* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 12, 2009

ဝေဒနာသုံးမျိုးလုံးကိုတွေ့ကြုံရှုသိအပ်ပုံ

ဖတ်ရန်-ဝေဒနာနုပဿနာ တရားတော် ပထမပိုင်း

http://ahlataya.wordpress.com/2009/04/09/%E1%80%B1%E1%81%80%E1%80%92%E1%80%94%E1%80%AC%E1%82%8F%E1%80%AF%E1%80%95%E1%82%86%E1%80%94%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%81%BE%E1%80%80%E1%80%AE/

သူ့အခိုက်နဲ့သူ

ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို ရှုတဲ့ ပုဂ္ဂိုလ်ဟာ ယခုပြောခဲ့တဲ့ အတိုင်း တစ်ခါတစ်ရံမှာ ကိုယ်ထဲက အထူးကောင်းတဲ့ ခံစားမှုကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ တစ်ခါတစ်ရံမှာ ကိုယ်ထဲစိတ်ထဲက အနေဆိုး အခံခက်နေတဲ့ ခံစားမှုကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ တစ်ခါတစ်ရံ ကိုယ်ထဲစိတ်ထဲက မကောင်းမဆိုး ရိုးရိုးအသိစိတ်များကို ထင်ရှားတွေ့ပြီး မှတ်သိနေရမယ်။ ဒီလိုဝေဒနာ သုံးမျိုးလုံးကို သူ့အခိုက်နဲ့သူ အပြည့်အစုံတွေ့ပြီး သိရတယ်။

စဉ်းစားစရာကောင်းတယ်

အချို့ ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်း ရှုတဲ့ ပုဂ္ဂိုလ်တွေ ပြောကြတာကတော့ "စပြီးရှုလိုက်ကတည်းက တရားပြီးဆုံးသည့် တိုင်အောင် မခံသာသည့် ဝေဒနာချည်း အပြင်းအထန် တွေ့ရတယ်" ဆိုပဲ။ အဲဒါကတော့ စဉ်းစားစရာကောင်းတယ်.။ ဘာကြောင့်လဲ ဆိုရင် တရားအားမထုတ်မီ ကလဲ ကိုယ်ထဲမှာ ရံခါသုခ၊ ရံခါ ဒုက္ခ၊ ရံခါဥပေက္ခာ ဒီလိုဝေဒနာ သုံးမျိုးလုံး အကြောင်း အားလျော်စွာ အပြည့်အစုံပဲ ဖြစ်နေတယ်မဟုတ်လား။ ဒီတော့ အားထုတ်နေတဲ့ အခါလဲ ဒီဝေဒနာ သုံးမျိုးလုံး အပြည့်အစုံ ဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလိုဖြစ်နေတော့ သုံးမျိုးလုံးကိုပဲ အပြည့်အစုံ သိစရာ ကောင်းတယ်။ သို့ ဖြစ်ပါလျက် အခံခက်တဲ့ ဒုက္ခဝေဒနာ တစ်မျိုးတည်းသာ တွေ့ရတယ် ဆိုတာဟာ ဘာကြောင့်လဲလို့ စဉ်းစားစရာ ကောင်းတယ်.။

ဝေဒနာတိုင်း အခံရမခက်

ဒါကတော့ "၀ိပဿနာဥာဏ်ရဲ့ အရာမို့ ဝေဒနာသုံးမျိုးလုံး ဒုက္ခချည်း ထင်နေပါတယ်"လို့ ဒီလိုအချို့ အဖြေပေးကောင်း ပေးလိမ့်မယ် ထင်တယ်။ ဒီလိုဖြေရုံနဲ့တော့ မပြေသေးပေဘူး။ ဘာကြောင့်လည်း ဆိုရင် ၀ိပဿနာဥာဏ်နဲ့ ဒုက္ခလက္ခဏာ ထင်တယ်ဆိုတာက အခံခက်တဲ့ သဘောကိုချည်း တွေ့လိမ့်မယ် လို့ ဒီလိုဆိုလိုတာမှ မဟုတ်ဘဲကပဲ။ အမှန်ကတော့ ဖြစ်မှုပျက်မှုက မပြတ် နှိပ်စက်နေလို့ ကြောက်စရာ ကောင်းတဲ့ သင်္ခါရဒုက္ခဆင်းရဲ ထင်တာကိုသာ ဆိုလိုတာပဲ။ ဒါကြောင့် ဝေဒနာသံယုတ် ပါဠိတော်မှာ "တံခေါပနေတံ ဘိက္ခု မယာ သင်္ခါရာနံယေ၀ အနိစ္စတံ သန္ဒာယ ဘာသိတံ ယံကိဉ္စိ ဝေဒယိတံ တံဒုက္ခသ္မိန္တိ" လို့ ဟောထားတယ်။

"ဘိက္ခု-ရဟန်း၊ ယံကိဉ္စိ ဝေဒယိတံ တံ ဒုက္ခသ္မိံ တိ-ခံစားမှုဟူသမျှ ဆင်းရဲဒုက္ခချည်းသာ ဟူသော၊ တံ ဧတံ-ထိုစကားကို မယာ-ငါသည်၊သင်္ခါရာနံယေ၀ အနိစ္စတံ သန္ဒာယ-သင်္ခါရတရားတို့၏ မမြဲခြင်းသဘောကိုသာ ရည်ရွယ်၍ ဘာသိတံ ဟောထားသော စကားပေတည်း"-တဲ့။

အဓိပ္ပါယ်ကတော့ "ဝေဒနာဟူသမျှကို ဆင်းရဲချည်းပဲလို့ ဟောထားတဲ့ စကားဟာ ရှိပါတယ်. ဒါပေမဲ့ အဲဒီ စကားဟာ သင်္ခါရ တရားတွေ မမြဲတဲ့ အတွက် ကြောက်စရာကောင်းတာ ကိုသာ ရည်ပြီးဟောထားတဲ့ စကားပါ" တဲ့။ ဝေဒနာတိုင်း ခံရခက်တာချည်းပဲ လို့ ဒီလိုဆိုတာတော့ မဟုတ်ပါဘူးတဲ့။ ဒါကြောင့် ၀ိပဿနာဥာဏ်မို့ ဝေဒနာ သုံးပါးလုံး ဒုက္ခထင်တာလို့ ဖြေတာဟာ မလုံလောက်သေးဘူး လို့ မှတ်ရမယ်။

ချမ်းသာတဲ့ ဒဏ်ချက်တွေ

အမှန်အားဖြင့်ဆိုရင် ဝေဒနာသုံးပါးရှိတဲ့ အနက် သုခဝေဒနာကို ၀ိပရိဏာမဒုက္ခ အနေနဲ့သာ ထင်ရတယ်။ ဘယ်လိုလဲ ဆိုရင် ကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ကောင်းစားချမ်းသာမှု ကလေးတွေဟာ သူတို့ ရှိနေတုန်းတော့ ကိုယ်အလိုအတိုင်းပြည့်လို့ တပြုံးပြုံးတရွှင်ရွှင်နဲ့ ကောင်းနေတာပါပဲ။ ဒါကြောင့် သူတို့ကို ဌိတိသုခ လို့ခေါ်တယ်။ ရှိနေတုန်း ချမ်းသာတဲ့ တရားလို့ ဆိုလိုတယ်။ ဒါပေမဲ့ သူတို့ မရှိတဲ့ အခါကျတော့ သူတို့ရှိနေတုန်းက ချမ်းသာခဲ့ရတာ လောက်မကပဲ အကြီးအကျယ် ဆင်းရဲရတတ်တယ်။

ပုံစံထုတ်ကြည့်ကြစို့။ ယခု လောကမှာ ပစ္စည်းဥစ္စာ ပေါများချမ်းသာတဲ့ လူတွေဟာ ရှိသမျှ ပစ္စည်းတွေ အကုန်ပျက်သွားရင် ဘယ်လိုနေကြမလဲ။ သားချစ်ကလေးရှိတဲ့ မိခင်မှာ အဲဒီ သားချစ်ကလေး ပျက်စီးသွားရင် ဘယ်လိုနေမလဲ။ တစ်ဦးနဲ့ တစ်ဦး အင်မတန်ချစ်မြတ်နိုးနေကြတဲ့ အိမ်ထောင်သည်များမှာ မခွဲချင်ဘဲ ကွဲသွားကြမယ်ဆိုရင် ဘယ်လိုနေကြမလဲ။ ပြည့်စုံကောင်းစားတုန်းက ချမ်းသာရတာထက် ပိုပြီးတော့ ဆင်းရဲ ပင်ပန်းကြရမယ် မဟုတ်လား။

အဲဒီလို ဆင်းရဲရတာတွေဟာ ယခင် ချမ်းသာခဲ့တဲ့ ဒဏ်ချက်တွေပဲ။ ဒါကြောင့် သူ့ကို ဌိတိသုခ ၀ိပရိဏာမ ဒုက္ခလို့ခေါ်တယ်။ သူရှိနေတုန်းသာ ချမ်းသာခွင့်ပေးပြီး သူမရှိတဲ့ အခါကျတော့ မနေတတ်၊ မထိုင်တတ် ဖြစ်အောင် ဆင်းရဲစေတတ်တဲ့ တရားလို့ ဆိုလိုတယ်။

တစ်နည်းအားဖြင့် မက်မောစရာတွေကို ပြပြီး ဖမ်းစားတတ်တဲ့ ဥစ္စာစောင့်များ ဘီလူးများနဲ့လည်း တူတယ်။ လောကီချမ်းသာသုခ ဆိုရင် ဒါမျိုးချည်းပဲ။

မှန်စွာသိမြင်သောသူ

ဒါကြောင့် ဒီချမ်းသာကို ကြောက်စရာကောင်းတဲ့ တရားပဲလို့ သိမြင်ရမယ်တဲ့။ ဒီလို သိမြင်ရတာဟာ သုခဝေဒနာ ကို အမှန်အတိုင်း မြင်တာပါပဲ။

ဒါကြောင့် "ယော- အကြင်ယောဂီသည်၊ သုခံ -ချမ်းသာမှုသုခဝေဒနာကို ၊ဒုက္ခတော- ၀ိပရိဏာမ ဒုက္ခဟူ၍ ၀ါ- သူကွယ်ပျောက်သွားသော အခါ မနေသာအောင် လွန်စွာဆင်းရဲ ပင်ပန်းစေတတ်သော ကြောင့် ကြောက်စရာ တရားဆိုးဟူ၍ အဒ္ဒက္ခိ- သိမြင်ပြီး၊ သ-သော- တိုသို့ သိမြင်သော ယောဂီသည် ၊ သမ္မဒ္ဒသော- မှန်ကန်စွာ သိမြင်သူပေတည်း"လို့ သံယုတ်ပါဠိမှာ ဟောထားတယ်။

မဟာစည်ဆရာတော်- ဝေဒနာနုပဿနာတရားတော် ဒုတိယပိုင်း စာမျက်နှာ ၉-၁၀

ဆက်ရန်

စိတ်ဆင်းရဲခြင်းကင်းပျောက်ဆေး( မဟာစည်-ဝေဒနာနုပဿနာ ဒု -ပိုင်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP