* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, July 19, 2009

*သာသည့်မြေသို့ (သို့) ကျွန်တော်တွေးကြည့် စဉ်းစားမိသည်*


*သာသည့်မြေသို့*

အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ သူ့ခြံမှာ။

ငါ့ခြံ ကြည့်ပြန်တော့
မချိ ပူပွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခေယှက်
အားပျက်စရာ။

သူ့စခန်း
သာဆန်း ရဂုံသွင်မို့
ငါလှမ်းကာ ခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်း ရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။

သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လေ
င့ါခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။

(ငွေတာရီ)

++++++++++++++++++++++++++++++++++++++

ဒီကဗျာလေးက အစ်ကိုတစ်ယောက် ကျွန်တော့်ကို ပို့ပေးလိုက်တာပါ။ ပို့မှ ဖတ်ကြည့်တော့ ဟိုးအရင်က ဖတ်ဖူးပြီးသား လေးမှန်း သတိရတယ်..။ ဒီကဗျာကို ရေးသူက အင်္ဂလန် ရောက်စဉ်က ရေးတာလို့ ဆိုပါတယ်…။ အင်္ဂလန်နဲ့ မြန်မာပြည်ကို ခြံနှစ်ခြံကပ် အနေနဲ့ ရေးထားတာ ပါတဲ့..။

ဒီ အစ်ကို ပြောလို့သာ ကျွန်တော် သိလိုက်တာ.. ဒီကဗျာကို ဖတ်ဖတ်ချင်း ကျွန်တော် တွေးမိလိုက် တာက အဲလို မဟုတ်ဘူး..။ ကဗျာ တစ်ပုဒ်လုံးကို တရားသဘောနဲ့ ယှဉ်လိုက်မိတာ..။ ပုဂ္ဂိုလ် နှစ်ဦးကို ယှဉ်မိတယ်ပဲ ပြောကြပါစို့။ တစ်ဦးက ဒါန အဖူးအညွန့် အခက် အလက်တွေနဲ့ စုံညီ လှပနေတယ်၊ သီလပန်း ရနံ့တွေကလည်း လေစုန် အရပ်သာမက လေညာ အရပ်ထိပါ မွှေးရနံ့ သင်းပျံ့ နေတယ်ပေါ့၊ ဒါတင် မကသေး ဘာဝနာ ပွင့်လွှာ တွေကလည်း ယှက်ဖြာ ညီညာ လှပတင့်ဆန်း နေလိုက်တာ… မီးခိုးမဆုံး မိုးမဆုံး။

ဒီလို အဖူး အခက် ပွင့်လွှာ ရနံ့တွေ သင်းဖြာ နေတဲ့ ပုဂ္ဂိုလ်ကို ဒီလောက်မှ ဒါန အဖူးအညွန့်တွေ မဝေစီ၊ သီလ ရနံ့တွေ မသင်းပျံ့၊ ဘာဝနာ ပွင့်လွှာတွေလည်း ခက်ဖြာ လှပမှု လျော့နည်းနေတဲ့ ပုဂ္ဂိုလ် တစ်ဦးက တွေ့မြင်မိပြီး အားကျ နေတယ်ပေါ့လေ.. အဲလိုလေး တွေးမိလိုက်တယ်..။ အားကျရုံပင် မဟုတ်၊ ဒီပုဂ္ဂိုလ်လိုပဲ ဖြစ်ချင်စိတ်တွေ၊ ဒါန၊ သီလ၊ ဘာဝနာ ဝေဖြာ ပွင့်လန်း ချင်စိတ်တွေ ဒီလူ့သန္တာန်မှာ ဖြစ်ပေါ် လာတယ်ပေါ့။

ဒါပေမယ့်လည်း နောက်ဆုံး ဒီလူ စဉ်းစားမိလိုက် တာက.. အော် ငါလည်း သူများ အားကျနေရုံနဲ့ မတော်ပေဘူး၊ သူ့ရဲ့ စိတ်ဥယျာဉ် ခြံကြီးထဲမှာ ဒါန၊ သီလ၊ ဘာဝနာ ပွင့်လွှာ ပန်းရုံတွေ ဖြူဖြူပြာပြာ ပွင့်နေလို့ရှိရင် ငါ့စိတ် ဥယျာဉ်မှာလည်း ဒီပုဂ္ဂိုလ်လိုပဲ ဒါန၊ သီလ၊ ဘာဝနာ အဖူးအညွန့် နီနီဝါ၀ါတွေနဲ့ တင့်အောင် လုပ်မယ်ဆိုတဲ့ စိတ်အားတွေ တက်ကြွလာတယ်..။ အဲ.. အဲဒီမှာလည်း ဒီလူ ထပ်တွေး မိတာက သူ့လို ဖြစ်ချင်ရင်တော့ ဒီအတိုင်း ငြိမ်ထိုင်နေလို့တော့ မဖြစ်ချေဘူး၊ ဒါန၊ သီလ၊ ဘာဝနာ ပန်းတွေ လှိုင်လှိုင် ပွင့်ချင်ရင် ဒီ ဒါန၊ သီလ၊ ဘာဝနာ ပန်းတွေ လန်းလန်း ဆန်းဆန်း ဖူးပွင့်စေမှုကို ဟန့်တားနေတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ပေါင်းပင် ခပ်ကြမ်းကြမ်း တွေကို နှေးနှေးကွေးကွေး လေးကန်မနေဘဲ ၀ီရိယလေး အားစိုက်လို့ မြန်မြန်ဆန်ဆန် နုတ်သင် ရှင်းလင်း ဖယ်ရှားရမယ် ဆိုတဲ့ အတွေး ဒီလူ့စိတ်ထဲမှာ တွေးတော ပေါ်ပေါက် လာတယ်ပေါ့.. ကျွန်တော် အဲလိုလေး တွေးတော ဆင်ခြင် မိလိုက်ပါတယ်…။

အော်… ခုတလော ဘာပဲမြင်မြင်၊ ဘာပဲဖတ်ဖတ် တရားနဲ့ ယှဉ်နေမိပြန် တော့လည်း အခက်သား..။ ဒီလို တွေးတော ဆင်ခြင်ဉာဏ် တွေကို ထွန်းတောက် စေတဲ့ မဟာကရုဏာရှင် မြတ်စွာ ဘုရားရှင်နဲ့ တကွ တရားတော်တွေရဲ့ ဂုဏ်ကျေးဇူး၊ နောက် ဒီတရားတော် တွေကို ဟောပြောညွှန်ကြား လမ်းပြပေးကြတဲ့ ဆရာတော် သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူး ဒါတွေကိုလည်း မျှော်မှန်းတမ်းတ ကြည်ညို ဦးခိုက်မိပါရဲ့…။

စာရှုသူတို့ကိုလည်း ကိုယ့်စိတ်ခြံမြေ ဥယျာဉ်မှာ ဒါန၊ သီလ၊ ဘာဝနာ ပန်းပွင့် ပန်းခက် ပွင့်ရွက်တွေ ဖြူဖြူပြာပြာ နီနီဝါ၀ါ လှလှပပ ကြွကြွရွရွ ပွင့်လန်းအောင် ကြိုးစားနိုင် ကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း…။

++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်
ဖိုးသား

7/19/2009, SUN:, 12:22:11 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP