၂။ ရာဇဂြိုဟ်မြို့  ဇီဝကသရက် ဥယျာဉ်၌ ဇီဝကနှင့်အတူ အဇာတသတ်မင်းအား ဘုရား ဟောသော ရဟန်းပြုကျိုးတရား
“မြတ်စွာ ဗုဒ္ဓအသျှင်- ခွင့်ပြုလျင် တပည့်တော် ရှည်ရှည်ဝေးဝေး မေးမြန်းလျှောက်ထား ပါရစေ ဘုရား”
“အလိုရှိတဲ့ အတိုင်းလျှောက်- မဟာရာဇာ”
“မျက်မှောက်အကျိုးရှိတဲ့ လူ့  အလုပ်အမျိုးမျိုးကို ရဟန်းအလုပ်ရဲ့ မျက်မှောက် အကျိုးရှိပုံ ကို အထင်အရှား အသိပေး ဟောကြား နိုင်ပါသလား ဘုရား”
“မဟာရာဇာ- သည်ပြဿနာကို တခြားရဟန်း သူတော်စင်တွေဆီ မေးဖူးပြီးပြီလား”
“မေးဖူး ပြီးပါပြီ”
“မေးဘူးလျင် သူတို့  ဖြေတာတွေကို ပြန်ပြောပြဖို့  တတ်နိုင်မလား- မဟာရာဇာ”
“ပြောပြနိုင်ပါတယ် အသျှင်”
“ဘယ်သူ့ တွေဆီ မေးဖူးပါသလဲ”
“ကဿပနွယ်ဘွား ပုရာဏဆီလည်း မေးဖူးပါတယ်။ မက္ခလိဂေါသာလ၊ အဇိတ (ကေသကမ္ဗလ)၊ ပကုဓ(ကစ္စယန)၊ နိဂဏ္ဌ (နာဋပုတ္တ)၊ သဉ္ဇယ (ဗေလဌပုတ္တ) တို့ ပါပဲ ဗုဒ္ဓ အသျှင်”
“သင့်အမေးကို ပုရာဏက ဘယ်လို ဖြေပါသလဲ မဟာရာဇာ”
“ကောင်းမှု၊ မကောင်းမှု ဆိုတာ မရှိဘူး-လို့  ဖြေပါတယ် ဗုဒ္ဓအသျှင်”
“သည်လို ဖြေတော့ မဟာရာဇာရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ”
“သည်အဖြေဟာ တပည့်တော်ရဲ့ အမေးမဟုတ်ဘူး။ အသာလေး ပြန်မှဘဲ- လို့  ခံစားရပါ တယ် ဗုဒ္ဓအသျှင်”
“မက္ခလိဂေါသာလက ဘယ်လို ဖြေပါသလဲ မဟာရာဇာ”
“မက္ခလိဂေါသာလက သတ္တဝါတွေမှာ တစုံတခု ပြုနိုင်စွမ်း မရှိကြဘူး၊ ဖြစ်သမျှ ကောင်း၊ မကောင်းအမှုတွေဟာ အကြောင်းမဲ့ပဲ ဖြစ်ကြတယ်- လို့  ဖြေပါတယ် အသျှင်”
“မက္ခလိဂေါသာလရဲ့ အဖြေကို ဘယ်လို ခံစားရပါသလဲ”
“မက္ခလိဂေါသာလရဲ့ အဖြေဟာ တပည့်တော် အမေးနဲ့  တခြားစီပဲ၊ ပြန်မှပဲ- လို့ ခံစားရတာ ပါ အသျှင်”
“အဇိတကော ဘယ်လို ဖြေပါသလဲ”
“အဇိတက ကောင်း၊ မကောင်း အမှုတွေဟာ ဘာအကျိုးမှ ဖြစ်စေတာ မဟုတ်ဘူး မဟာ ရာဇာလို့  ဖြေပါတယ် ဗုဒ္ဓအသျှင်”
“သူ့  အဖြေအပေါ်ခံစားချက် ပြောပါဦး မဟာရာဇာ”
“သူ့ အဖြေကလည်း တပည့်တော် အမေးနဲ့  တခြားစီပဲ၊ ပြန်မှပဲ- လို့  ဖြစ်ပါတယ်”
“ပကုဓ (ကစ္စာယန) ရဲ့ အဖြေကကော မဟာရာဇာ”
“ပကုဓက ကောင်းမှု၊ မကောင်းမှု ပြုခဲ့လို့  ဖြစ်တာလည်း မဟုတ်ဘူး။ ကောင်းမှု၊ မကောင်း မှု ပြုနိုင်သူလည်း မရှိဘူး မဟာရာဇာ- လို့  ဖြေပါတယ် အသျှင်”
“သူ့ အဖြေကို ဘယ်လို ခံစားရပါသလဲ မဟာရာဇာ”
“သူလည်း အမေးအတွက် အဖြေမဟုတ်ဘူး၊ ပြန်မှပဲ- လို့ ပဲ ခံစားရပါတယ် အသျှင်”
“နိဂဏ္ဌ (နာဋပုတ္တ) ကကော ဘယ်လိုဖြေလဲ မဟာရာဇာ”
“နိဂဏ္ဌက သူ့ ရဲ့ စတုယာမသံဝရ စောင့်စည်းမှု လေးပါးရှိလို့  သူ့ ကိုမြတ်တယ် ဆိုရတယ် - လို့  ဖြေပါတယ် အသျှင်”
“သူ့ ကိုကော ဘယ်လို ခံစားရသလဲ မဟာရာဇာ”
“ အမေးနဲ့  တခြားစီ လို့ ပဲ ခံစားရပါတယ် အသျှင်၊ ပြန်မှ လို့ ပါပဲ”
“သဉ္ဇယ (ဗေလဌပုတ္တ) ကကော ဘယ်လို ဖြေတာမျိုး ရခဲ့သလဲ မဟာရာဇာ”
“သဉ္ဇယက ဘာမှ မယူဘူး- ဆိုတဲ့အယူကို ယူကြောင်း ဖြေပါတယ် အသျှင်”
“သူ့ အဖြေကို ကော မဟာရာဇာ ဘယ်လို ခံစားရသလဲ”
“သူ့ အဖြေကိုလည်း အမေးနဲ့  တခြားပဲ၊ ပြန်မှပဲလို့  ခံစားရပါတယ် အသျှင်။ ဒါတွေဟာ သူတို့  အဖြေတွေနဲ့  တပည့်တော် ခံစားချက်တွေ ပါပဲ။ သည်အမေးအတွက် အသျှင် ဘုရား ဘယ်လို ဖြေမယ် ဆိုတာ နာကြားလိုပါတယ်။ ၀န်မလေးပါလျင် သည်အမေးကို အရှင်ဘုရား ဖြေကြားပေးပါ အသျှင်”
“ကောင်းပြီ မဟာရာဇ။ ငါတို့  ဖြေကြားချက် အဖြစ် မဟာရာဇာကို မေးခွန်း တချို့  မေးမယ်။ အဲဒါကို ကြိုက်သလို ဖြေစမ်းပါ”
“ကောင်းပါပြီ ဗုဒ္ဓအသျှင်”
“မဟာရာဇာ- သင့်အစေအပါး ကျေးကျွန်တစ်ယောက်ဟာ သံဝေဂ တရားပွားများပြီး ကောင်းမှု ပြုဖို့  လူ့ ဘောင်ကထွက်ခါ ရဟန်းပြုပြီး ကိုယ်၊ နှုတ်၊ နှလုံးစောင့်စည်းပြီး တရား အားထုတ်နေတယ် ဆိုပါတော့၊ အဲသည်သူ အဲသည်လို ဖြစ်သွားတာကို အခွင့်မပြုနိုင်ဘူး။ သူ့ နဂို အတိုင်းပဲ အမှုတွေလာပြီး ထမ်းပါစေ- လို့  မဟာရာဇာဆိုဖို့  စိတ်ဖြစ်မလား မဟာရာဇာ”
“အဲသည်လို စိတ် မဖြစ်ပါဘူး အသျှင်၊ သူ့ ကိုတောင် တတ်အားသမျှ ကူညီအားပေးပြီး၊ ရိုသေသမှု ပြုမှာ ဖြစ်ပါတယ်”
“မဟာရာဇာ- ဘယ်လိုလဲ၊ မဟာရာဇာရဲ့ အဖြေတွေဟာ မဟာရာဇာမေးတဲ့ အမေးရဲ့ အဖြေ မဖြစ်ဘူးလား”
“ရဟန်း ပြုရခြင်းရဲ့ မျက်မှောက်အကျိုးကို မြင်ရပါပြီ အသျှင်၊ တခြားဖြစ်တဲ့ ရဟန်းပြုရကျိုး များ မျက်မှောက်ထင်တာကို ပြနိုင်ပါသေးသလား အသျှင်”
“မဟာရာဇာရဲ့ လယ်သမား တစ်ယောက်ယောက် ရဟန်း ပြုသွာတယ် ဆိုလည်း မဟာ ရာဇာ အနေနဲ့ ဘယ်လို သဘောထားမလဲ ဖြေပါ။ ရဟန်းရဲ့ မျက်မှောက်အကျိုး ပြမယ်”
“သည်သူ ရဟန်းပြုသွားလျင် ပစ္စည်းလေးပါးနဲ့  ထောက်ပံ့ရုံပေါ့ အသျှင်”
“ဒါလည်း ရဟန်းပြုတာရဲ့ မျက်မှောက် အကျိုးပဲနော်”
“တခြားကော ဘုရား”
“တခြားလည်း ပြရတာပေါ့”
“နာကြားပါရစေ အသျှင်”
“ရဟန်းပြုသူ တစ်ယောက်ဟာ သီလအမျိုးမျိုးတွေ ဖြည့်ကျင့်ပြီး၊ဣနြေ္ဒစောင့်၊ ပစ္စည်းကို ဆင်ခြင်သုံးဆောင်၊ အသက်မွေးမှန်ကန်တဲ့ ရဟန်းဟာ စိတ်မှာ အပိတ်အဆို့ တွေ ပွင့်ပြီး ပဌမဈာန် ၀င်စားပြီး ချမ်းသာသုခနဲ့  နေရတယ်။ ဒါလည်း ရဟန်းရဲ့ မျက်မှောက်ကျိုး အဖြစ် မြင်ရရဲ့လား မဟာရာဇာ”
“မြင်ရပါတယ် အသျှင်။ တခြားကော မရှိဘူးလား ဘုရား”
“ဒုတိယဈာန် ချမ်းသာကိုလည်း ရောက်ပြီး နေရတယ်။ ဒါလည်း ရဟန်းရဲ့ မျက်မှောက် အကျိုးပဲ မဟုတ်ဘူးလား မဟာရာဇာ”
“ဟုတ်ပါတယ် ဘုရား”
“တတိယဈာန် ရတော့လည်း မျက်မှောက်အကျိုးပဲ”
“ဟုတ်ပါတယ် ဘုရား”
“စတုတ္ထဈာန် ခံစားလို့  စိတ်တည်ကြည်ဖြူစင်တဲ့ ရဟန်းဟာ ၀ိညာဏ်၊ နာမ်-ရုပ် စတဲ့ တရားတွေ အပေါ်မှာ သင်္ခါရပြုကျိုးအဖြစ် မြင်ပြီး၊ သင်္ခါရမှုတွေ မဖြစ်အောင် ၊ လှတယ် ထင်တာတွေ မလှဘူးထင်အောင်၊ မလှဘူးထင်တာတွေ လှတယ်ထင်အောင် အကျိုးပြီးစေ မှု ဣဒ္ဓိဝိဓ အဘိညာဏ်ကို ပွားပါတယ်။ မဟာရာဇာ- သည်လို ဣဒ္ဓိဝိဓအဘိညာဏ်နဲ့  ဖန်ဆင်းနိုင်တာလည်း ရဟန်းပြုကျိုးပဲ မဟုတ်လား”
“ဟုတ်ပါတယ် အသျှင်”
“ဒါတွေတင် မကသေးဘူး မဟာရာဇာ- ရဟန်းရဲ့ စိတ်ဓါတ်ဟာ ကိလေသာကင်းစင်လာ တော့ နားနဲ့  မကြားရတဲ့ ဦးနှောက်သာကြားရတဲ့ အသံတွေလည်း ကြားလာတယ်။ ဒါလည်း ရဟန်းပြုရခြင်းရဲ့ လွန်မြတ်တဲ့ မျက်မှောက် အကျိုးပဲ မဟုတ်လား”
“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“သူများ ရုပ်ရည်မြင်တာနဲ့  သူများစိတ်လည်း သိတယ်၊ ဒါလည်း ရဟန်းပြုကျိုးပဲ မဟာရာဇာ”
“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“ရှေးဖြစ်ဟောင်း အောက်မေ့နိုင်မှုတွေလည်း ဖြစ်လာတယ်။ ဒါလည်း မျက်မှောက် ရဟန်း ပြုကျိုးပဲ”
“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“ဒါလူကောင်းပဲ၊ လူဆိုးပဲ- လို့ လူတွေရဲ့ ကောင်းမှု၊ မကောင်းမှုတွေကို ခွဲခြားသိမြင်မှု နတ် မျက်စေ့တွေ ရလာတယ်။ ဒါလည်း ရဟန်းပြုတာရဲ့ မျက်မှောက် အကျိုးပဲနော်”
“ဟုတ်ပါတယ် ဗုဒ္ဓအသျှင်”
“သည်တော့ ရဟန်းဟာ အာသဝေါတရားတွေရဲ့ ဖြစ်ပုံနဲ့ ၊ ဖြစ်ကြောင်းကိုရော၊ ချုပ်ပုံနဲ့  ချုပ်ကြောင်းကိုရော သိပြီး၊ အာသ၀လေးဖြာက လွတ်တယ်။ ဒါလည်း ရဟန်းပြုခြင်းရဲ့ မျက်မှောက် အထွက်အထိပ်အရောက်ဆုံး အကျိုးပဲ မဟာရာဇာ”
“မှန်လှပါတယ် အသျှင်ဘုရား။ တပည့်တော် အရှင်ဘုရားရဲ့ ဟောပြောချက်ကို အလွန်ပဲ နှစ်သက်လှပါတယ်။ တပည့်တော်အား အသျှင်ဘုရားကို ဆည်းကပ်ခွင့်ပြုပါ။ အရှင်ဘုရား ကို ဆည်းကပ်သူလို့  အသိအမှတ်ပြုပါ အသျှင်။ တပည့်တော် အလေးအနက် လျှောက် ထား တောင်းပန်ပါရစေ ဆရာသခင် အသျှင်မြတ် ဗုဒ္ဓဘုရား။ တပည့်တော်ဟာ မိုက်မဲတဲ့ အလျောက် တပည့်တော် ခမည်းတော်ကို အသက်မှ ချမိခဲ့ပါတယ်။ သည်အပြစ်ကို နောင် အခါ မပြုဘဲ စောင့်စည်းနိုင်ဖို့  တပည့်တော်အား အခွင့်ပေးပါ အသျှင်ဆရာဘုရား”
“မဟာရာဇာ- အပြစ်ကို အလျော်အတိုင်းမြင်ပြီး ကုစားစောင့်စည်းခြင်းဟာ အရိယာတို့  အဆုံးအမမှာ တိုးတက်ရေးပဲ ဖြစ်တယ်။ ငါတို့  လက်ခံပါတယ် မဟာရာဇာ”

0 comments:
Post a Comment