လောကွတ်နှင့် လောက၀တ်

သူငယ်ချင်း
မင်းစဉ်းစားပါ
တစ်ဖက်သားလိုအပ်နေတဲ့အကူအညီ
တို့ဆီကလည်းအလွယ်တကူပေးနိုင်တဲ့အနေအထား
(ဟိုလိုလို သည်လိုလို)
လောကွတ်စကားတွေလောက်နဲ့
ပြီးများသွားသင့်သလား။
စဉ်းစားပါသူငယ်ချင်း
သူ့ကိုလူပျင်းတစ်ယောက်ရယ်လို့များ
မင်းမြင်နေသလား
တစ်ခါတစ်လေ သူ့အနေအထား
တို့တွေကော ရောက်မသွားနိုင်ဘူးလား။
လက်ရှိပါလျက်နဲ့ လှမ်းမယူနိုင်တာတွေ
ခြေရှိပါလျက်နဲ့ လမ်းမလျှောက်နိုင်တာတွေ
မျက်လုံးရှိပါလျက်နဲ့ အမြင်မှုန်ဝါးနေတာတွေ
နားရှိပါလျက်နဲ့ မကြားသင့်လိုက်နိုင်တာတွေ
တစ်ခါတစ်လေ ကျန်းမာရေးချို့ယွင်းတဲ့အခါ
အဲဒါမျိုးတွေ ဖြစ်တတ်ပါတယ်သူငယ်ချင်း။
ဒါပေမယ့် သူငယ်ချင်းရယ်
တစ်ချို့က-----------
ကိုယ်တွေ့ကြုံမှ ကိုယ်ချင်းစာတတ်ကြတယ်လေ။
တစ်ချို့ကတော့--------
ကိုယ့်အလှည့်မှာ ညည်းတတ်ကြပေမယ့်
သူများအလှည့်လည်းရောက်ရော
သောက်ရမယ့်ဆေးပဲ ညွှန်းသလိုလို
ရှောင်ရမယ့်အစာတွေပဲ ညွှန်ကြားသလိုလို
(မလောက်လေးမလောက်စား)
ဟိုလိုလိုသည်လိုလို လောကွတ်စကားတွေလောက်နဲ့ပဲ
ပြီးသွားတတ်ကြတယ်လေ။
်
သူငယ်ချင်း
မင်းသိမှာပါ
လောကွတ် နဲ့ လောက၀တ်
တူသယောင် ထင်မှတ်တတ်ကြပေမယ့်
လက်တွေ့လုပ်ရပ်နဲ့ ချိန်ကြည့်ရင်
ကောင်းကင်နဲ့ မြေကြီးလိုကွာခြားတာ
သိပ်ကို သိသာနိုင်ပါတယ်။
လောကွတ်ကို နာနာဆို
လောက၀တ်ကိုတော့ ဘေးဖယ်ထား
ဒီလိုသာနေသွားကြမယ်ဆိုရင်
(မိတ်ဆွေသူငယ်ချင်းဆိုတာ)
တကယ်ကော လိုကြမှာတဲ့လားကွာ။
လောကွတ်တောင်မဆိုတတ်ဘူးရယ်လို့ထင်ချင်လည်းထင်
လောက၀တ်သာကြေစမ်းချင်ပါတယ်သူငယ်ချင်း။

0 comments:
Post a Comment