* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 14, 2009

ဧည့်သည်

ဧည့်သည်ခန်း … တဲ့။

ဆရာမ ဒေါ်တူးတူးမြင့်သိန်းက မည်သို့အဓိပ္ပါယ် ဖွင့်ဆို၍ နာမည်ပေးထားသည်မသိ။ ကျွန်တော့်ဘက်ကမူ ထိုဝေါဟာရ စကားလုံး သုံးခုတွဲ၏ နောက်ကွယ်၌ အဓိပ္ပါယ်တွေ အများကြီးရှိနေသည်ဟု ထင်မြင်မိပါသည်။ ပထမဦးစွာ လောကအ ကြောင်းအရာဘက်မှ၊ လောကီလူမှု ဆက်ဆံရေးနယ်ပယ်မှ ကြည့်ကြပါစို့။ ဧည့်သည်နှင့် အိမ်ရှင်။ အိမ်ရှင်ရှိ၍ ဧည့်သည် ရှိရသည်။ တစ်ဖန်ဧည့်သည်ရှိ၍ အိမ်ရှင်ဆိုတာလည်း သတ်မှတ်ထားရသည်။ ဧည့်သည်ဟူသည် အိမ်ရှင်တစ်ဦးပိုင် ဆိုင်သော နယ်မြေ၊ ၀င်းခြံ၊ အိမ်အတွင်းသို့ အိမ်ရှင်၏ခွင့်ပြုချက်ဖြင့်သာ ၀င်ရမည်။

ထို့အပြင် ဧည့်သည်ဘက်က ဧည့်သည် စည်းကမ်းတွေ လိုက်နာရမည်။ ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားရ။ အိမ်တွင်းကိစ္စတွေ ၀င်ရောက်မစွက်ဖက်ရ။ ယုတ်စွအဆုံးအိမ်ထဲဝင်၍ ကြည့်ရှုလိုပါလျှင် အိမ်ရှင်ကို ခွင့်တောင်းရမည်။ အိမ်ရှင်၏ ခွင့်ပြုချက် သို့မဟုတ် အိမ်ရှင် ကိုယ်တိုင် လိုက်လံပြသခြင်းဖြင့်သျာာအိမ်တွင်းကိစ္စအချို့တစ်ဝက်ကို သိခွင့်ရမည်။ ဒါတောင်မှ အိမ်ရှင်နှင့် နှစ်ပေါင်း အတော်ကြာ ရင်းနှီးခင်မင်ခွင့်ရပါမှ။ သို့မဟုတ်လျှင် ဧည့်သည်သည် အိမ်တစ်အိမ်၏ သတ်မှတ်ထားသော ဧည့်ခန်း သို့မဟုတ် ဧည့်သည်ခန်း၌သာ ထိုင်နေပေရော့။

အိမ်ရှင်က ဧည့်သည်ခန်း၌ ထိုင်နေသော ဧည့်သည်ကို ထွက်တွေ့မည်။ လာရင်းအကြောင်း ကိစ္စကို မေးမြန်းမည်။ လုပ်ငန်းကိစ္စတွေ ဆွေးနွေးမည်။ ၀တ္တရားကျေပွန်သော အိမ်ရှင်ဆိုပါက ဧည့်သည် သည် အိမ်ရှင်ဧည့်ခံကျွေးမွေးသမျှကိုလည်း ဧည့်သည်ခန်း အတွင်း၌ စားသောက်နိုင်သည်။ အိမ်ရှင့်ဘက် ကလည်း အိမ်ရှင့်စည်းကမ်းတွေ ရှိရမည်။ဧည့်သည်ကို ကောင်းမွန်စွာ ဧည့်ခံမည်၊ ချိုသာယဉ်ကျေးစွာ ဆက်ဆံမည်၊ တစ်ကြိမ်မျှ မထိတွေ့သေးသော ဧည့်စိမ်းဖြစ်နေလျှင် လာရင်းကိစ္စအကျိုးအကြောင်းကို စိတ်ပါဝင် စားစွာမေးမြန်းမည်။ မရှိဘူး၊ မသိဘူး၊ နောက်မှလာဟု ရေးကြီးသုတ်ပျာ နှင်ထုတ်ခြင်းမျိုး မရှိစေရ။ ယုတ်စွအဆုံး ဧည့်သည်ဘက်မှရော၊ အိမ်ရှင်ဘက်မှရော အပြန်အလှန် မေတ္တာတွေထား၊ မေတ္တာတွေ ပွားလေလျှင် အိမ်ရှင်နှင့်ဧည့်သည် ဆက်ဆံရေးနယ်ပယ်သည် ညီညွတ်လှပသော သင်္ကေတကလေးတစ်ခု ဖြစ်ထွန်းလာပေမည်။

ဤသည်မှာ လူမှုပတ်ဝန်းကျင်သို့ လှမ်းကြည့်ဖြစ်သော ဧည့်သည်နှင့်အိမ်ရှင်တို့၏ အနေ အထား။ တစ်နည်းအားဖြင့် ပုဂ္ဂိုလ်ရေးရာ၊ ပုဂ္ဂိုလ်တို့၏ကိစ္စ။ ဓမ္မဘက်မှ လှမ်းကြည့် သောအခါ သဘာဝတရားကြီးသည် အိမ်ရှင်ဖြစ်သည်။သုံးဆယ့်တစ်ဘုံသား သတ္တ၀ါ အနန္တတို့ကား ဧည့်သည်တွေ ဖြစ်သည်။ သုံးဆယ့်တစ်ဘုံ သားတို့တွင် လူသည် အသိဉာဏ်အရှိဆုံး၊ စွမ်းရည် အထက်မြက်ဆုံး ပုဂ္ဂိုလ်အဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ လူ့ဘ၀ကို အရင်းတည်၍သာလျှင် စကြ၀ဠာအနန္တ၏ အနှိုင်းမဲ့ပုဂ္ဂိုလ်ဖြစ်သော မြတ်ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်နိုင်သည်။ ဤသည့်အနှိုင်းအဆမှာ ကျယ်ပြန့်လွန်းလှသဖြင့် မြင်ကွင်းကို အနည်း ငယ်ချုံ့ကြည့်ချင်ပါသည်။


ကမ္ဘာမြေကြီးနှင့် လူသား။


ကမ္ဘာမြေကြီးကား အိမ်ရှင်၊ လူသားများကား ဧည့်သည်။လွန်ခဲ့သော နှစ်သန်းပေါင်းများ စွာကပင် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးသည် ရေ၊ မြေ၊လေ၊ မီး၊ ဓာတ်ကြီးလေးပါး ပေါင်းစပ်ဖွဲ့စည်းမှုဖြင့် စကြ၀ဠာအတွင်း၌ ဂြိုဟ်တစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဤကမ္ဘာကို ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာဟု သဗ္ဗညုတဘုရားရှင်တို့က သဗ္ဗညုတ ဉာဏ်တော်စွမ်းအားဖြင့် ဖော်ထုတ်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော ဘုရားရှင်လေးဆူတို့သည် ဤကမ္ဘာမြေကြီးပေါ်၌ ပွင့်ထွန်းပေါ်ပေါက်ခဲ့ကြပြီး ဖြစ်သည်။

နောက်ထပ်ဘုရားတစ်ဆူပွင့်ရန် ကျန်ရှိနေသေးသည်။ အရိမေတ္တေယျမြတ်စွာဘုရား။ ကျွန်တော်တို့သည် လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀) ကျော်က ပွင့်ထွန်း ပေါ်ပေါက်ခဲ့သော ဂေါတမမြတ်စွာဘုရား၏ ဓမ္မအမွေအဖြစ် ချန်ထားရစ်ခဲ့သော ဓမ္မက္ခန္ဓာ(၈၄၀၀၀) မှတစ်ဆင့် သဘာဝဓမ္မများကို သိခွင့်ရနေသည်။ သည့်မတိုင်မီ ပွင့်တော်မူပြီးခဲ့သော ဘုရားသုံးဆူတို့နှင့် ပတ်သက်သမျှမှာမူ အလှမ်း ဝေးခဲ့ပြီ ဖြစ်သဖြင့် အသေးစိတ်သိခွင့် မရနိုင်တော့။

သာသာနာနှစ် (၅၀၀၀)ကုန်ဆုံး၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်လွန်လေလျှင် ဘာတွေဆက်ဖြစ်မည်ကို ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ထွက်စကားများအရ သိထား ရပြီးဖြစ်သဖြင့် နောင်နှစ်ပေါင်း (၂၅၀၀)ကျော်၏ အနာဂတ် အရေးသည် ...။ ထားတော့။ နောင်အရေးသည် နောင်ကာလတွင် အိမ်ရှင်ကမ္ဘာမြေကြီးပေါ်၌ ဖြစ်ပေါ်လာကြဦးမည့် ဧည့်သည် ပုဂ္ဂိုလ်အသီးသီး၏ အရေးကိစ္စ။ ကျွန်တော်တို့၏ အရေးကိစ္စကား ယခုပစ္စုပ္ပန်တည့်တည့်နှင့်သာ တိုက်ရိုက်တိုက်ဆိုင်နေခြင်းကိစ္စ။ ဤနေရာတွင် မွေးခွန်းတစ်ခု မေးလိုစိတ် ဖြစ်လာမိသည်။ ဘ၀သံသရာ ရေယဉ်ကြော၌ ခန္ဓာပုံစံ တစ်မျိုးပြီးတစ်မျိုးရယူ လျက်ပေါ် ချည်မြုပ်ချည်ဖြင့် တမျောတည်း မျောခဲ့ကြသော ဧည့်သည်ပုဂ္ဂိုလ် ကျွန်တော်တို့သည် အိမ်ရှင်ကမ္ဘာမြေကြီးအပေါ်၌ ဧည့်သည်ဝတ္တရားတွေ ကျေပွန်ခဲ့ကြပြီလော ...။

ဦးစွာ အိမ်ရှင်ကမ္ဘာမြေကြီးဘက်သို့ ကြည့်-ကြည့်မည်။ သူကား သဘာဝတရားသက်သက် ဖြစ်၍ သူ့ဘက်၌ ပြောစရာစကား ဘာဆိုဘာမျှမရှိ၊ ဘာသာစကားမရှိ၊ စကားလုံးမရှိ၊ နိုင်ငံမရှိ၊လူမျိုးမရှိ၊ အယူဝါဒမရှိ၊ သူကား အကောင်အထည်ဒြပ်အဖြစ် ကိုင်တွယ်၍ရသော ပထ၀ီ၊ လှုပ်ရှားရုန်းကန် ထောက်ကန်တတ်သော ၀ါယော၊ ယိုစီးဖွဲ့စည်းတတ်သောအာပေါ၊ ပူတတ်အေးတတ်သော တေဇောတို့ဖြင့် အဓိက ပေါင်းစပ်ဖွဲ့စည်းပေးထားခြင်းမျှသာ။ တနည်းအားဖြင့် မြေဓာတ်၊ လေဓာတ်၊ ရေဓာတ်၊ မီးဓာတ်စသော ဦးဆောင်ဓာတ်ကြီး လေးပါးတို့၏ အစုအဝေးမျှသာ။ သူတို့လေးခုအနက် တစ်ခုခုလွန်ကဲလျှင် ကမ္ဘာမြေကြီး၌ တစ်မျိုးမဟုတ် တစ်မျိုး ဖောက်ပြန်လာမည်။ လေဓာတ်လွန်ကဲလာလျှင် မုန်တိုင်းများ၊ ရေဓာတ်လွန်ကဲလာလျှင် လှိုင်းလုံးများ၊ မိုးသီးမိုးပေါက်များ၊ မီးဓာတ်လွန်ကဲလာလျှင် မီးတောင် ချော်ရည်များ စသည်ဖြင့် ဗဟိဒ္ဓရုပ်အစုအဖွဲ့တို့၏ ဖောက်ပြန်မှုပြယုဂ်တွေကို တွေ့ရ မည်။ ဒါကလည်း သူ့အလုပ် သူလုပ်နေခြင်းမျှသာ။ ထိုဓာတ်တို့၏ သဘာဝကား အာကာသထဲတွင် အရှိတရားအဖြစ် တည်ရှိနေသကဲ့သို့ ခန္ဓာရ ထားသော သံသရာသားကောင် (ကမ္ဘာမြေကြီး၏ဧည့်သည် ပုဂ္ဂိုလ်) တို့၏ ခန္ဓာအတွင်း၌လည်း သဘာဝတရားအဖြစ် ကိန်းဝပ်နေသည်။တစ်နည်းအားဖြင့် ခန္ဓာပိုင်ရှင် ဧည့်သည်ပုဂ္ဂိုလ်တို့သည်လည်း ဓာတ်ကြီး လေးပါးဦး ဆောင်၍ ဖွဲ့စည်းထားသော သဘာဝအစုအဖွဲ့မျှသာ ...။


