* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 3, 2011

အမၺပါလီ (၄)



ထိုခေတ်ထိုအခါက လိစ္ဆ၀ီမင်းများ သဘောထားမကြီးမှုကြောင့်
အတ္တကြီးမားမှုကြောင့်
ခပ်ရိုင်းရိုင်းပြောရရင် အဝေမတည့်မှုကြောင့်
အမ္ဗပါလီအမျိုးသမီး ပြည့်တန်ဆာဘ၀သို့ရောက်သွားရတယ်။
အမ္ဗပါလီကို ပြည့်တန်ဆာလုပ်ခိုင်းပြီး သူမွေးခဲ့တဲ့နေရာဖြစ်တဲ့
(သူ့ကိုတွေ့ခဲ့တဲ့နေရာဖြစ်တဲ့) သရက်ခြံကိုလဲ လက်ဆောင်အဖြစ် အပိုင်စားပေးလိုက်တယ်တဲ့။

လူတိုင်း သူနဲ့မပျော်ပါးနိုင်အောင် သူနဲ့ပျော်ပါးခကြေးငွေကို
အမြင့်ကြီးသတ်မှတ်လိုက်တယ်။
အဲ့ဒီခေတ်အဲ့ဒီအခါတုန်းက သူနဲ့တစ်ခါပျော်ပါးလိုရင် အသပြာတစ်ရာပေးရသတဲ့။
အဲ့ဒီခေတ် အဲ့ဒီအချိန်က ငွေအသပြာတစ်ရာဟာ အတော်တန်ဘိုးကြီးဆိုဘဲ။
အသပြာတစ်ရာဟာ အင်မတန်မြင့်တဲ့ဈေးနှုန်းလို့ဆိုတယ်။
အခြေခံလူတန်းစား အလယ်အလတ်တန်းစားတွေ
အနားမသီနိုင်တဲ့ဈေးနှုန်းလို့ဆိုတယ်။

အဲ့ဒီခေတ် အဲ့ဒီအချိန်က ငွေအသပြာတစ်ရာကို
မြန်မာငွေကြေးနဲ့တော့ နှိုင်းယှဉ်ပြီး မစဉ်းစားနဲ့ပေါ့။
မြန်မာငွေဆိုလို့ မြန်မာပြည်က လောလောလတ်လတ်ရောက်လာတဲ့
သူငယ်ချင်း ဆရာတော်တစ်ပါးက မြန်မာငွေကြေးအကြောင်း တစ်စွန်းတစ်စပြောပြတယ်။
မြန်မာပြည်မှာ မြန်မာငွေ အလွန်ဖောင်းပွနေကြောင်း၊
ဖောင်းပွနေတယ်ဆိုပေမဲ့ လူအများစုလက်ထဲမှာတော့ ဖောင်းပွမနေကြောင်း၊
ဖောင်းတော့ ဖောင်းပွနေကြောင်းပြောပြပါတယ်။

ဒါ့အပြင် ငွေစက္ကူတွေကလဲ ညစ်ပတ်စုတ်ပြတ်နေလို့
ပလတ်စတစ်အိပ်လေးတွေနဲ့ ထည့်ပြီး သုံးနေရကြောင်း၊
ဒီလိုအဆင့်အထိရောက်နေပေမဲ့
လူအများစုဟာ နားလည်မှုပေးပြီး ညစ်ပေစုတ်ထေးနေတဲ့
ငွေစက္ကူလဲလှယ်သုံးစွဲတဲ့အပေါ်မှာ
အချင်းချင်း မငြိုငြင် မညည်းညူကြကြောင်း ပြောပြပါတယ်။

ဆက်ပြောတာက
ဒီလို အခြေအနေမျိုးမှာ
အိမ်တစ်အိမ်မှာ မိခင်တစ်ဦးက ၂၀၀ တန်ငွေစက္ကူအသစ်တစ်ရွက်ကို
သူ့ခလေး ကျောင်းသွားခါနီး မုန့်ဘိုးထုတ်ပေးတာ
ငွေစက္ကူအတုကြီးထုတ်ပေးရမလား ဆိုပြီး
မိခင် လုပ်သူကို မြည်တွန်တောက်တီး ပြန်လည်ပြောဆိုကြောင်း
ငွေစက္ကူအသစ်ကို ငွေစက္ကူအစစ်မထင်တော့ကြောင်း
သူငယ်ချင်းက သူတွေ့ခဲ့တဲ့ သူကြားခဲ့တဲ့
မြန်မာပြည်မှာ ဖြစ်နေတဲ့ ငွေစက္ကူဗဟုသုတကို ဖြန့်ဖြူးပါတယ်။

ရှိစေတော့။
အမ္ဗပါလီဟာ ပြည့်တန်ဆာပင်ဖြစ်လင့်ကစား
ဘုရားရှင်ကို အင်မတန်ကြည်ညိုတယ်။ ရိုသေကိုင်းရှိုင်းတယ်တဲ့။

တစ်နေ့
ဘုရားရှင်နဲ့သံဃာတော်များ ဝေသာလီကြွလာတာတယ်။
အမ္ဗပါလီရဲ့ သရက်ခြံထဲမှာ သီတင်းသုံးနေထိုင်နေတယ်။

ဒီသတင်းရတော့
အမ္ဗပါလီ ဘုရားရှင်ထံ ချက်ချင်း ထသွားတယ်။
တရားတော်များနာကြားတယ်။
နောက်နေ့အတွက် အဆင်ပြေမယ်ဆိုရင် ဆွမ်းကပ်လိုကြောင်း
တစ်လက်စတည်း လျှောက်ထားလိုက်တယ်။
ဒီလျှောက်ထားချက်ကို ဘုရားရှင် လက်ခံလိုက်လို့
အမ္ဗပါလီ အတော်လေး ၀မ်းသာသွားပါတယ်။

အမ္ဗပါလီလိုပဲ လိစ္ဆ၀ီမင်းသားတွေလဲ ဘုရားရှင်ကို့  သွားတွေ့ကြပါတယ်။

နောက်နေ့အတွက် ဆွမ်းကပ်လိုကြောင်း ဘုရားရှင်ကို လျှောက်ပါတယ်။

ဒါပေမဲ့ ပြည့်တန်ဆာမ ဖြစ်တဲ့ အမ္ဗပါလီက အရင်လျှောက်ပြီးသားဖြစ်လို့
လိစ္ဆ၀ီမင်းသားတွေ ကပ်မဲ့ဆွမ်းကို ဘုရားရှင် ငြင်းဆိုလိုက်ပါတယ်။

စဉ်းစားကြည့်ရင်
ပြည့်တန်ဆာမ ကပ်မဲ့ဆွမ်းနဲ့ မင်းညီမင်းသားတွေကပ်မဲ့ဆွမ်း
မင်းညီမင်းသားတွေကပ်မဲ့ဆွမ်းက ပိုကောင်းလောက်ပါတယ်။
ဖွယ်ဖွယ်ရာရာပိုဖြစ်လောက်ပါတယ်။

ဒါပေမဲ့ အရင်လျှောက်တဲ့သူကို ဘုရားရှင် ဦးစားပေးခဲ့ပါတယ်။
မျက်နှာကြီးရာ ဟင်းဖတ်မပါခဲ့ပါဘူး။

ဒါ့ကြောင့် ဘုရားရှင်ရဲ့တပည့်သား သံဃာတွေဖြစ်တဲ့
ကိုယ်တို့တတွေက ဘုရားရှင်ကျင့်သုံးခဲ့သလို
ဘုရားရှင်နည်းတူ ကျင့်သုံးသင့်ပါတယ်။

လိစ္ဆ၀ီမင်းသားတွေ ဘုရားရှင်ကိုလဲ ပင့်လို့မရရော၊
အမ္ဗပါလီနောက်ကို လိုက်ကြပါတယ်။
မနက်ဖန်အတွက် သူတို့ဘဲ ဘုရားရှင်နဲ့ သံဃာတော်တွေကို
ဆွမ်းကပ်ပါရစေလို့ အမ္ဗပါလီကို ပြောပါတယ်။
ဒါကို အမ္ဗပါလီ လက်မခံပါဘူး။

အသပြာတစ်သိန်းပေးပါ့မယ်၊ မနက်ဖန် သူတို့ဘဲ ဆွမ်းကပ်ပါရစေလို့
လိစ္ဆ၀ီမင်းသားတို့က အမ္ဗပါလီကို ငွေနဲ့ စည်းရုံးပြန်ပါတယ်။
မရပါဘူး။
အမ္ဗပါလီရဲ့ စေတနာသဒ္ဓါတရားက ခိုင်မာပြတ်သားပါတယ်။
ခပ်ပြတ်ပတ်ပြောဆိုပြီး မောင်းထုတ်လိုက်ပါတယ်။

ကုတ်ကုတ် ကုတ်ကုတ်နဲ့ထွက်သွားပြီး
ဇိတမှ ၀တ ဘော အမ္ဗကာယာ -
ဟေ့ကောင်တွေ၊ ဒီတစ်ချီတော့ ငါတို့ကို မိန်းမသားက အနိုင်ယူသွားပြီကွ လို့
ပြောဆိုကာ ထွက်ခွါသွားကြတယ်။

ဒီနေရာမှာ သတိပြုမိတာက
မျက်နှာကြီးရာ ဟင်းဖတ်မပါတတ်တဲ့
ဒို့ဘုရားရှင်ရဲ့ ဂုဏ်ထူးဝိသေသကို တွေ့ရပါတယ်။

နောက် ဘုရားရှင်ကို ဆွမ်းကပ်ခွင့်ရဘို့အရေး
ငွေအသပြာတစ်သိန်းကြီးများတောင် ပေးပြီး
အမ္ဗပါလီထံက တောင်းဆိုခဲ့တဲ့ လိစ္ဆ၀ီမင်းညီမင်းသားတို့ရဲ့
ဘုရားရှင်အပေါ် စေတနာ သဒ္ဓါတရားထက်သန်ပုံကိုလဲ တွေ့ရမှာဖြစ်ပါတယ်။

တစ်ခါပျော်ပါးခ အသပြာ တစ်ရာရတဲ့
ပြည့်တန်ဆာအမ္ဗပါလီ၊
အသပြာတစ်သိန်းပေးတာတောင်
ဘုရားရှင်နဲ့ သံဃာတော်တွေကို ဆွမ်းကပ်ဖို့အခွင့်အရေး
လက်လွှတ် အဆုံးရှုံးမခံနိုင်သူ။

ခြုံကြည့်လိုက်ရင်
အားလုံးဟာ ချီးကျူးစရာ စံပြပုဂ္ဂိုလ်တွေချည်းဘဲ။

အမ္ဗပါလီအတွက် ဒါတင်မကပါဘူး။
အမ္ဗပါလီဟာ ဘုရားရှင်ကို အလွန်ကြည်ညိုသူဖြစ်လာပြီး
သူ့သရက်ခြံထဲမှား ကျောင်းဆောက်လှူဒါန်းပါတယ်။
အလှူရေစက် လက်နဲ့မကွာ ဖြစ်လာပါတယ်။

နောက်ပိုင်း အမ္ဗပါလီမှာ သားတစ်ယောက်ထွန်းကားပါတယ်။
အဲ့ဒီသားတော်လဲ အရွယ်ရောက်တော့ ရဟန်းဘောင်ရောက်လာပါတယ်။
သားတော်ရဟန်းရဲ့ ဟောပြောပြသမှုကြောင့်
မယ်တော်အမ္ဗပါလီ ရဟန်းမ ၀တ်ဖြစ်လာပါတယ်။
နောက်ဆုံးတရားဘာဝနာ အားထုတ်ရင်း
ရဟန္တာမကြီးဖြစ်သွားပါတယ်။

တိုတောင်းလှတဲ့ တခဏတာဘ၀လေးမှာ
မြန်ဆန်ကြီးမားလွန်းတဲ့ အပြောင်းအလဲတွေ
တွေ့ခဲ့ရတဲ့အမ္ဗပါလီဘ၀ကို တွေးမိသလို ရေးမိတာပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP