှပဲ မေတ္တာဆိုတဲ့ သဘောကို ထဲထဲဝင်ဝင် သဘောပေါက် တော့တယ် ဘုန်းဘုန်း… အရင်ကကော မသိဘူး လားလို့ ဘုန်းဘုန်းတို့ မေးလေ မလားပဲ… သိတော့ သိတယ် ဘုန်းဘုန်း… ဒါပေမယ့်လည်း ခုလောက် နှိုက်နှိုက်ချွတ်ချွတ် ခံစားသိနဲ့ သိတာကတော့ ဒါဟာ ပထမဆုံးပါပဲ ဘုန်းဘုန်း…

တကယ်တန်း ကျတော့ ဖိုးသား တို့က နီးနီးလေးနဲ့ ဝေးနေတာပါ… မေတ္တာဆိုတဲ့ သဘောကို မြတ်စွာ ဘုရားက မေတ္တသုတ်မှာ ဟောပြီးသားပဲ… ဒါကို သိရက်နဲ့ ဖိုးသားတို့ မေတ္တာကို အဓိပ္ပါယ် အမျိုးမျိုး လျှောက်ဖွင့် နေမိတာပါ ဘုန်းဘုန်း… တကယ်တော့ မေတ္တာဆိုတာ ဒီလူ၊ ဒီသတ္တ၀ါရဲ့ မိခင်နေရာ အမေနေရာ ကနေ အစားထိုးပြီး ၀င်ရောက် ခံစားတာကိုး ဘုန်းဘုန်း…

ဖိုးသား မေတ္တသုတ် ပါဠိလိုကတော့ ကျောင်းက ဆရာ၊ ဆရာမတွေ ကျေးဇူးကြောင့် ငယ်ငယ် ကတည်းက ရနေတာပါ… အနက် အဓိပ္ပါယ်ကိုတော့ ဒီရောက်မှ ကျက်မိတာပါ ဘုန်းဘုန်း… ဒါတောင်မှ ပါဠိနဲ့ အနက်ကို မတွဲမိသေးပါဘူး ဖိုးသား… ပါဠိသက်သက် အနက်သက်သက် အဲဒီလိုကြီး ရနေတာ ဘုန်းဘုန်း… မိခင်မေတ္တာလို မေတ္တာမျိုး ဆိုတာကို ရွတ်သာ ရွတ်နေတယ်.. ခုလောက်ထိ မခံစားမိဘူး ဘုန်းဘုန်း… တကယ်… ဘုန်းဘုန်း ဖိုးသားကို ဝေးတယ် ပြောလည်း ခံရမှာပါပဲ…

ဆရာတော် ကြီးက ညက မေတ္တာ သဘောကို ခုလိုလေး ရှင်းပြသွားတယ် ဘုန်းဘုန်း… ဖိုးသားလည်း အဲဒီ နေရာကနေပဲ တော်တော်လေး မေတ္တာ သဘောကို သိသွားတာ… ဘယ်လိုလေးလဲ ဆိုတော့… ဆရာတော်ကြီးရဲ့ ဒကာမ တစ်ဦးမှာ သားတစ်ယောက် ရှိတယ်တဲ့… အဲဒီသားက တော်တော်ဆိုး ဆိုပဲ ဘုန်းဘုန်း… ဆရာတော်ကြီးက အဲဒါလေး ကြားလို့ အဲဒီ ဒကာမကို “ဒကာမကြီးရဲ့ သားက ဆိုးတယ်ဆို” လို့ မေးမိတယ်တဲ့… အဲတော့ အဲဒီ ဒကာမက ဘယ်လို ဖြေမယ် ထင်သလဲ ဘုန်းဘုန်း… “သားလေးက ဆိုးတာ မဟုတ်ပါဘူး ဘုန်းဘုန်းရယ်… အပေါင်းအသင်း ဖျက်လို့ပါ” တဲ့… ဆရာတော် ကြီးလည်း ဘာမှ မပြောတော့ပဲ မိဘ မေတ္တာ ဆိုတာ ဒါပါလားလို့ တွေးမိသတဲ့ ဘုန်းဘုန်း… နောက် တစ်ခါကျတော့ ဒီဒကာမကြီးကို ခုန သူ့သားက ပြန်အော်တယ် ဆိုတာ ကြားမိတယ်တဲ့… အဲလို ကြားတော့ ဆရာတော် ကြီးက ဒီ ဒကာမ ကြီးကို “ဒကာမကြီး… ဒကာမကြီးသားက ဒကာမကြီးကို ပြန်အော်တယ်ဆို… အဲဒါ ဟုတ်လား” လို့ မေးမိပြန် တယ်တဲ့… ဒီတစ်ခါကော ဘယ်လို ပြန်ဖြေမယ် ထင်လဲ ဘုန်းဘုန်း… “သားလေးက ပြန်အော်တာ မဟုတ်ပါဘူး ဘုန်းဘုန်းရယ်… အပြော မတတ်တာပါ” တဲ့လေ… အဲလိုဖြေတယ်တဲ့ ဘုန်းဘုန်း… ဆရာတော် ကြီးလည်း အဲဒီတော့မှ အော် ဘုရားဟောတဲ့ မေတ္တာဆိုတာ ခုလိုမျိုး သတ္တ၀ါတွေကို သားသမီး နေရာထားပြီး ကိုယ့်သားသမီး ဘာလုပ်လုပ် အပြစ်မမြင်ဘဲ အချစ်ဝင်နိုင်တဲ့ မိခင် မေတ္တာမျိုးပါလား ဆိုပြီး ထဲထဲဝင်ဝင် သဘောပေါက် တယ်တဲ့…

နောက်တစ်ခု ကျတော့… ဆရာတော် ဘုရားကြီးမှာ ညီမ တစ်ယောက် ရှိတယ်တဲ့ ဘုန်းဘုန်း… အဲဒီ ညီမရဲ့ ကလေးက ငိုတော့ ဆရာတော် ကြီးက “ဟဲ့ နင့်ကလေးက ငိုလှချည်လား” လို့ မေးတယ်တဲ့… အဲဒီတော့ ဆရာတော် ကြီးရဲ့ ညီမက “ဒါ နို့ဆာလို့ ငိုတာ ဘုန်းဘုန်း” လို့ ပြောပြီး ကလေးကို နို့လည်း တိုက်လိုက်ရော ကလေးက ငြိမ်သွား တယ်တဲ့… နောက် တစ်ခါ ကလေးက ငိုပြန်တော့ ဆရာတော်ကြီးက “နင့်ကလေး ငိုပြန်ပြီလို့” ပြောတော့ “ဒါက သေးပေါက်၊ ချေးယိုလို့ ငိုတာပါ” လို့ ပြောသတဲ့.. အမှန် တကယ်လည်း ကလေးက သေးပေါက်၊ ချေးယို ထားတာပါတဲ့ ဘုန်းဘုန်း… အဲဒါလေးကို ဆေးကြော သုတ်သင်လိုက်ရော.. ကလေးက အငို တိတ်သွား တယ်တဲ့… အဲ နောက်တစ်ခေါက် ကလေးက ငိုပြန်တာ ကျတော့ ဆရာတော် ကြီးရဲ့ ညီမက “ဒါကတော့ ဗိုက်နာလို့ ငိုတာပါ” လို့ ပြောပြီး ကလေးကို ပရုတ်ဆီလိုမျိုး အရာ လိမ်းပေးလိုက် တယ်တဲ့ ဘုန်းဘုန်း… အဲဒီတော့မှ ကလေးက အငိုတိတ် သွားတယ်တဲ့…

ဆရာတော် ကြီးလည်း စကားတောင် မပြော တတ်သေးတဲ့ ကလေး တစ်ယောက်ရဲ့ ငိုသံကို ကြားရုံနဲ့ ဘာဖြစ်လို့ ငိုသလဲ ဆိုတာကို ခွဲခြားနိုင်ပြီး ပြုစု ယုယနိုင်တဲ့ မိခင်ရဲ့ မေတ္တာကို တွေးမိပြီး အံ့သြမှုနဲ့ အတူ မေတ္တာရဲ့ သဘောကို ထပ်လောင်းလို့ သဘောပေါက် သွားပြန်တယ်တဲ့ ဘုန်းဘုန်း…

ဒီနေရာရောက်တော့ ဖိုးသားလည်း နည်းနည်း အံ့သြမိ သွားတယ်… ဘာလို့လဲ ဆိုတော့ ဖိုးသားလည်း အဲလို ခံစားသိဖူးလို့ ဘုန်းဘုန်း… ဘယ်လိုမျိုးလဲ ဆိုတော့ ဖိုးသားတို့ ခုနေတဲ့ အခန်းမှာ ကြောင်လေး တစ်ကောင် လာနေတယ် ဘုန်းဘုန်း (ကြောင်လေးသာ ပြောတာပါ… အကောင်က တော်တော် ကြီးတယ် ဘုန်းဘုန်း)… ဖိုးသားကလည်း နဂိုကတည်းက ခွေးလေးတွေ၊ ကြောင်လေးတွေကို ချစ်တတ်တာက တစ်ကြောင်း၊ နောက် ခု ကြောင်လေးက တစ်ခြား ကြောင်တွေနဲ့ မတူ အသိ တရားလေး ပိုရှိတာက တစ်ကြောင်းကြောင့် ဖိုးသားတို့ အခန်းမှာ လာအိပ်လိုက်၊ လာစားလိုက် လုပ်နေတာကို ဖိုးသား ကျေနပ် နေမိတယ် ဘုန်းဘုန်း… ဘယ်လို ခံစားသိလဲ ဆိုတော့… ခုန ကလေးငိုတဲ့ အသံလိုမျိုး ဒီကြောင်လေး အသံကို ဖိုးသား ခွဲခြားသိတာ… ဒီလို အသံမျိုး အော်ရင်တော့ ဒါဟာ ဗိုက်ဆာလို့ အစာ တောင်းတာ… အဲ.. ဒီအသံ ဆိုရင်တော့ သေးပေါက် ချေးယိုချင်လို့ တံခါးဖွင့်ပေးဖို့ ပြောနေတာ စသဖြင့် ဖိုးသား ကောင်းကောင်း ခွဲခြား သိနေတယ် ဘုန်းဘုန်း… (ဖိုးသားတို့က ညဘက်အိပ်ရင် အခန်းတံခါး ပိတ်အိပ်တယ် ဘုန်းဘုန်း… ကြောင်လေး ကလည်း ဖိုးသားတို့ အခန်းထဲမှာပဲ အိပ်တယ်… ညဘက် သေးပေါက် ချေးယိုချင်ရင် ဒီကြောင်လေးက အခန်းထဲမှာ မပေါက်၊ မယိုဘူး ဘုန်းဘုန်း… တံခါးဖွင့်ပေးဖို့ အသံပေးတယ်… ဒီအသံ လေးတွေကို ဖိုးသား ခွဲခြား သိနေတာပါ ဘုန်းဘုန်း)…

ဘုန်းဘုန်းတို့က ဒီအသံဟာ ကြားပါများလို့ အသံ ကျက်မိ နေတာလို့ ဆိုချင် ဆိုမပေါ့… ဒါပေမယ့်လည်း ဖိုးသား တကယ့်ကို မေတ္တာဓါတ်နဲ့ ခံစားသိပြီး… တံခါးဖွင့်ပေး တာတို့၊ အစာကျွေး တာတို့ကို မေတ္တာဓါတ် အပြည့်နဲ ပြုမူ လုပ်ဆောင်တာပါ ဘုန်းဘုန်း… တကယ့်တကယ် မိခင် မေတ္တာဓါတ်မျိုး ကိုတော့ ဖိုးသား မမှီသေးပါဘူး၊ မထားနိုင် သေးပါဘူး… မှီနိုင်အောင်တော့ ကြိုးစား နေပါတယ် ဘုန်းဘုန်း…

မိခင် မေတ္တာလိုမျိုး သတ္တ၀ါတိုင်း အပေါ် ထားရမယ် ဆိုပေမယ့် တခါတလေ တော့လည်း လူတွေရဲ့ လှည့်ဖျားမှု၊ သတ္တ၀ါတွေလို မရိုးသားမှု၊ ကောက်ကျစ်မှု လေးတွေကို တွေ့ရ မြင်ရ ပြန်တော့ မေတ္တာဓါတ်က ပျက်ပျက် သွားတယ် ဘုန်းဘုန်း… ဖိုးသား များများ မပွားလို့နဲ့ တူပါတယ်… ဒါပေမယ့်လည်း ခုဆို ဖိုးသား အဲဒီလို စိတ်ထဲက မေတ္တာ ပျက်မိသွားရင် မေတ္တာ ကရုဏာ ကြီးမားလှတဲ့ မြတ်စွာ ဘုရားရှင်ကို ကြည်ညိုမှုနဲ့ အတူ သတိရမိပြီး အော်… ငါ ဘုရားစကား အပြည့်အ၀ နားမထောင်နိုင် သေးပါလားလို့ ဆင်ခြင်မှုနဲ့ အတူ မေတ္တာ မပျက်အောင် တော့ ကြိုးစားပြီး ပြန်ထိန်းပါတယ် ဘုန်းဘုန်း… ဒါပေမယ့်လည်း ရတစ်ချက်၊ မရတစ်ချက်ပါပဲ ဘုန်းဘုန်း။

ဖိုးသားလည်း စိတ်ထဲ ပေါ်တာလေးတွေ လျှောက်ရေးတာ တော်တော် များသွားပြီ ထင်တယ်… မှားတာလေးတွေ၊ လိုတာလေးတွေ ရှိရင်လည်း ဖိုးသားကို ဘုန်းဘုန်းတို့ လမ်းညွှန်လို့ သွန်သင် ပေးပါနော… တစ်ချို့ အရာလေးတွေ ကျတော့လည်း ဖိုးသား စိတ်ထဲကနေ ခံစား သိနေပေမယ့် စာအဖြစ် ချရေးမယ် ဆိုတော့ မရေးတတ်တာ လေးတွေလည်း ရှိနေတယ် ဘုန်းဘုန်း… ဘာပဲပြောပြော မေတ္တာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် ကိုတော့ အရင်ကထက် ပိုပြီး ခံစား သိခွင့် ရသွားလို့ မူလ တရားပိုင်ရှင် မြတ်စွာ ဘုရားရှင်နဲ့ အတူ ဒီတရားတွေကို ဒကာ ဒကာမတွေ သဘောပေါက် နားလည်အောင် ဟောပြော လမ်းညွှန်နေတဲ့ ဘုရား သားတော် ဘုန်းဘုန်းတို့ကို ကျေးဇူး တင်သမှုနဲ့ အတူ ကြည်ညိုဦးတိုက် ခြေတော် အစုံကို ဦးခိုက်မိ ပါတယ် ပြောရင်တော့ ဖိုးသား လွန်မယ် မထင်ပါဘူးလေ…

ဘုန်းဘုန်းတို့ ကျန်းမာပါစေ။


လေးစား ရိုသေစွာ ဦးတင်လျက်
ဖိုးသား
7/3/2009, FRI:, 3:06:37 PM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP