* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 17, 2009

*ဇာတိပဋိသန္ဓေနှင့် စပ်လျဉ်း၍…*

ရှိရှိသမျှသော သတ္တ၀ါ အားလုံးသည် အနတ္တ သဘောချည်း ဖြစ်ခဲ့လျှင် မည်သည့် တရားသည် ဇာတိ ပဋိသန္ဓေ တဖန်ပြန်၍ နေပါသနည်း။ အကယ်၍ ၀ိညာဉ် မရှိခဲ့လျှင် ဇာတိ ပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း။ ဗုဒ္ဓ၏ ၀ါဒအရ ဇာတိ ပဋိသန္ဓေ တဖန်ပြန်၍ နေခြင်း သဘောကို အနတ္တ သို့မဟုတ် ၀ိညာဉ်မဲ့ တရား ဒေသနာနှင့် အညီ ရှင်းလင်း ဟောကြားတော် မူပါဘုရား။
(မေးမြန်း လျှောက်ထားသူ- ဒေါက်တာ အေ၊ အမ်၊ ဘောကာ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဘားအက်လော၊ ဒီအက်(စ်)စီ၊ ကွယ်လွန်သူ အိန္ဒိယ တရားဝန်ကြီး ချုပ်ဟောင်း၊ ဖြေဆိုသူ- ဆရာတော် အရှင် အရိယ ဓမ္မ။)

ဆရာတော်
ဗုဒ္ဓ၀ါဒ အရ ဇာတိပဋိသန္ဓေ တဖန် ပြန်နေခြင်း သဘောဟာ အလွန် နက်နဲတယ်။ ရှင်းလင်း ပြဖို့ရာလည်း ခက်ခဲတယ်။ နားလည် သဘော ပေါက်ဖို့လည်း ခဲယဉ်းလှတယ်။ ဟိန္ဒူဝါဒ ၀ိညာဉ် ကူးပြောင်းတယ် ဆိုတဲ့ သဘောနဲ့လည်း လုံးလုံး မတူဘူး။ ဒါကြောင့် ဒကာကြီး မှန်တစ်ချပ်ကို ယူလာ နိုင်ရင်တော့ မှန်ထဲမှာ အရိပ်ထင်လာတဲ့ သူကို ရုတ်တရက် ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်လာတဲ့သူ အဖြစ်နဲ့ လက်တွေ့ ဥပမာ ပြပြီးတော့ ရှင်းပြနိုင်ပါ လိမ့်မယ်။

ဒကာကြီး (ဒေါက်တာ)
(အလွန် အံ့သြသွားပြီး) အသက်ရှင်လျက် ရှိနေသော လူတစ်ယောက်ကို ဇာတိ ပဋိသန္ဓ တဖန်ပြန်ပြီး နေအောင် လုပ်နိုင်ပါ့မလား ဆရာတော်။

ဆရာတော်
ဗုဒ္ဓရဲ့ ရှုထောင့်မှ နေပြီး ဒီလို အသက်ရှင်နေတဲ့ သူဟာ ဇာတိပဋိသန္ဓေ ပြန်နေလို့ ဖြစ်နိုင်တယ်လို့ ပြောရလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဒီအခု တွေ့မြင်နေရတဲ့ ဒကာကြီးတို့ ဦးပဉ္ဇင်းတို့ ရုပ်သဏ္ဌာန် တွေမှာ အသွေးအသား၊ အရိုး၊ အကြော ဆိုတဲ့ ရုပ်ကလာပ်တွေဟာ မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာပင် ချုပ်ငြိမ်း ပျက်သုဉ်း နေကြလို့ပဲ။ ဒီသဘောကို ယခု ခေတ်သစ်သိပ္ပံ ပညာကလည်း ဟုတ်မှန်ကြောင်း ၀န်ခံထားပြီးပြီ။ (သို့နှင့် မှန်ယူလာသော အခါ)

ဆရာတော်
(ဒကာကြီးအား ခေါ်ပြီး) ကဲ ဒကာကြီး၊ မှန်ရှေ့မှာ ခဏ ရပ်ပါဦး။ ပြီးတော့ မှန်ထဲက လူနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကိုလည်း သတိထားပြီး ဖြေပါဦး။ ကဲ ဒကာကြီး၊ မှန်ထဲမှာ ဘယ်သူ့ကို မြင်သလဲ။

ဒကာကြီး
မှန်ထဲက လူဟာ တပည့်တော်ပါပဲ ဘုရား။ တခြားသူ မဟုတ်ပါဘူး။

ဆရာတော်
ကဲဒါဖြင့် မှန်ထဲကလူနဲ့ ဒကာကြီးဟာ နှစ်ယောက်လား၊ တစ်ယောက် တည်းလား။

ဒကာကြီး
(ခေတ္တ စဉ်းစားနေပြီးနောက်) မှန်ထဲက လူနဲ့ တပည့်တော်ဟာ တစ်ယောက်တည်းပါပဲ ဆရာတော်။ ဒီလူပါပဲ။ တခြားလူ မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်
ကဲ ဒါဖြင့်ရင် မှန်ထဲကလူက ဘယ်ဘက်ကို မျက်နှာလည့်နေပြီး ဒကာကြီးက ဘယ်ဘက်ကို မျက်နှာလှည့် နေတုန်း။

ဒကာကြီး
တပည့်တော်က အရှေ့ဘက်ကို မျက်နှာ လှည့်နေပါတယ်။ မှန်ထဲက လူက အနောက်ဘက်ကို မျက်နှာ လှည့်နေပါတယ် ဆရာတော်။

ဆရာတော်
ဒကာကြီးက အရှေ့ဘက်ကို မျက်နှာ မူနေပြီး၊ မှန်ထဲက လူက အနောက် ဘက်ကို မျက်နှာ မူနေလို့ ရှိရင် ဒကာကြီးနဲ့ အဲဒီ မှန်ထဲက လူဟာ တစ်ယောက်တည်း၊ တစ်ဦးတည်း ပဲလို့ ဘယ့်နှယ့် လုပ်ပြီး ဒကာကြီး ပြောနိုင်တာလဲ။

ဒကာကြီး
(အနည်းငယ် အကြံအိုက်သွားပြီး) တပည့်တော် အဖြေကို ပြင်ဖြေပါရစေ ဆရာတော်။

ဆရာတော်
ဖြေနိုင်ပါတယ်။

ဒကာကြီး
မှန်ထဲက လူဟာ တပည့်တော် မဟုတ်ပါဘူး၊ တပည့်တော်ရဲ့ အရိပ်ပါ ဆရာတော်။

ဆရာတော်
မှန်ထဲကလူဟာ ဒကာကြီးတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒကာကြီးရဲ့ အရိပ်ပဲလို့ ဆိုရင် အဲဒီ အရိပ်က ဒကာကြီး လုပ်သမျှကို လိုက်လုပ် နိုင်မှာပေါ့၊ ဟုတ်ရဲ့လား ဒကာကြီး။

ဒကာကြီး
မှန်ပါတယ် ဆရာတော်။

ဆရာတော်
ဒီလို ဒကာကြီးရဲ့ အရိပ်မို့လို့ ဒကာကြီး လုပ်သမျှ အကုန်လုံးလိုက်ပြီး လုပ်တယ်လို့ ဆိုရင် ဒကာကြီးရဲ့ အရိပ်ထင်မှုပဲ ဖြစ်တဲ့၊ တနည်းအားဖြင့် ဒကာကြီးရဲ့ အရိပ်ပဲ ဖြစ်တဲ့ ဓါတ်ပုံရှေ့မှာ ဒကာကြီးက လက်ကို မြှောက်လိုက်ရင် ဒကာကြီး ဓါတ်ပုံကလည်း လက်ကို လိုက်ပြီး မြှောက်ပါ့မလား။

ဒကာကြီး
အရိပ်ထင်ထားတဲ့ ဓါတ်ပုံကတော့ တပည့်တော် လုပ်သလို လိုက်လုပ်မှာ မဟုတ်ပါဘူး ဆရာတော်။

ဆရာတော်
ဒီလိုဆိုရင် လူတစ်ယောက်ရဲ့ အရိပ်က အဲဒီလူ လုပ်သမျှ လိုက်ပြီး လုပ်တယ်ဆိုတဲ့ ဒကာကြီးရဲ့ စကားဟာ မမှန်တော့ ဘူးပေါ့။

ဒကာကြီး
မမှန်ပါဘူး ဆရာတော်။

ဆရာတော်
ကဲ ဒကာကြီး၊ မှန်ရှေ့မှာ မတ်တပ် ရပ်လိုက်ပါဦး။ ကဲ… ဒကာကြီးရဲ့ ညာဘက်လက်ကို မြှောက်ပြီး ပြန်ချလိုက် ပါဦး။ ကဲ ဒကာကြီး လုပ်သလို မှန်ထဲက လူက လုပ်သလား။

ဒကာကြီး
လုပ်ပါတယ် ဆရာတော်။

ဆရာတော်
ကဲဒီလို မှန်ထဲကလူက ဒကာကြီး လုပ်သလို လိုက်လုပ်လို့ ရှိရင် မှန်ထဲက လူဟာ ဓါတ်ပုံထဲက လူလို ဒကာကြီးရဲ့ အရိပ်ပါပဲ။ ဒကာကြီးက မဟုတ်ပါဘူးလို့ ငြင်းနိုင်ပါ့မလား။ ဒကာကြီးက ငြင်းနေမယ် ဆိုရင် ပရိသတ်ထဲက လူတစ်ယောက်ကို ခေါ်ပြီး မေးရဦးမှာလား။

ဒကာကြီး
ခေါ်ဖို့ မလိုတော့ပါဘူး ဆရာတော်။ မှန်ထဲက လူဟာ တပည့်တော်ပါပဲလို့ တပည့်တော်ရဲ့ အဖြေကို ပြန်ပြင်ဖြေ ပါရစေ ဆရာတော်။

ဆရာတော်
ကဲ ဦးပဉ္ဇင်း ပြခဲ့တဲ့ အကြောင်း ပြချက်တွေ အရ မှန်ထဲက လူဟာ တခြားလူ မဟုတ်ဘဲ ဒကာကြီးပါပဲလို့ ဆိုရင် ဒကာကြီးကို ဦးပဉ္ဇင်း တစ်မျိုးမေး ရဦးမယ်။ တကယ်လို့ မှန်ကို ဦးပဉ္ဇင်းက တူနဲ့ ထုပြီး ခွဲလိုက်ရင် မှန်ထဲက လူဟာ တစ်ခါတည်း ပျောက်ကွယ် သွားလိမ့်မယ်။ အဲဒီလို ပျောက်ကွယ် သွားရင် ဒကာကြီးကော တစ်ခါတည်း ပျောက်ကွယ် သွားမှာလား။

ဒကာကြီး
တပည့်တော် ကတော့ ဘယ် ပျောက်ကွယ် ပါ့မလဲ ဆရာတော်။

ဆရာတော်
ဒီလို မှန်ထဲကလူ ပျောက်ကွယ် သွားပါလျက်နဲ့ ဒကာကြီးက ပျောက်ကွယ် မသွားဘူး ဆိုလို့ရှိရင် ဒကာကြီးနဲ့ မှန်ထဲက လူဟာ တစ်ယောက်တည်းတော့ မဟုတ်တော့ဘူး၊ တခြားစီပေါ့။

ဒကာကြီး
တခြားစီလည်း မဟုတ်ပါဘူး ဆရာတော်။ တပည့်တော်တော့ ဆရာတော်ရဲ့ မေးခွန်းတွေကို ဖြေကို မဖြေတတ်တော့ ပါဘူး ဆရာတော်။ ဆရာတော်ကသာ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေခြင်း ဆိုတဲ့ သဘောကို ပိုပြီး ထင်ထင်ရှားရှား သိမြင် နားလည်အောင် ရှင်းပြပါတော့။

ဆရာတော်
မှန်ထဲမှာ ထင်လာတဲ့ အရိပ်ဟာ ဗုဒ္ဓ အလိုတော်ကျ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေတဲ့ သဘောနဲ့ တထပ်တည်းပဲ။ ဟိန္ဒူ ၀ါဒအရ ၀ိညာဉ် ကူးပြောင်းတဲ့ သဘောနဲ့ လုံးဝ မတူဘူး ဆိုတာကိုလည်း ထင်ရှားစေတယ်။ မှန်ထဲက အရိပ်ဟာ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေသူသည် ကွယ်လွန် စုတေသူလည်း မဟုတ်၊ သို့သော် တခြားသူလည်း မဟုတ် ဆိုတဲ့ စကားကို ဒကာကြီး သဘောပေါက်ပြီ မဟုတ်လား။

သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓ ကိုယ်တော်တိုင် ပြည့်ပြည့်စုံစုံ ဟောကြားတော် မူတဲ့ ဗုဒ္ဓရဲ့ ၀ါဒဟာ ပဋိစ္စ သမုပ္ပါဒ် တရားတော် ပေါ်မှာ အခြေ တည်ထားတယ်။ ပြီးတော့ အကြောင်းတရား မရှိဘဲနဲ့ အကျိုးတရား ဆိုတာ မပေါ်ပေါက် နိုင်ဘူးလို့ အတိ အလင်း မြွက်ဆို ထားတယ်။ ဗုဒ္ဓ ၀ါဒအရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်း သဘောနဲ့ ဆိုင်တဲ့ ပြဿနာမှာ ဒီ ပဋိစ္စ သမုပ္ပါဒ် တရားကို ပိုပြီး ရှင်းလင်းအောင် မှန်ထဲက လူနဲ့ မှန်ရှေ့မှာ ရပ်နေတဲ့ လူတွေကို လက်တွေ့ ပြခဲ့ပြီ။ ဒီနေရာမှာ မှန်ရှေ့မှာ ရပ်နေတဲ့ လူက အကြောင်းတရားပဲ။ မှန်ထဲမှာ လာထင်တဲ့ အရိပ်က အကျိုးတရားပဲ ဒကာကြီး။

တနည်းအားဖြင့် ဆိုရရင် မှန်ထဲက အရိပ်ဟာ မှန်ရှေ့က လူရဲ့ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေတဲ့ လူပဲ။ ဒါပေမယ့် မှန်ထဲက အရိပ်နဲ့ မှန်ထဲက လူဟာ တစ်ယောက်တည်းပဲလို့ ဆိုရင် မှားလိမ့်မယ်။ ဒီလို မဆိုနိုင်ပေမယ့် မှန်ထဲက အရိပ်ဟာ မှန်ရှေ့ကလူ မဟုတ်ဘဲ တခြားလူ လို့လည်း မဆိုနိုင်ဘူး။ ဒါကြောင့် ဒီအရိပ်နဲ့ လူဟာ ဘာလဲလို့မေးရင် အခုနက ပြောခဲ့သလို တစ်ခုက အကြောင်းတရား ဖြစ်ပြီး တစ်ခုက အကျိုးတရားလို့ပဲ ဆိုရမယ်။

ဗုဒ္ဓ၀ါဒ အရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်းဟာ ပိုပြီး ရှင်းသည်ထက် ရှင်းအောင် သမုတိ သစ္စာနဲ့ ပရမတ္ထ သစ္စာဆိုတဲ့ တရား နှစ်ပါးကိုလည်း ဆန်းစစ်ဖို့ လိုသေးတယ်။ သမုတိ သစ္စာ ဆိုတာက ဒီကမ္ဘာ လောကကြီးနဲ့ တကွ ဘုံ အသီးသီးမှာ ရှိတဲ့ သတ္တ၀ါတွေ၊ တရားစုတွေကို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စတဲ့ တရားစုနဲ့ မြင်၊ ကြား၊ နံ၊ ကြား၊ တွေ့ထိ ခံစားရတဲ့ အတိုင်း အမှန်တကယ် ဟုတ်တယ်လို့ ယူဆထားတဲ့ သစ္စာတရားပဲ။ ဒီ သစ္စာ တရားအရ အကြင်လူ တစ်ဦး တစ်ယောက်က ငါဟာ ငါတို့ရဲ့ ကုသိုလ် ကောင်းမှုကြောင့် ငါသေလို့ ရှိရင် နတ်ဘုံကို ရောက်လိမ့်မယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် ဒီသစ္စာ တရားဟာ တကယ့် သစ္စာတရား မဟုတ်ဘူး။ လူ၊ နတ်၊ ဗြဟ္မာ ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦးဟာ တကယ်သာ တည်ရှိမယ် ဆိုရင် အဲဒီ ခန္ဓာကိုယ် ရုပ်ကောင်ကြီးဟာ သူ့ကိုယ်သူ ထိန်းသိမ်း နိုင်ရမယ်။ မအိုရဘူး၊ မနာရဘူး၊ မသေရဘူး။

တကယ်လို့ ဒီခန္ဓာကိုယ် ရုပ်ကောင်တိုင်းမှာ မူလ ဗီဇ ကတည်းက အိုမင်းခြင်း၊ ပျက်စီးခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ သဘောတွေ ပါလာကြတယ် ဆိုရင် ဒီတရားစု တွေဟာ အနိစ္စပေါ့၊ မမြဲဘူး။ အိုမင်းခြင်း၊ နာဖျားခြင်း၊ သေဆုံးခြင်း ဆိုတာတွေ ကလည်း ဒုက္ခ ဆင်းရဲပေါ့။ နောက်ဆုံး မအိုအောင်၊ မနာအောင်၊ မသေအောင် မလုပ်နိုင်ဘူး ဆိုတာတွေ ကလည်း အနတ္တပဲ။ ဘာမျှ အနှစ်သာရ မှရှိတော့တဲ့ သဘောပဲ။

ပရမတ္ထ သစ္စာကမှ တကယ့် သစ္စာတရား ဖြစ်တယ်။ ဒီတရား အရ ဘယ်ခန္ဓာကိုယ် ရုပ်ကောင်မှ မှရှိဘူး။ ဘယ်ကမ္ဘာ၊ ဘယ်ဘုံရယ်လို့မှ မရှိဘူး။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏ္ခန္ဓာ ဆိုတဲ့ ခန္ဓာ ငါးပါးသာ ရှိတယ်။ ဒီခန္ဓာ ငါးပါးမှအပ အခြားသော သတ္တ၀ါရယ်လို့ မရှိဘူး။ သစ္စာလေးပါးကို မသိ မမြင်တဲ့သူ၊ ဒီမြင့်မြတ်တဲ့ တရားစုကို အလေး ဂရုမပြုသူ၊ နားမလည်သူ တို့ကသာ ဒီရုပ်တရား တွေကို ငါ့ရဲ့ ခန္ဓာကိုယ်လို့ စွဲမှတ်ကြတယ်။ ဒီလို ရုပ်တရားတွေကို ငါရဲ့ ခန္ဓာကိုယ်လို့ပဲ စွဲမှတ်ကြသလို ဝေဒနက္ခန္ဓာတို့၊ သညက္ခန္ဓာတို့၊ သင်္ခါရက္ခန္ဓာတို့၊ ၀ိညာဏ္ခန္ဓာ တို့ကိုလည်း သူပိုင် တရားတွေပဲလို့ စွဲမှတ်ကြတယ်။ ဒီစွဲမှတ်ချက်တွေကို အရင်းခံပြီး အတ္တအစွဲ၊ အတ္တတရားတွေ ပေါ်ပေါက် လာကြတာပဲ ဒကာကြီးရဲ့။

ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒအရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်းဆိုတဲ့ သဘောအရ အတိတ်ဘ၀က ခန္ဓာ ငါးပါးဟာ အကြောင်းတရား ဖြစ်ပြီး၊ ပစ္စုပ္ပါန် ဘ၀မှာ ရှိတဲ့ ခန္ဓာ ငါးပါးက အကျိုးတရား ဖြစ်တယ်။ တဖန် ပစ္စုပ္ပါန် ဘ၀က ခန္ဓာ ငါးပါးဟာ အကြောင်းတရား ဖြစ်ပြီး၊ ရှေ့အနာဂတ်မှာ ဖြစ်ပေါ်လာရမယ့် ခန္ဓာ ငါးပါးဟာ အကျိုးတရား ဖြစ်မယ်။ ဒါပေမယ့် အတိတ် ဘ၀က ခန္ဓာငါးပါး တရားတွေနဲ့ ယခု ပစ္စုပ္ပါန် ဘ၀မှာ ရှိတဲ့ ခန္ဓာငါးပါး တရားတွေဟာ အတူတူပဲလို့ ဆိုရင် မှားမယ်။ တဖန် အတိတ်ဘ၀က ခန္ဓာငါးပါး တရားတွေနဲ့ ကင်းလွတ်တဲ့ တခြား ခန္ဓာငါးပါး တရားတွေ ဖြစ်တယ်လို့ ဆိုရင်လည်း မမှန်ဘူး။ ဘာပြုလို့လဲ ဆိုတော့ ယခု ပစ္စုပ္ပါန် ဘ၀မှာရှိတဲ့ ခန္ဓာငါးပါး တရားတွေနဲ့ အဲဒီ ခန္ဓာငါးပါး တရားစု တို့ရဲ့ လှုပ်ရှားမှု၊ ပြုလုပ်မှု တွေကနေပြီး အနာဂတ် ဘ၀မှာ ခန္ဓာငါးပါး တရားတွေ ပေါ်လာရ မှာကိုး ဒကာကြီးရဲ့။ အဲဒီတော့ ဘယ်တရားဟာ ဇာတိ ပဋိသန္ဓေ တဖန် ပြန်ဖြစ် နေသလဲ ဆိုတဲ့ ပြဿနာဟာ ရှင်းသွားပြီ မဟုတ်လား ဒကာကြီး။

ရူပက္ခန္ဓာ တရားတွေ၊ ဝေဒနက္ခန္ဓာ တရားတွေ၊ သညက္ခန္ဓာ တရားတွေ၊ သင်္ခါရက္ခန္ဓာ တရားတွေ၊ ၀ိညာဏ္ခန္ဓာ တရားတွေ ဒီတရားတွေ ထဲက ဘယ်တရားမှ မှန်ထဲကို ၀င်သွားတာ မမြင်ရဘူး။ ဒါပေမယ့် မှန်ရှေ့မှာ ရပ်နေတဲ့ သူကို မှန်ထဲမှာ တစ်ထေရာတည်း လုံးဝဥဿုံ အကုန် မြင်နေရတယ်။ မှန်ရှေ့က လူက ဘာလုပ်လုပ်၊ မှန်ထဲက လူက တစ်ခု မကျန် တိတိကျကျ အကုန် လိုက်လုပ်တယ်။ ဘယ်လောက် လိုက်လုပ်သလဲ ဆိုတော့ အနားက ကြည့်နေတဲ့ လူကတောင် မှန်ထဲက လူနဲ့ မှန်ရှေ့က လူဟာ တစ်ယောက်တည်းပဲလို့ ပြောရတယ် မဟုတ်လား။ တကယ်တော့ မှန်ထဲက လူနဲ့ မှန်ထဲက လူဟာ တစ်ယောက်တည်းလည်း မဟုတ်ဘူး၊ တခြားလူလည်း မဟုတ်ဘူး။ ကဲ ဒကာကြီး ဗုဒ္ဓ၀ါဒ အရ ဇာတိ ပဋိသန္ဓေ အသစ်တဖန် ပြန်နေခြင်း သဘောကို သဘော ပေါက်သွား ပြီလား။

ဒကာကြီး
ဆရာတော် လက်တွေ့ ဥပမာပေးပြီး ရှင်းလင်း ပြတဲ့ အတွက် သဘောပေါက် နားလည် ပါပြီ။

ထို့နောက် တရားနာ ပရိသတ်ထဲမှ ဒကာကြီး တစ်ယောက် ထ၍…
ဒီဇာတိ ပဋိသန္ဓေ နေခြင်း သဘောနဲ့ ပတ်သတ်လို့ အခုလို နားလည် သဘော ပေါက်အောင် ဟောပြော ပြတာကို ဒီတစ်ခါ ပထမဆုံး ကြားနာရပါတယ်။ ကြားနာရတဲ့ အတိုင်းလည်း ရှင်းရှင်းလင်းလင်း နားလည် သဘော ပေါက်ပါတယ် ဆရာတော်။

ဆရာတော်
(မေးခွန်းရှင် ဒေါက်တာ အမ်အေ ဘေကာဘက် လှည့်ကာ) ကဲ ဒကာကြီး၊ ဗုဒ္ဓ၀ါဒ အရ ဇာတိ ပဋိသန္ဓေ တဖန် ပြန်နေတဲ့ နေရာမှာ ၀ိညာဉ်ဆိုတာ တွေ့သေး ရဲ့လား၊ တနည်းအားဖြင့် အတ္တဆိုတဲ့ တရားကို တွေ့သေးရဲ့လား။

ဒကာကြီး
မှန်ပါ၊ ၀ိညာဉ်တို့၊ အတ္တတို့ ဆိုတဲ့ တရားတွေဟာ လူတွေရဲ့ စိတ်တွေ ပေါ်မှာ ဖုံးအုပ်နေတဲ့ အ၀ိဇ္ဇာ တရားကြောင့် တကယ် ရှိတယ်လို့ ထင်မြင် နေကြရတဲ့ တရားတွေ ပါပဲ ဆရာတော်။ ဒီတရားတွေဟာ ရှေးသမား ရိုးကျ ယုံကြည်ယူဆ လာခဲ့ကြတဲ့ တရားတွေပါ။ ယခုတော့ ကွယ်ပျောက် ကုန်ပါပြီ ဆရာတော်။ တပည့်တော် မေးတဲ့ မေးခွန်းကို ကျေနပ် ရှင်းလင်းအောင် ဆရာတော် ဟောကြား ပြီးပါပြီ။ တပည့်တော်ရဲ့ မေးခွန်းကို ဆရာတော်က အနတ္တရဲ့ သဘောနဲ့ ရှင်းလင်းအောင် ဖြေဆိုပြီးပါပြီ။ သာဓု ဆရာတော်၊ သာဓု၊ သာဓု။

ပရိသတ် အားလုံးသည် ဆရာတော်၏ ဖြေရှင်းချက်ကို သဘောကျ သဖြင့် သာဓု အနုမောဒနာ ခေါ်ကြ လေကုန်သည်။

>>> ကိုကိုကြီး (တောင်တွင်းကြီး) ရေးသား ဘာသာပြန်သော ဗုဒ္ဓ၀ါဒ ပြဿနာများ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ်ပါသည်။

အားလုံးပဲ နှစ်သစ်မှာ အသိဉာဏ် အသစ်တွေ တိုးပွားနိုင်ကြပါစေ။


လေးစားစွာဖြင့်
ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP