* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 2, 2009

သံသရာရထား

02-05-2009

မနှစ်က ဒီနေ့ ဒီရက် ဒီအချိန်ဟာ မြန်မာပြည်သူ ပြည်သားများအတွက် ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံခဲ့ရတဲ့အချိန်, ၀မ်းနည်းဖွယ်အဖြစ်ဆိုးတွေ ရင်ဆိုင်ခဲ့ရတဲ့ကာလ,ဘ၀တကွေ့မှာ ခဏတွေ့ရသူတို့ သေကွဲ ရှင်ကွဲ ကွဲခဲ့ ခွဲခဲ့ရတဲ့နေ့ရက်တွေပါ၊ ဓမ္မရှုဒေါင့်က ကြည့်ရင်တော့ သံဝေဂ ရစရာကောင်းလှပါတယ်၊

မနှစ်က ဒီအချိန် မေလ ( ၂ ) ရက်မှာ စာရေးသူ နဲ့ သူငယ်ချင်း အရှင်မာနိတ တို့ဟာ မလေးရှားနိုင်ငံ ပီနန်းမြို့ကို ဒေသန္တရ ဗဟုသုတလည်ပတ်ဖို့ ရောက်နေကြပါတယ်၊ မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ၀င်ရောက်သွားပြီဆိုတာ မီဒီယာတွေက-ှတဆင့် သိရတော့ သူငယ်ချင်းဖြစ်သူ ငပုတောမြို့နယ်သား အရှင်မာနိတက အိမ်ကိုလှမ်းပြီး ဖုန်းဆက်သွယ်ခဲ့တယ်၊ တယ်လီဖုန်းထဲမှာ နားထောင်လိုက်ရတာက ဆရာဖြစ်သူ ရွာဦးကျောင်း ဘုန်းတော်ကြီးရယ် ရဟန်းဒကာ ရယ် ပြီးတော့ ရဟန်းဒကာ သားရယ်က နာဂစ်မုန်တိုင်းထဲမှာ ပါသွားခဲ့သလို သူငယ်ချင်းရဲ့ မိဘတွေနေတဲ့ အိမ်ကလေးလည်း ရေထဲနစ်မြုပ်သွားပြီ ဆိုတဲ့သတင်းက တကယ့်ကို တုန်လှုပ်ခြောက်ခြားစေခဲ့တယ်။

သူငယ်ချင်းလဲ ရေထဲမှာ နစ်မြုပ်နေတဲ့ ဇာတိရွာလေးရယ် ပျံတော်မူသွားတဲ့ ဆရာဘုန်းကြီးရယ် စတာတွေကို ကူညီပေးဖို့ မြန်မာပြည်ကို ချက်ချင်းပြန်သွားခဲ့ပါတယ် ၊ သူမပြန်ခင် တက္ကသိုလ်ကိစ္စတွေ စာတမ်းကိစ္စတွေ ဆောင်ရွက်ပေးဖို့ စာရေးသူကို တဖွဖွမှာနေခဲ့တယ်၊ ဒီတွေ့ဆုံခြင်းဟာ သူနဲ့ စာရေးသူတို့ နောက်ဆုံးတွေ့ဆုံခြင်းလို့ မထင်မိခဲ့တာအမှန်ပါ၊ သေခြင်းတရားဟာ ကိုယ်နဲ့ ဘာမှမဆိုင်သလို တွေးထင်နေခဲ့တယ်၊

သူရွာကို ပြန်ရောက်နေပြီ ရွာပြန်လည်ထူထောင်ရေး ကိစ္စတွေ တတ်နိုင်သလောက် လုပ်ဆောင်နေပြီဆိုတာ သိရတော့ အဆိုးထဲက အကောင်းတခုအနေနဲ့ ၀မ်းသာခဲ့ရပါတယ်၊ ရပ်ရွာကိစ္စကို ၃ လ လောက်လုပ်လိုက်တဲ့ သူငယ်ချင်းဟာ အအိပ်မမှန် အစားမမှန် သန့်ရှင်းတဲ့ရေမရနဲ့ ရောဂါတွေ စတင်ဝင်ရောက်ခဲ့တဲ့အကြောင်း ကြားရတော့ သူငယ်ချင်းအတွက် စိတ်မောမိခဲ့တယ် ၊ နောက်ဆုံးတော့ ဆေးရုံပေါင်းများစွာ တက်ရောက်ကုသပြီး ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားနောက်ကို လိုက်ခဲ့ရတယ်၊သူငယ်ချင်းကောင်း တယောက်ဆုံးရှုံးမှုအတွက် တကယ့်ကို ၀မ်းနည်းခဲ့ရတယ်၊ သူပျံတော်မူချိန်မှာ သူ့အသက်က ၃၁ ပဲ ရှိသေးတာပါ၊

သူလိုပဲ နာဂစ်ကြောင့် သို့မဟုတ် နာဂစ်အကျိုးဆက်ကြောင့် သေဆုံးခဲ့ရတဲ့ အဖိုးတန်လူသားတွေ, ဆုံရှုံးခဲ့ရတာတွေဟာ တကယ့်ကို ကြေကွဲဖွယ်ရာတွေပါ၊ သေခြင်းတရားဆိုတာ လူတိုင်းနီးပါး မကြားချင်ကြပါဘူး ၊မကြားချင်ဆုံးအရာက လူတွေဆီကို အမြအဲရောက်လာနေတာ ကိုတော့ မိမိတို့တတွေ သတိထားဖို့ မေ့နေကြပြန်တယ်၊
ဗုဒ္ဓ မိန့်မှာတဲ့ စကားတော်တခုက ‘ နွားကျောင်းသားက နွားတွေကို စားကျက်ဆီ အရောက်မောင်းနှင် နေသလို အိုခြင်း သေခြင်းတရားတွေက လူတို့ရဲ့အသက်ကို အမြဲမောင်းနှင်နေတယ်’’ လို့ မိန့်တော်မူပါတယ်၊ မွေးဖွားခြင်း က အိုးမင်းရင့်ရော်ခြင်းဆီ အိုးမင်းခြင်းက သေခြင်းတရားဆီအရောက်ပို့နေပါတယ်၊ ဒီသဘာဝ သဘောတရားတွေကို ရင်ဆိုင်နိုင်အောင် မိမိတို့တတွေက ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်၊

စာရေးသူတို့တတွေဟာ သံသရထားကို စီးပြီး ခရီးသွားနေကြရပါတယ် ၊ တစ်ဘူတာဝင် တစ်ဘူတာထွက် ကိုယ့်ကိစ္စတွေ မပြီးသေးခင် ကိုယ်ချစ်ရတဲ့သူတွေကို လမ်းခွဲနှုတ်ဆက် ဩအော်ဆွဲပြီး ခရီးဆက်ကြရပြန်ပါတယ်၊ အချိန်စေ့ရင်တော့ သံသရာရထားကြီးက မောင်းနှင်မြဲ မောင်းနှင်နေအုံးမှာ သေချာလှသလို တစ်ဘူတာဝင် တစ်ဘူတာထွက် သွားနေအုံးမှာလဲ သေချာတယ်၊

ရထားမထွက်ခင် ရထားပေါ်မှာ ယူသင့်တာ ဆောင်ထားသင့်တာတွေကို ပါအောင်ယူနိုင်မှ ခရီးသွားတဲ့အခါ ရောက်တဲ့ဘူတာ ရပ်မယ့်ဘူတာမှာ စိတ်ချမ်းချမ်းသာသာနေရမှာပါ၊ အခုလဲ စာရေးသူ စာဖတ်သူတို့ဟာ သံသရာရထားစီးပြီး လူ့ဘ၀ဘူတာမှာ ခဏရပ်နားနေကြပါတယ်၊ ဒါဟာ ကိုယ့်ရဲ့ ဂိတ်ဆုံးဘူတာမဟုတ်သေးပါဘူး အချိန်စေ့ရင်တော့ ဩအော်ဆွဲပြီး လူ့ဘ၀ဘူတာကနေ ဆက်လက်ထွက်ခွါပါလိမ့်မယ် ၊ ကျွန်တော်ကိစ္စလေးတွေ မပြီးသေးလို့ ခဏလောက်ရပ်ပါအုံးဗျာ လို့တောင်းပန်လို့ မရနိုင်ပါဘူး အချိန်စေ့ရင်တော့ သံသရာရထားကြီးက ထွက်မှာပါပဲ၊

မရပ်မနား ခုတ်မောင်းနေတဲ့ ဒီသံသရာ ရထားကြီးနဲ့ သံသရာရထားကြီးပေါ်က သံသရာခရီးသွား ဧည့်သည်တွေ အချင်းချင်းတွေ့ခိုက် စိတ်ကောင်းထား ရိုင်းပင်းကူညီပြီး တယောက်ကို တယောက်ဖေးမ ကိုယ်ရပ်နားခွင့်ရတဲ့ ဘူတာသန့်ရှင်းရေးလေး တတ်နိုင်သလောက်လုပ်ကြရမှာပါ၊ နောက်ဆုံးတော့ အားလုံးရဲ့ ဂိတ်ဆုံးဘူတာ သေခြင်းတရားမရှိရာ သစ္စာနယ်ဆီကို ရောက်အောင် ၀ိပဿနာကြိုးစား အားထုတ်ခြင်းနဲ့ ပြင်ဆင်ထားမယ်ဆိုရင်တော့ ပန်းတိုင်မရောက်ခင် ရောက်လေရာဘူတာတိုင်းမှာလဲ မျက်နှာပန်းလှလှ ပြုံးပြနိုင်ကြပါလိမ့်မယ်။

( လူ့ဘ၀ဘူတာမှ နာဂစ်ကြောင့် ထွက်ခွါခဲ့သူ သွေးချင်းညီအကို မောင်နှမများ တနှစ်ပြည့် သံဝေဂ နဲ့ သူငယ်ချင်း အရှင်မာနိတ သို့ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP