ပညာတတ်လား လူမိုက်လား တွေးစမ်းပါအုန်း
ပညာတတ်လား လူမိုက်လား တွေးစမ်းပါအုန်း
တကယ်တမ်းပြောမယ်ဆိုရင်တော့ ဥပါဒါန်လုပ်လိုက်လို့ ကံဖြစ်တယ်လို့ ပြောရပါ့မယ်နော်။ လူတွေ ဒုက္ခတွေ အရမ်းရောက်နေတာ စွဲလို့ပါ တခြားအကြောင်းမရှိပါဘူး။ အကြောင်း လုပ်လို့ အကျိုးရနေတာပါနော်။ တစ်ခါ တစ်ခါ ခင်များတို့ ကျွန်တော်တို့က လူတွင်ကျယ်လုပ်ပြီး ကိုယ့်ကိုယ်ကို ပညာတက်တဲ့ အင်ဂျင်နီယာကြီးတဲ့။ ဆိုချင်တာက ဥာဏ်ကြီးတယ် တော်တယ် ပေါ့လေ။ ခင်များတို့ ကျွန်တော်တို့က ဘာနဲ့တူလဲသိလား။ ကလေးတစ်ယောက် သိပ်မသိတက် သေးခင်မှာ အမေက သန့်ရှင်းအောင်ဆိုပြီး ကတုံး တုံးပေးလိုက်တယ်။ ဒါကို သူ့ဆံပင် ကိုညှပ်ရပါ့မလားဆိုပြီး။ ငိုပြီးတော့လေ “ကျုပ်ဆံပင်တွေ ပြန်ရှည်အောင်လုပ်ပေး” ဆိုပြီး ငိုနေသလိုပဲဗျ။
ဘုရားရှင်က မင်းတို့ ဒီအကြောင်းတွေ မလုပ်နဲ့ ဒါတွေ လုပ်ရင်တော့ ဒီအကျိုးရမှာပဲလို့ ဟောခဲ့တယ်လေ။ အခုလဲ မျက်မှောက်ခေတ် ကိုယ့်ပတ်ဝန်ကျင်မှာ ကြည့်ပါဗျာ။ မနက် မိုးလင်းတာနဲ့ တဏှာ ခိုင်းတာလုပ်ပြီ။ အလုပ်သွားရအုန်းမယ် စားရအုန်းမယ် ဟိုလူချိန်းထားတယ် သူနဲ့တွေ့မှ ခွင်ကအဆင်ပြေမှာ တစ်ချို့ လည်း ပြင်ရတယ် ဆင်ရတယ် ဒါမှ လှတာ။ ခင်များတို့ တွေးကြည့်ပါလား ဦးနှောက်ကြီးတယ် ဥာဏ်ကြီးတယ်ပြောပြီး။ တွက်ကြည့်လေ ကွန်ပျူတာတွေ သုံးနေပြီး။ တစ်နေ့တစ်နေ့ လုပ်တဲ့ အကုသိုလ်က မိုးလင်းထဲက စတာပဲ။ မသိတဲ့ သူတွေအတွက်ပါနော် ၀ိဇ္ဇာဆိုတဲ့ ဥာဏ်နဲ့ ၀ိပဿနာ မလုပ်တဲ့ ကျန်တဲ့အချိန် ၀ဋ်ဒုက္ခ ရဖို့ လုပ်နေတာတွေပဲလို့ သာမှတ်ပါ။
ဝိဿနာ မလုပ်တဲ့အချိန် အ၀ိဇ္ဇာဖြစ်မယ်။ လိုချင်လာရင် လုပ်ချင်လာရင် တဏှာဖြစ်မယ်။ ဒါ့ကြောင့်မူလ နှစ်ဖြာလို့ပြောတာပါနော်။ အထက်မှာ ဥပမာပြခဲ့တဲ့ ကလေးလိုပဲ။ ဆံပင်ညှပ်ပြီးမှာတော့ ချက်ချင်း ပြန်ရှည်အောင်လုပ်လို့ မရတော့ဘူး။ ခင်များတို့ ကျွန်တော်တို့လည်း ဒုက္ခဖြစ်မဲ့ အကြောင်းလုပ်မှာတော့ ဒုက္ခရမှာပဲ။ အဲဒီအခါကျမှ မလိုချင်ဘူး ငါ့ကျမှ ကွက်ဖြစ်ရလား။ ရင်ဖက်စည်တီး ငိုကြီးချက်မ မလုပ်ကြပါနဲ့။ လုပ်ရဲတဲ့သူလုပ်လေ ခံရရင်လဲ ဘယ်သူမှ မကယ်နိုင်ဘူးသာ မှတ်ပါ။ ဘုရားတောင် မကယ်နိုင်ဘူးဗျာ။ လွတ်မဲ့လမ်းပဲ ပြပေးနိုင်တယ်။
ပညာရှင်တွေက ဒါကျတော့ မစဉ်းစားတက်ဘူးလာ။ မသိတော့ဘူး တဲ့လား။ ငါ့ဘာမှတ်လဲ ဘွဲ့ရပြီးသားကွ။ နိုင်ငံခြားမှ အလုပ်လုပ်နေတာ သူများထက် ပိုက်ဆံပိုရတယ်။ တိုက်ရှိတယ်။ ကားရှိတယ်တော့ လုပ်ပြီး။ အကုသိုလ် မလုပ်ကြနဲ့ လုပ်ရင် မင်းတို့ ခံရမယ်။ ဆိုတဲ့ဒီစကားကြတော့ သိသလိုလိုနဲ့ အရူးကွက် နင်းနေကြတယ်နော်... တကယ်တော့ စာပဲနားလည်တယ်။ တကယ်ဖြစ်မယ် ဆိုတာကျတော့ သိပ်မယုံကြဘူးဗျာ။ ဘုရားဟော မယုံလို့ လုပ်တာပေါ့။ တကယ်သာယုံကြည့် ကိုယ်ယုံသလောက် အကုသိုလ်လုပ် တာလည်းနည်းသွားမယ်။
မနက်လင်း မေတ္တာပို့ လေး ပရိတ်တရားဖွင့်ပြီး ဥပုလ်သီတင်းလေး စောင့်ရုံနဲ့တော့ မိုးကုတ် ဆရာတော် ဘုရားကြီး ဟောထားတယ်လေ အိမ်နီးချင်း သာဓုခေါ်ကောင်းရုံပဲ ရှိမယ်တဲ့။ တစ်ခါ သဲအင်းဂူ ဆရာတော်ဘုရားကြီးက ခင်များတို့ စားထားတဲ့ ကြက်တွေ ဘဲတွေ ၀က်တွေ ငါးတွေ အများကြီးပဲ ဒီရုပ်နဲ့ ဒီနာမ်အကြောင်း သိရင်သိမသိရင်တော့ ဗုံလုံတလှည့် ငါးပျံတလှည့်ပဲတဲ့။ ခန္ဓာနဲ့ ဆပ်ရမယ်သာမှတ်တဲ့။
ဒီလို ရဟန္တာ အရှင်မြတ်ကြီးတွေက ပြောခဲ့တာတွေကျ မနာဘူး။ မစဉ်းစားဘူး။ မသိချင်ယောင် ဆောင်နေကြတယ်။ ခင်များတို့ကျုပ်တို့က သူခိုးတွေ ဒမြတွေမှ လူမိုက်လို့ သတ်မှတ်နေတာကိုးဗျ။ တကယ်တော့ ခင်များတို့ ကျုပ်တို့ကမှ သံသရာ တသက်တကျွန်းကျမဲ့ လူမိုက်အစစ်တွေဗျ။ ဒီလိုလေးများပြောရင် မခံနိုင်တဲ့သူက ရှိသေးတယ်။ အဲဒီမခံချင်တဲ့ စိတ်ကိုက မိုးကြောခိုင်း လေးဖက်ထောက်ပြီး အပါယ်ရောက်မဲ့ စိတ်သာ မှတ်ပေတော့။ ဆရာတော် ဦးဥတ္တမသာရ ဟောခဲ့ပါတယ်။ ကိုယ်ထင်ရာ ကိုယ် အမှန်တရားလုပ်မနေနဲ့။ ကိုယ်ထင်တာ ဟူသမျှက အကုန်အမှားကြီးပဲ။ ဘာလို့လဲသိလား ကိုယ်လို့ ယူလိုက်ကတည်းက စမှားနေလို့ပဲ။ ခေါင်းတွဲက လမ်းမှားမှတော့ နောက်တွဲတွေလဲ မှန်စရာကို မရှိတော့ဘူး။
တကယ်တော့လဲ ကိုယ်ထင်ရာ ကိုယ်အမှန်တရားလုပ်ပြီး ရူးနေကြတာပါ။ သိသင့်သိထိုက်တာကျ သိအောင်မလုပ်ဘူး။ မသိသင့်တာတွေ မသိထိုက်တာတွေကျ သိအောင် အတင်ကြိုးစား နေကြတယ်ဗျာ။ လူတော်တော်များများက မယောင်ရာ ဆီးလူးတယ်။ မီးလောင်ရာ တခြား ရေလောင်းတာ တခြားဖြစ်နေကြတယ်ဗျ။ ဘုရားက ဒါမလုပ်ကြနဲ့ မင်းတို့ ဘေးတွေ့မယ်ဆိုလဲ လုပ်တာပဲ။ မျက်နှာချိုသွေးပြီး ဒါတောင် မနက်မိုးလင်းတော့ ဆွမ်းတော် ကပ်လိုက်သေးတယ်။ ကုသိုလ်မရဘူးတော့ မဟုတ်ပါဘူး။ ဥာဏ်ရှိတယ်ဆိုဗျာ ဘာလို့ ၀ဋ်လည်လမ်း လုပ်မလဲ ၀ဋ်ပြတ်လမ်းလုပ်ပေါ့။ အခုတော့ မဟုတ်ကြပါဘူး။ ဘုရားဟောကျ ပယ်တယ်။ တဏှာဟောတယ် ယူတယ်။ ဘုရားစကားကျ ပုပ်လေတဲ့ငပိ ရှိတယ်တောင်မထင်ဘူး။ တဏှာ ခိုင်းတာကျ ချွေးတရွှဲရွဲနဲ့ ရုန်းဟ လုပ်ဟ နင်လုပ်မှ နင်စားရမှာ ဒါမှ လူတန်းစေ့မှာ။ နင့်သား နင့်သမီး နင့်မိသားစု နင့်ဘ၀ ဒါမှ လူရာဝင်မှာ ဆိုတဲ့ တဏှာစကားကျ မြေ၀ယ်မကျ နားထောင်တယ်။ မိုးကုတ်ဆရာတော် ဘုရားကြီးက ဟောပါတယ်။ အရှင်ဘုရား ဟောတာတွေကတော့ မှန်ပါတယ်ဘုရားတို့….. အရှင်ဘုရားကတော့ ဟောရှာပါတယ်.. ဒို့ကိုက။ အဲဒါ တဏှာ လက်အောက် ရောက်နေတယ်ဆိုတာ သက်သေပြတဲ့ စကားတွေပဲဗျ။ ကဲ သူတစ်ပါးတွေကို သိစေချင်တဲ့ စေတနာ အရင်းခံပြီး ခပ်ကြမ်းကြမ်း ရေးမိတာ မှားတာ လွန်တာ ကျွံတာရှိရင် ခွင့်လွတ်ပါ။
သိင်္ခ

0 comments:
Post a Comment