သို့ဆိုလျှင် ဘယ်က ဘယ်လိုလုပ်၍ ငါ တွေ ရောက်လာရပါသနည်း။ မရှိကို အရှိလုပ်၍ အိမ်ရှင်ကမ္ဘာမြေကြီးကို ကျူးကျူး ကျော်ကျော် စော်စော်ကားကားလုပ်ကာ အဘယ့်ကြောင့် အစိတ်စိတ်ပိုင်းလုပ်နေကြပါသနည်း။ ဒါ ငါ့နေရာ၊ ဒါ ငါ့နယ် နိမိတ်၊ ဒါ ငါ့ရဲ့တံတိုင်းအကာအရံ၊ ဒါ ငါ့ရဲ့မြေ။ အိမ်ရှင်ကမ္ဘာမြေကြီးကား ဧည့်သည်စည်းနားမလည်သော ဧည့်သည် ပုဂ္ဂိုလ်တို့ကို မော့ကြည့် သက်ပြင်းချရုံမှတစ်ပါး ဘာမျှမတတ်နိုင်တော့ပြီ။


မရှိကို အရှိဟု ထင်မှားကာ ထိုအထင်မှားကိုပင် မျက်ကန်းတွေဖြစ်သဖြင့် မရှိ ငါ ကို အရှိ ငါ လုပ်ကာ အရာရာ၌ စွဲလမ်းတပ်မက် တွယ်တာ မက်မောလိုချင်ခြင်းတည်းဟူသော တဏှာ။ ဟော-မူလနှစ်ဖြာ အ၀ိဇ္ဇာ တဏှာ တို့ကား သံသရာသားကောင်တို့၏ ထာဝရမိတ်ဆွေအဖြစ် နေရာယူလျက်သံသရာစက်ဝိုင်းကို လည်ပတ် စေလေပြီ။ မိတ်ဆွေအဖြစ် အယောင်ဆောင် ချဉ်းကပ်လာသော တဏှာနှင့် အ၀ိဇ္ဇာကို နေရာပေးမိသောအခါ သံသရာသားကောင် တို့သည်ကား မြေကြီးပေါ် ရောက်လာလိုက် မြေကြီးထဲပြန်ရောက်သွားလိုက်နှင့် လုံးလည်ချာလည်ဖြစ်နေတော့သည်။ မြေကြီးပေါ် ရောက်လာသည့်အခိုက် ကိုယ်ရပ်တည် နေထိုင်အသက်ရှင်သန်ရာ ကမ္ဘာမြေကြီးအပေါ် ကောင်းကျိုးပြုသူ အရေအတွက်ကား တစ်နေ့တခြား နည်းပါးလာသည်။

တစ်နည်းအားဖြင့် ဧည့်သည်ခန်း အတွင်း၌ လာရောက်ထိုင်နားစဉ် ဧည့်သည်ဝတ္တရားကို မသိ။ ဧည့်သည်စည်းကမ်းကို နားမလည်၊ အိမ်ရှင်ခွင့်မပေးဘဲ အိမ်ထဲအတင်းဝင်သည်။ မီးဖိုချောင်ထဲ ၀င်ချင်ဝင်သည်။ ထမင်းနှိုက်စားချင်စားသည်။ အိမ်ထဲက ပစ္စည်းတွေကို အိမ်ရှင်ခွင့် ပြုချက်မရဘဲကိုင်သည်။ ကြိုက်လျှင်ယူသည်။ မကြိုက်လျှင် ဖျက်ဆီးသည်။ တစ်အိမ်လုံး မွမွခြေပစ်သည်။ တစ်အိမ်လုံး ကြေမွပျက်စီးသွားသောအခါ အိမ်ထဲမှ ပြန်ထွက်သွားသည်။ အိမ်ရှင်ကား ဘာမျှမပြောနိုင်ဘဲ ကျန်ရစ်ခဲ့သည်။ သည်လိုဧည့်သည်မျိုးတွေများ လာသောအခါ အိမ်ရှင်ကမ္ဘာမြေကြီးသည် ချိုင့်ခွက် အပေါက်ရာဗရပွနှင့် ထုံးဂေါ်လီ လေးတစ်လုံးလို ဖြစ်သွားတော့သည်။ သည်လိုပုံစံနှင့် ဆိုလျှင် ပွင့်ရန်ကျန်ရှိနေသေးသော အရိမေတ္တေယျဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်ပြီးပါက ဘုရားငါးဆူ ပွင့်ထွန်းပေါ် ပေါက်ခဲ့ဖူးသည်ဟူသော ဤဘဒ္ဒကမ္ဘာကြီးသည် စကြ၀ဠာကြီးအတွင်းမှ အပြီးတိုင် ပျောက်ကွယ်သွားမည့် အလားအလာမှာ သေချာနေတော့သည်။ သဗ္ဗညုတဘုရားရှင်တို့၏ နှုတ်ထွက်စကား ဟောတရားများ ဖြစ်သဖြင့်လည်း မည်သည့်အခါမျှ ယွင်းမှားတိမ်းချော်ခြင်း မရှိနိုင်ပေ။

ကျွန်တော်တို့ ကျူးလွန်ခဲ့သမျှ ပြစ်မှုတို့ကို ပြန်ကြည့်ကြဦးစို့။ကျွန်တော်တို့ ကိုယ်ခန္ဓာ အသီးသီးမှထွက်သော အညစ်အကြေးမှန်သမျှကို ဤမြေကြီးပေါ်မှာ စွန့်ပစ်သည်။ ကမ္ဘာမြေကြီးကား ဘာမျှမပြော။ တံတွေး၊ နှပ်၊ မစင်၊ ဆီး၊ နောက်ဆုံး အလောင်းကောင်၊ အပုပ် ကောင်စသည်ဖြင့် စွန့်ပစ်သမျှအားလုံးကို ကမ္ဘာမြေကြီးက လက်ခံခဲ့သည်သာ။ လူသားအချင်းချင်း သေကြေပျက်စီးစေနိုင်မည့် ရေမြုပ်ဗုံး၊အဏုမြူဗုံး စသည်တို့ကို လူနေနည်းပါးရာ ဒေသများ၌ စမ်းသပ်ဖောက်ခွဲကြသည်။ ကမ္ဘာမြေကြီးကား ဘာမျှမပြော။ သူ့အိမ်၊ ကိုယ့်အိမ်၊ သူ့ခြံ၊ ကိုယ့်ခြံမှသည် သူ့အုပ်စု၊ သူ့အဖွဲ့အစည်းဖြင့် ကမ္ဘာမြေကြီးကို ကိုယ်ပိုင်ပစ္စည်းသဖွယ် အသုံးချ၍ အချင်းများရန်ဖြစ် စကားများနေ သမျှတို့ကိုလည်း ကမ္ဘာမြေကြီးကား ဘာမျှမပြော။


ကမ္ဘာမြေကြီးဘက်မှ အိမ်ရှင်ဝတ္တရားကျေပွန်သလောက် ကျွန်တော်တို့ကား ကမ္ဘာမြေကြီးပေါ်၌ မထီမဲ့မြင်ပြုနိုင်လွန်း လှသည်။ ကျွန်တော်တို့သည် ဧည့်သည်ဝတ္တရားကို ကျူးလွန်ဖောက်ဖျက် အိမ်ရှင်ကမ္ဘာမြေကြီးအပေါ် ရက်စက်နိုင်လွန်း လှသည်။ ကျွန်တော်တို့သည် ဧည့်သည်အချင်းချင်း ဧည့်သည်ခန်း အတွင်း ခေတ္တခဏ ရောက်လာခိုက် အရှက် အကြောက်ကင်းမဲ့စွာ ရန်ဖြစ်နေသည်နှင့် တူလှသည်။ သူများအိမ်ထဲအားမနာ လျှာမကျိုး ထိုးထိုးထောင်ထောင် ပြုမူသူ တွေနှင့် တူလှသည်။ ဧည့်သည်ဟူသည့် အဓိပ္ပါယ်ကိုက ခေတ္တခဏသာ လာရောက်နားနေခွင့်ရသည်ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ ဤသည်ကို နားမလည်။ ဧည့်သည်သည် အိမ်ရှင်ကို မစော်ကားရဆိုသော သဘာဝစည်းကမ်းကို ကျွန်တော်တို့ မလိုက်နာ။ ဧည့်သည်အချင်းချင်းကိုလည်း သူလည်း ဧည့်သည်၊ ကိုယ်လည်း ဧည့်သည်ပါလားဟု မမြင်။ အိမ်ရှင်ကို အားနာရမှန်း၊ အိမ်ရှင်အပေါ် အလိုက်သိတတ်ဖို့လိုမှန်း ကျွန်တော်တို့ မဆင်ခြင်၊ ဧည့်သည် ခန်းအတွင်း၌ ဧည့်သည်အချင်းချင်း ဖြစ်နေသောရန်ပွဲသည် အိမ်ရှင်ကို မည်မျှအထိ ဂုဏ်သိက္ခာကျဆင်းစေသည်ကိုလည်း ထည့်မတွက်။

ကျွန်တော်တို့သည် ဧည့်သည်ခန်းအတွင်း၌ ဧည့်သည်ကောင်း တစ်ယောက်လို နေတတ်ထိုင်တတ်ဖို့ အများကြီး ကြိုးစားအားထုတ်ရဦးမည်။သဘာဝတရားကြီးထဲမှ သင်ယူစရာရှိသည်များကို အများကြီးသင်ယူရ ဦးမည်။ မိတ်ဆွေ ယောင်ဆောင်၍ အနားကပ် နှိပ်စက်နေသော အ၀ိဇ္ဇာနှင့် တဏှာကို အမြစ်ပြုတ်အောင် ဉာဏ်စွမ်းဖြင့် ဖယ်ရှား ဆွဲနုတ်ရဦးမည်။ လုပ်စရာတွေ အများကြီးရှိနေသည်။ ယူတတ်လျှင် တာဝန်တွေချည်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို တာဝန်ယူ တတ်ဖို့ လိုသလို အိမ်ရှင်ကမ္ဘာ မြေကြီး လှပသာယာဖို့ အများကြီးတာဝန်ယူ စွမ်းဆောင်ရဦးမည်။ ကမ္ဘာမြေကြီးအတွက် တာဝန်ယူခြင်း၊ ဧည့်သည်အချင်းချင်း ကိုယ်ချင်းစာ နားလည်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ကျေးဇူးပြန်ဆပ်ရဦးမည်။

တစ်ချိန်က ရယူလိုခြင်းတည်းဟူသော တစ်ဖက်သတ်သဘောထားများဖြင့် ကမ္ဘာမြေကြီး အပေါ်၌ အကြွေးတင်ခဲ့သော ကျွန်တော်တို့သည် ကမ္ဘာမြေကြီး ငြိမ်းချမ်းသာယာ ရေးအတွက် ကျွန်တော်တို့၏ ပြုစုစောင့်ရှောက်ထိန်းသိမ်း ဆောင်ရွက်ကူညီလိုသော ပေးဆပ်ခြင်း စိတ်အသစ်များဖြင့် ပြန်၍ကျေးဇူးဆပ်ရပေဦးမည်။ သဗ္ဗညုတဗုဒ္ဓမြတ်စွာဘုရားတို့၏ သဘာဝဓမ္မ အဆုံးအမ များအားခန္ဓာဉာဏ်ရောက် လေ့လာမှတ်သား၊ သင်ကြားနာယူ၊ ဆည်းပူးအားထုတ်ခဲ့ခြင်း အကြောင်းကြောင့်ပင်လျှင် ကျွန်တော့်တွင် ကြီးစွာသောအကျိုး ကျေးဇူးရခဲ့ပေပြီ။

၎င်းမှာသည်ဘ၀၊ သည်ခန္ဓာဖြင့် သည်တစ်ခေါက် ဧည့်သည် ခန်းအတွင်းသို့ လူသားတစ်ဦး အဖြစ် ရောက်ခဲ့ရသည့် ကျွန်တော်သည် အိမ်ရှင်ဖြစ်သူ ကမ္ဘာမြေကြီးအတွက်လာခြင်း ကောင်းသောဧည့်သည် တစ်ဦးအဖြစ် ကြိုးစားနေထိုင်လိုစိတ်များ ဖြစ်ပေါ်လာ ခြင်းတည်းဟူသော အကျိုးတရားများ ရရှိလာခဲ့ခြင်း ဖြစ်ပါတော့သည်။


၁၄-၁-၂၀၀၂

(ဆရာမြသန်းစံ၏ ဧည့်သည်ခန်းရောက် ဧည့်သည်တစ်ဦးဆိုသည်ကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။)

အားလုံးသော ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP