မိုးကုတ်ဆရာတော်ဘုရားကြီး-၁၅
မိုးကုတ်ဆရာတော်ဘုရားကြီး
*
ထိုအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီးမှာ ရိပ်သာဓမ္မာရုံခန်းမကြီးထဲတွင် ကုလားထိုင်ပေါ်၌ ငြိမ်သက်စွာထိုင်နေလေသည်။ မရှေးမနှောင်းတွင်ပင် ထိုကျောင်းရှိ ခန်းနေ ဦးပဉ္စင်းက ဒကာမကြီးအား အလျှော်ခိုင်းရန် ခြင်ထောင်ကို ပွေ့၍ ဒကာမကြီးထံသို့ သွားနေသည်၊ ထိုစဉ် မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးပဉ္စင်းအား “ဒေါ်သိန်းတင် မဂ်ကျပြီဆိုပါလားကွ……” ဟု လှမ်း၍ ပြောလိုက်သည်။ ဦးပဉ္စင်းလည်း သိချင်စိတ်ကြောင့် မီးဖိုဘက်သို့ တောက်လျှောက်သွားတော့သည်၊ ဒေါ်သိန်းတင်မှာ တရားနှလုံးသွင်းလျက်ပင် ရှိသေးသည်။ “ဒကာမကြီး ဒေါ်သိန်းတင်….မဂ်ကျပြီဆို…” သိချင်အမောဖြင့် အလောမေးရာ၊ ဒေါ်သိန်းတင်က “တပည့်တော်မ ဘယ်သူ့ကိုမှ ဘာမှ မပြောရသေးပါလားဘုရား” ဟူ၍ ပြန်လည်လျှောက်ထားလေ၏။
*
မိုးကုတ်ဆရာတော်ကြီးနှင့် သကဒါဂမ်ဆရာဘကြီး
သကဒါဂမ်ဆရာဘကြီးသည် အနယ်နယ်အရပ်ရပ်ကို လှည့်၍ တရားပြပေးနေသူဖြစ်ပါသည်။ ထက်မြက်၍ နာမည်ကြီးပါသည်၊ သို့သော် ဟောသည့်နေရာတိုင်းတွင် အဆင်မပြေတတ်သည့် ပြဿနာရှိပါသည်။ ယခုလည်း တရားပြသရန်အတွက် မိုးကုတ်မြို့သို့ ရောက်လာလေသည်၊ ဆရာကြီးတွင် ပြဿနာကို ဆောင်ကျဉ်းမည့် “စာတတ်ချင်ရင် စာသင်တိုက်ကိုသွားကြ၊ သောတာပန်ဖြစ်ချင်ရင်တော့ ကျွန်ုပ်ဆီကို လာ၍ တရားနာလှည့်ကြ၊ တရားပွဲအဆုံးမှာ သောတာပန်တည်စေရမည်” ကြေညာဆိုင်းဘုတ်ပါ- ပါရှိလာခဲ့သည်။ ထိုအခါ “ဒီလူကြီးနှယ်……ကြီးကျယ်လိုက်တာ” ဟူ၍ ရဟန်းရှင်လူအများ မကျေမနပ်ဖြစ်ပြီး၊ အစစ်ဆေးခံရမည်ဟု ဆိုကြသဖြင့် မြို့နယ်လုံးဆိုင်ရာ သံဃာစုံ လူကြီးစုံ ရှေ့တွင် ဆရာဘကြီး ရောက်ရလေသည်။ ကြေညာဆိုင်းဘုတ်ပြဿနာကို စစ်မေးဖြေရှင်းရန်အတွက် သံဃာများက မိုးကုတ်ဆရာတော်ကြီးကို တာဝန်ပေးသဖြင့်၊ ထိုပွဲသို့ ဆရာတော်ကြီးပါ ကြွလာခဲ့သည်။
“တရားပွဲအဆုံးမှာ သောတာပန် တည်စေရမည်လို့ ရေးထားတာ မှန်ပါသလား” ဟု ဆရာတော်ကြီးက မေးမြန်းရာ ဆရာဘကြီးလည်း ရေးထားကြောင်း ပြန်လည်လျှောက်သည်။ ဘုရားတောင်မှ ဆရာကြီးလို အာမခံချက်မပေးကြောင်းဖြင့် ဆရာတော်ကြီးဦးဝိမလက ရှင်းလင်းပြတော်မူရသည်။ “ဆရာကြီးက လူတိုင်း လူတိုင်း သောတာပန် ဖြစ်စေချင်တဲ့အနေနဲ့ ဒါဟာ စေတနာလွန်ကဲသွားတယ် ထင်တယ်” ဟူ၍ အရိယာတစ်ယောက်အပေါ် သုံးနှုန်းလိုက်သည့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ငြိမ်းချမ်းရေး စကားမှာ အင်မတန်လှပါသည်။ ထိုအခါတွင်မှ ဆရာဘကြီးက စေတနာလွန်ကဲမိကြောင်း ၀န်ခံလေသည်။
*
အရှင်ဘုရားကို မုန်းကြတယ်
ဘာသာရေးဘက်တွင် အယူအဆရေးရာ ယိုယွင်းတိမ်းချော်မှုများကို များစွာတွေ့နေရသဖြင့် ဆရာတော်ကြီးမှာ ရှောင်ကွင်းမနေသာချေ၊ တတ်နိုင်သမျှ အလှမ်းမီသမျှကို အမြဲတစေ ပြုပြင်ထောက်ပြနေရသည်။ မိုးကုတ်ဆရာတော်ကြီးဘုရားဟူ၍ လျှမ်းလျှမ်းတောက်ကျော်ကြားပြီး ကြည်ညိုသူ ပရိတ်သတ်အပေါင်း ၀န်းရံနေသော်ငြားလည်း၊ အမြင်စောင်း၍ မကျေမနပ်ဖြစ်နေမည့် ပရိတ်သတ်လည်း နည်းမည်မဟုတ်ပါ။ ရင်းနှီးသူ ဒကာ-ဒကာမများက လာ၍ “အရှင်ဘုရားကို ကြဉ်ကြမလို့တဲ့-သတိပြုတော်မူပါ” ဟု လာရောက်လျှောက်ကြသည်၊ ထိုအခါ ဆရာတော်ကြီးက ဤသို့ ပြန်၍မိန့်တော်မူသည်-“သူတို့က ခုမှ ကျုပ်ကို ကြဉ်ကြတာ၊ ကျုပ်က ကျုပ်ကိုကျုပ် ကြဉ်ထားတာ ကြာလှပြီ” ။ တစ်ခါတုန်းကလည်း အရင်းနှီးဆုံး ဒကာမကြီး ဒေါ်ဖုံက ဆရာတော်ကြီးအား “အရှင်ဘုရားကို မုန်းကြတယ်၊ အရှင်ဘုရားရဲ့ ပြောပုံဆိုပုံတွေကို မကြိုက်လို့ မုန်းကြသတဲ့ ဘုရား” စသည်ဖြင့် လျှောက်ထားရာ၊ “သူတို့က ခုမှ မုန်းကြတာပါ၊ ကျုပ်က ကျုပ်ကိုယ် ကျုပ် မုန်းနေတာ ကြာပြီ” ဟူ၍ အေးအေးဆေးဆေး ပြန်လည် မိန့်တော်မူလေသည်။

0 comments:
Post a Comment