* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 29, 2009

ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌...

အဝုဋ္ဌိကသုတ် - (မိုးမရွာခြင်း)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့
ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊
အဘယ်သုံးယောက်တို့နည်း-

၁။ မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊
၂။ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့်တူသော ပုဂ္ဂိုလ်၊
၃။ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်တို့တည်း။

မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်...

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကို လည်းကောင်း၊ အဝတ်ကို လည်းကောင်း၊ ယာဉ်ကို လည်း ကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ဆီမီးကို လည်းကောင်း ပေးလှူ တတ်သူ မဟုတ်၊ ရဟန်းတို့ မရွာသော မိုးနှင့်တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။

တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ...

ရဟန်းတို့ ဤလောက ၌ အချို့သော ပုဂ္ဂိုလ်သည် အချို့သော သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်း အဖျော်ကို လည်းကောင်း၊ အဝတ်ကို လည်းကောင်း၊ ယာဉ်ကို လည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လည်းကောင်း ပေးလှူတတ်သူဖြစ်၍ အချို့တို့အားကား ပေးလှူတတ်သူ မဟုတ်၊ ရဟန်းတို့ တစ်စိတ် တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။

အရပ်အားလုံးကို ပျံ့နံှ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ...

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်း အဖျော်ကို လည်းကောင်း၊ အဝတ်ကို လည်းကောင်း၊ ယာဉ်ကို လည်း ကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကို လည်းကောင်း ပေးလှူ တတ်၏၊ ရဟန်းတို့ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့်တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။

ရဟန်းတို့ ဤသုံးယောက်သော ပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှား ရှိကုန်၏၊
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် ထမင်း အဖျော် ဘောဇဉ်ကို ရ၍ သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်း စားတို့ကို ထမင်း အဖျော်ကို လည်းကောင်း၊ ဘောဇဉ်ကို လည်းကောင်း ရသည် ဖြစ်လျက် မဝေဖန်၊ စင်စစ် ထိုသို့ သဘောရှိသော ထိုယောက်ျားယုတ်ကို မရွာသော မိုးနှင့်တူသူဟု ဆိုကုန်၏။

အကြင်သူသည် အလှူခံ အချို့တို့အား ပေးလှူ၏၊ အလှူခံ အချို့တို့အား မပေး လှူ၊ ထိုသို့ သဘောရှိသော သူကို ပညာရှိတို့သည် ကွက်ကျားရွာသော မိုးနှင့် တူသူဟု ဆိုကုန်၏။

ထမင်းရလွယ်သည့် စကားကို ပြောတတ်သော အလုံးစုံသော သတ္တဝါတို့ကို သနား စောင့်ရှောက်တတ်သော ယောက်ျားသည် နှစ်သက်ရွှင်လန်း ဝမ်းမြောက် သည်ဖြစ်၍ ဖြန့်ကြဲ ပေးလှူတတ်၏၊ ပေးလိုက်ကြပါကုန်၊ ပေးလိုက်ကြပါ ကုန်ဟု ဆိုတတ်၏။

မိုးသည် ထစ်ကြိုးမြည်ဟည်း၍ ရွာပြီးလျှင် ရေဖြင့် စီးလျက်သာလျှင် ကြည်းကုန်း ကို လည်းကောင်း၊ ချိုင့်ဝှမ်းရာကို လည်းကောင်း ပြည့်စေ သကဲ့သို့ ဤအတူ သာလျှင် ဤလောက၌ ထိုသို့ သဘောရှိသော အချို့ပုဂ္ဂိုလ်သည် တရားသဖြင့် စုဆောင်း၍ ထကြွမှု လုံ့လကြောင့် ရသော ဥစ္စာကို ရှေ့မှောက် ရောက်လာ ကုန်သော သူဖုန်းစားတို့အား ထမင်း အဖျော်ဖြင့် ရောင့်ရဲစေ၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 75

၆ - အဝုဋ္ဌိကသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP