* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 12, 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၁

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၁

တရားပွဲများပြန်လည်ကျင်းပခြင်း

သက္ကရာဇ် ၁၃၀၇-ခုနှစ် သီတင်းကျွတ်တွင် ဆရာတော်သည် ဘော်ပတန်းရွာမှ မိုးကုတ်မြို့ပေါ်သို့ ပြန်လည်ကြွလာသည်။ ထိုအခါ ဒကာ-ဒကာမများလည်း ဆရာတော်၏ တရားများကို နာကြားလိုသည့် အာသီသကြောင့် တရားဟောပေးပါရန် လာရောက်လျှောက်ထားကြသည်။ ထို့ကြောင့်ပင် မိုးကုတ်မြို့တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားပွဲများ ပြန်လည်စတင်လာခဲ့လေသည်။ ဒီတစ်ခါ တရားပွဲများကတော့ ခန္ဓာဥာဏ်ရောက် တရားပွဲများသာ ဖြစ်ပါလိမ့်မည်၊ အားရစရာ ကောင်းလိုက်လေခြင်း။ ဆရာတော်သည် မိမိက တရားဟောရုံမျှဖြင့် ပြီးပြည့်စုံသည်ဟု မယူပေ၊ ဒကာ-ဒကာမများ ဟောသည့်တရားနားလည်ကြသည်၊ နားမလည်ကြသည်ကို များစွာဂရုပြုတော်မူသည်။ နားမလည်ပါက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း မေးလိုရာမေးကြပါဟု အမြဲလမ်းဖွင့်ပေးသည်၊ ကျေနပ်လောက်အောင် နားလည်လောက်အောင် အကျိတ်အခဲကို ဖြေရှင်းပေးလေ့ရှိသည်။ “ဒို့တစ်တွေ မိသားစု တရားပွဲမှာ ဖြည်းဖြည်း အေးအေးနဲ့ နားလည်မှုကို ရှေးရှုပြီး သွားကြရအောင်” ဟု မိန့်တော်မူသည်မှာ ရင်အေးဖွယ် ဖြစ်ပါသည်။

*************************
စင်္ကြံသွားခြင်း (လမ်းလျှောက်ခြင်း) ကြောင့် ရရှိသော အကျိုးများဖြစ်သည့် ခရီးရှည်သွားနိုင်ခြင်း၊ ဇွဲလုံ့လ ၀ီရိယသန်ခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ အစာကြေခြင်း၊ သမာဓိခိုင်မြဲခြင်း စသည်များကို စာသင်သားဘ၀ထဲက ကောင်းစွာ အလေးပြုတော်မူခဲ့သော မိုးကုတ်ဆရာတော်ဘုရားကြီးသည် လမ်းလျှောက်ခြင်းအမှုကို အထူးအရေးထား၍ လေးစားတော်မူခဲ့သည်၊ ထို့ကြောင့် ရောက်သည့်အရပ်တွင် အချိန်ယူ၍ လမ်းလျှောက်ထွက်လေ့ရှိပါသည်။ သက္ကရာဇ် ၁၃၁၁-ခုနှစ်၊ နတ်တော်လဆုတ် ၁၁-ရက်သို့ရောက်သောအခါ ဆရာတော့်တွင် သိက္ခာတော် ၃၁-၀ါ ရ၍၊ သက်တော်-၅၀ ပြည့်မြောက်လေသည်။ တရားပွဲများကို ကျောင်းဒကာကြီးဦးလယ်၏ နေအိမ်တွင်ပင် ကျင်းပခြင်းဖြစ်ပြီး၊ ဒကာ-ဒကာမများ အလုပ်သိမ်းလောက်မည့် အချိန်ကို ခန့်မှန်း၍ နေ့စဉ် ည(၇)နာရီမှ၊ (၈)နာရီအထိ ဒကာ-ဒကာမများ ဥာဏ်က လက်ခံနိုင်လောက်သည့် တရားဟောချိန် ၁-နာရီမျှသာ သတ်မှတ်ထားပေးသည်။ တရားဟောရင်း တန်းလန်း ၁-နာရီပြည့်မြောက်သွားလျှင် နောက်တစ်ပွဲကျမှသာ ထိုတရားကို ဆက်ဟောလေသည်၊ တရားနာသူ၏ ခံယူနိုင်စွမ်းကို အစဉ်သုံးသပ်တော်မူပုံရပါသည်။

******************************
သက္ကရာဇ် ၁၃၁၄-ခုနှစ်၊ သီတင်းဝါကျွတ်လ၊ (၁၉၅၂-ခု၊ အောက်တိုဘာလ) သို့ပင် တိုင်ခဲ့ပေပြီ။ ဆရာတော်ကား စစ်အတွင်း ကျောင်းဒကာကြီး ဦးလယ်တို့ လာရောက်ပင့်စဉ်မှစ၍ ယခုအချိန်ထိ မိုးကုတ်မြို့မှာပင် သီတင်းသုံးဆဲပင်ဖြစ်ပါသည်၊ အမရပူရသို့ မပြန်ဖြစ်သေးပေ။ ၁၀-နှစ်မျှပင် ကြာညောင်းခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် သာမဏေရွယ်ဘ၀၊ ရဟန်းငယ်ဘ၀၊ ဆရာတော်ကလေးဘ၀သို့တိုင် ပြုစုထောက်ပံ့ခဲ့ရသော အမရပူရမှ ဒကာ-ဒကာမတို့ကား ဆရာတော့်အား မျှော်နေရှာကြတော့သည်။ တစ်နေ့တွင် ကျောင်းအမကြီး ဒေါ်သက်ရင်၏ ပူဆာပြင်းပြ တောင့်တချက်အရ ကြီးကဲသော ဒကာ-ဒကာမများစု၍ ဆရာတော့်အား အမရပူရသို့ ပြန်လည်ပင့်ရန် မိုးကုတ်မြို့သို့ လိုက်လာကြလေသည်။ ထို့ကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးသည် ထိုနှစ် နိုဝင်ဘာလတွင်ပင် အမရပူရသို့ ပြန်လည်ကြွလာခဲ့သည်။ ၁၉၅၃-ခုနှစ် မတ်လလောက်တွင်၊ မကြာလှသောအချိန်အတွင်း အမရပူရတရားနာပရိတ်သတ်များ လျင်မြန်စွာ နားလည်လာကြပုံပေါ်သည်၊ တရားနာပရိတ်သတ်များမှာ အလွန်များပြားနေပြီဖြစ်ပါသည်။ တရားနာပရိတ်သတ်များအနေဖြင့် မိမိတို့ ကောင်းစွာကျင့်ကြံနိုင်လျှင် သောတာပန်၊ သကဒါဂါမ် စသော အရိယာများ ဖြစ်ခွင့်ရှိကြောင်း ဥာဏ်ပွင့်လာကြလေသည်။ ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ တရားတော်များကို မိုးကုတ်ဆရာတော်ဘုရားကြီးက မြန်မာလို အဓိပ္ပါယ်ပြန်၍-ပြန်၍ ဟောပြသည်မှာ ထူးခြားဆန်းသစ်လှပါသည်။ ပါရမီနှင့် ဆက်စပ်၍ ဆရာတော်ဘုရားကြီး စွန့်စားဟောကြားသည်မှာ မှတ်ဖွယ်ကောင်းပါသည်။ “ဒကာ-ဒကာမတို့…… သမ္မာသမ္ဗုဒ္ဓအတွက်၊ ပစ္စေကဗုဒ္ဓအတွက် ပါရမီလိုတယ်၊ လက်ယာတော်ရံ လက်ဝဲတော်ရံ အဂ္ဂသာဝကအတွက် ပါရမီလိုတယ်၊ မဟာသာဝက အသီတိသာဝကတွေအတွက် ပါရမီလိုတယ်……………..၊ နိဗ္ဗာန်ရမယ်ဆိုရင် ဘယ်အချိန်ရရ ယူမယ်ဆိုသူတွေ ပါရမီဖြည့်စရာမလို၊ ပါရမီက ပြည့်နေပြီ” ဟူသော ရဲရဲတောက် ဟောကြားချက်သည် အားထုတ်မည့်၊ အားထုတ်သည့် ယောဂီတို့အတွက် လွန်စွာ အားတက်ရပါသည်။

*******************************
အမရပူရတွင် ဆရာတော် စတင်တရားဟောစက ပရိတ်သတ်အနည်းငယ်မျှသာ ရှိလေသည်။ နောက်ပိုင်း၌ ပရိတ်သတ်အင်အားကြီးလာရာတွင် ဆရာတော့်အနေဖြင့် အားလုံးကြားအောင် အော်အော်ပြီး တရားဟောနေရသောအခါ များစွာ ပင်ပန်းရလေသည်။ ထို့ကြောင့် ဒကာများက အင်ဂျင်စက်တစ်လုံးငှား မီးစက်မောင်း၍ အသံချဲ့စက် တပ်ဆင်ပေးကြသည်။ ထို့ပြင် ဆရာတော် ဟောလာခဲ့သည့် တရားပွဲပေါင်း များစွာရှိနေပြီဖြစ်သော်လည်း၊ သစ္စာတရားတော်တို့ကား နှမြောဖွယ်ကောင်းစွာ ပျောက်ပျက်ကုန်သည့် ကိစ္စက ရှိနေပြန်သည်။ သက္ကရာဇ် ၁၃၁၅-ခုနှစ်၊ တပို့တွဲလ (၁၉၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ) တွင် ရင်းနှီးသော ဒကာများ စုဝေးတိုင်ပင်၍ တိပ်ရီကော်ဒါကြီးများ(အသံဖမ်းကြိုးခွေကြီးများ အ၀ိုင်းကြီးများဖြစ်၏၊ တစ်ဘက်လျှင် ၁-နာရီကြာ၊ နှစ်ဘက်ဖြစ်၍ ၂-နာရီကြာ အသုံးပြုနိုင်သည်)ဖြင့် ဆရာတော်ဟောသမျှ တရားအသံများကို စတင် ဖမ်းယူကြလေသည်၊ အစတွင် မကျွမ်းကျင်သဖြင့် အချို့တရားများ ပျောက်ပျက်ကုန်သည်လည်း ရှိပါသည်။ ဆရာတော်က အမရပူရမှ ဒကာဦးထွန်းတင်အား အောက်ပါအတိုင်း သတိမူဖွယ် အမိန့်ရှိလေသည် “မောင်ထွန်းတင်ရေ….ယခုလို သိပ္ပံတွေထွန်းကားလာပြီးတော့ အသံတွေဖမ်းယူထားနိုင်တယ်ဆိုတာ သုံးတတ်ရင် နိဗ္ဗာန်အထိရောက်နိုင်တယ်ကွ၊ မသုံးတတ်ရင်လည်း ဒယ်အိုးထဲ သွားကြမှာပဲ”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP