* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 3, 2009

မြန်မာ စိတ်ဓာတ်

မြန်မာတို့၏ စိတ်ဓာတ်သည် မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာအပေါ် များစွာ တည်မှီနေပါ၏။
စိတ်ဓာတ်အရာတွင် တည်ငြိမ်မူ့ရှိသည်။
ပြင်းထန်သော တက်ကြွမူ့ မရှိသလို ဒုက္ခတစ်စုံတစ်ရာနှင့် တွေ့ကြုံရသောအခါတွင်လည်း စိတ်ကျဆင်းမူ့ မပြင်းထန်လှပါ။
အလုပ်တစ်ခု လုပ်ဆောင်ရန် ပြင်းထန်သော တက်ကြွမူ့ လုံးလ မရှိသလို အလုပ်တစ်ခု မအောင်မြင်သောအခါတွင်လည်း
အလွန်အမင်း စိတ်ဓာတ်ကျဆင်းခြင်း မရှိပါ။
(ဗုဒ္ဓဘာသာ၏ အဆုံးအမ ဖြစ်သော ကံကံ၏ အကျိုးကို ယုံကြည်ကြ၏။
မြန်မာဗုဒ္ဓဘာသာဝင်တို့သည် တမလွန်ဘ၀ ရှိသည်ဟု ယုံကြည်ကြ၏။
ယခုဘ၀နှင့် တမလွန်ဘ၀ အဆက်စပ်ရှိသည်ဟုလည်း ယုံကြည်ကြသည်။
ယခု ဘ၀တွင် ဆင်းရဲ့မူ့၊ ချမ်းသာမှု သည် ရှေးယခင် ဘ၀က ကောင်းတာ လုပ်ခဲ့မူ့၊ မလုပ်ခဲ့မူ့တို့၏
အကျိုးဆက်ဟု ယုံကြည်၏။ ယခု ဘ၀တွင် ကောင်းတာလုပ်ပါက နောင်တမလွန်ဘ၀တွင်
ကောင်းကျိုးခံစားရမည်ဟု ယုံကြည်ကြ၏။
မြန်မာတို့သည် ရန်ငြိုးရန်စ တေးမှတ်ထားခြင်းများလည်း မရှိတတ်။
သို့သော် မြန်မာလူမျိုးတို့သည် ရုတ်ချည်း ဒေါသထွက်သော ခဏတွင်ကား ကြောက်စရာကောင်းလောက်အောင်
ပြင်းထန်တတ်သည်။
ဒေါသ ပျောက်သွားလျှင်ကား ဘာရန်ငြိုးရန်စမှ မထားခဲ့ကြ။

မြန်မာတို့သည် ပေါ့ပေါ့ဆဆနေတတ်သော သဘောလဲ ရှိ၏။
အပြစ်များကို အလွယ်နှင့် ခွတ်လွတ်တတ်ကြ၏။
(ချီးမွမ်း ခုနှစ်ရက် ကဲ့ရဲ့လည်း ခုနှစ်ရက်ဟု သဘောထားကြ၏။
လူတစ်ယောက်ကို ၀ိုင်းပယ်သည် ဟူသော အလေ့အကျင့် မြန်မာများတွင် မရှိတတ်။
အပြစ်ရှိသူ အပြစ်ဒဏ် ခံရပြီးသော အခါ ၀ိုင်း၍ပင် သနားတတ်ကြ၏။
မြန်မာလူမျိုးများသည် ကြင်နာသနားသော စိတ် ကြီးမားသူများဖြစ်သည်။

ဂျပန်များသည် မြန်မာတို့အပေါ် အလွန်ရက်စက်စွာ အုပ်စိုးခဲ့ကြသည်။
ဂျပန်ခေတ်တွင် ဂျပန်တို့က မြန်မာတို့အား လက်သည်းခွံကို ခွာ၍ ရေနွေးပူလောင်းခြင်း၊
ဗိုက်ကို ဖောက်၍ ဗိုက်ထဲသို့ ကြွက်ကို ထည့်ခြင်း၊
မြန်မာတို့ အထွတ်မြတ်ထားသော ပါးကို ရက်ရက်စက်စက် ရိုက်ခြင်း၊
မြန်မာ မိန်းကလေးများအား သားမယား ပြုကျင့်ခြင်း စသည်တို့ ပြုလုပ်သော်လည်း လပိုင်း
ရက်ပိုင်း ရက်ပိုင်း အတွင်း ဂျပန်တို့ စစ်ရှုံး၍ ထွက်ပြေးကြသောအခါ မြန်မာများသည်
စစ်ပြေးဂျပန်တို့အား အင်္ဂလိပ်များ လက်တွင်းမှ ကယ်ဆယ်ကြ၏။
အင်္ဂလိပ်များ မတွေ့အောင် ၀ှက်ထားကြ၏။
တောထဲတွင် ၀ှက်ထားက ထမင်းပို့ပေးကြသည်။ ဂျပန်များအပေါ် ရက်ပိုင်း အတွင်း ဘာအာဃာတမှ
မထားဘဲ လူသားချင်းစာနာတတ်သော စိတ်ထားဖြင့် ကူညီမူ့များသည်
မြန်မာတို့၏ ကြိးမားသော ခွတ်လွတ်တတ်သည့် စိတ်ထားပင် ဖြစ်၏။
ထိုစိတ်ဓာတ်၏ အခြေခံမှာ ဗုဒ္ဓ၏ အဆုံမပေါ်မှ ပေါက်ဖွားလာသော စိတ်ဓာတ်ပင် ဖြစ်ပါ၏။

အလားတူပင် အင်္ဂလိပ်များသည် မြန်မာနိုင်ငံအား အနှစ် ၁၀၀ တိုင်အောင်ကျွန်ပြု၍ မြန်မာတို့၏
ဇာတိသွေး ဇာတိမာန်ကို ချိုးနှိမ်ကာ မြန်မာတို့၏ သစ်၊ ကျောက်သံပတ္တမြား၊ ဆန်ရေစပါး စသည်တို့ကို
ယူငင်ခြင်း၊ သုံးကြိမ်တိုင် မတရား စစ်ပြုခြင်း၊ မြန်မာဘုရင်အား ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ ပြုခဲ့သော်လည်း
လွတ်လပ်ရေး ရရှိသော အခါ အင်္ဂလိပ်တို့အား ရန်ငြိုးရန်စ မထားဘဲ လေးစားချစ်ခင်စွာ
ဆက်ဆံနေထိုင်ကြသည်။
အင်္ဂလိပ်တို့အား ဆွေမျိုးများသဖွယ် သဘောထားကြသည်မှာ မြန်မာတို့၏ စိတ်ဓာတ်ပင်ဖြစ်ပါ၏။

မြန်မာတို့သည် တင့်တိန်ရောင့်ရဲသော လူမျိုးဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆန်ရေစပါး ပေါများသောကြောင့် အိပ်စရာ ဖျာတစ်ချပ်နှင့် ခေါင်းအုံး တစ်လုံးရှိပါက
စားသောက်ဖို့ မပူရပေ။
မည်သူ့အိမ်တွင်မဆို တက်စား၍ ရသောကြောင့် မြန်မာလူမျိုးတို့သည် အပျင်းစိတ်ဓာတ်လည်း ရှိကြ၏။

မြန်မာများသည် မိတ်ဆွေဖြစ်မှုကို အလွန်မှ တန်ဖိုးထားကြ၏။
ဧည့်သည်များကို အထူးဂရုစိုက်ကြ၏။ တစ်ရွာ တကျေးမှ ဧည့်သည်များ လာရောက်ပါက မိမိတို့အိမ်အား
မွမ်းမံခြင်း၊ အိပ်ရာ နေရာအသစ်ပေးခြင်း၊ ထမင်းကောင်း ဟင်းကောင်းများ ချက်ကျွေးခြင်း၊
အိမ်ဦးခန်းတွင်ထား၍ အပြန်တွင် လက်ဆောင်ပစ္စည်းများပေးခြင်း စသည်တို့ကို ပြုလုပ်၏။
သူစိမ်းတစ်ရံဆံ များအပေါ် အလွန်မှ ဖော်ရွှေသော လူမျိုးဖြစ်ပါ၏။

မြန်မာတို့သည် အပေးအကမ်း ရက်ရောသော လူမျိုးများ ဖြစ်သည်။
အလှူရေစက် လက်နှင့်မကွာ ပြုလုပ်ကြသည်။
အလှူတန်းများ ပြုလုပ်လျှင် ထမင်းရည်ချောင်းစီး လှူကြသည်။
(ထမင်းရည် ချောင်းစီး ဆိုသည်မှာ အလှူတစ်ခု ပြုလုပ်ပါက ထမင်းအိုးမှ ငှဲ့ထုတ်သော ထမင်းရည်များသည်
ချောင်းလိုစီးကြသည်။)
မိမိတွင် မရှိသည်ကို အကျွေးယူ၍ နှစ်ကျပ်ဖိုး လှူဒါန်းကြသည်။ ပြီးမှ ထိုအကြွေးကို ဆပ်၏။
ထိုသို့လှူဒါန်းသည်ကို မြန်မာတို့က ဂုဏ်ယူကြ၏။

မြန်မာတို့သည် စည်းစိမ်ဥစ္စာ မချမ်းသာကြသော်လည်း စိတ်ချမ်းသာကြသည်။
မြန်မာတို့သည် လောဘလည်း သိပ်မကြိးကြ။ မိမိတို့ ရှိသမျှနှင့် တင့်တိန်ရောင့်ရဲသောလူမျိုးဖြစ်၏။
နိုင်ငံခြားသားများသည် မြန်မာတို့၏ ဖော်ရွှေမူ့၊ အပေးအကမ်း ရက်ရောမှု၊ ဧည့်ဝတ်ကျေပွန်မှုတို့အတွက်
တအံတသြ ဖြစ်ကြပါ၏။ မြန်မာတို့တွင် အခြားလူမျိုးများနှင့် မတူသည့် အားနာသည်ဟူသော
စကားတစ်ရပ်ရှိ၏။
အားနာသည်ဆိုသည်မှာ သူတစ်ပါး အပြစ်ကို ထုတ်ဖော်ရန် ၀န်လေးခြင်း၊
သူတစ်ပါးတောင်းပါက ပေးကမ်းလိုခြင်း၊ လိုက်လျောခြင်း၊ သူတစ်ပါးကို ဆန့်ကျင်ရမည်ကို မပြုလိုခြင်းသည်
အားနာခြင်း ဖြစ်၏။
အားနာခြင်းသည် စိတ်ဓာတ်မခိုင်မာခြင်း တစ်မျိုးဖြစ်ပြီး ယင်းစကားလုံသည် အင်္ဂလိပ် အဘိဓာန်တွင် မရှိဟု
သိရ၏။ အားနာမူသည် မြန်မာတို့၏ သဘောကောင်းလွန်းမှုပင်ဖြစ်၏။

(မြန်မာတို့သည် စိုးရိမ်ကြောင့်ကြကင်းစွာ နေတတ်၏။ ထို့ကြောင့်လည်း အရာရာကို ပေါ့ပေါ့တန်တန် သဘောထားတတ်ကြသည်)
မြန်မာတို့သည် ဟာသဥာဏ်ထက်သန်သော လူမျိုးဖြစ်သည်။
ပျော်ရွှင်စွာလည်း နေတတ်၏။
မြန်မာတို့သည် တစ်နှစ်တွင် ၁၂ လရှိရာ ၁၂ လစလုံး ပွဲလမ်းသဘင်များရှိသည်။
မြန်မာလူမျိုးတို့အား ဘာကိုမှ အလေးအနက် မထားဘဲ၊ အတေးအမှတ်မရှိဘဲ ပျော်ရွင် စိတ်ချမ်းသာစွာနေ၍
ပေးကမ်းလှူဒါန်းတတ်သော လူမျိုးဟု ခေါ်လျှင်လည်း ရပါ၏။
မြန်မာများသည် ဖော်ရွှေစွာ နေတတ်ပြီး တစ်ခါတစ်ရံ ဒေါသ ထွက်တတ်သော လူမျိုးဟု ဆိုနိုင်ပါ၏။

မြန်မာတို့သည် ဒေါသအလျောက် မဟုတ်မခံ လုပ်တတ်ကြသော်လည်း ချက်ချင်း ခွင့်လွတ်၍
မဖြစ်သလို နေတတ်ခြင်းမှာ မြန်မာတို့၏ ဓလေ့စရိုက်တစ်ရပ် ဖြစ်ပါ၏။

မြန်မာဖြစ်ရတာကို ဂုဏ်ယူတတ်ပြီး မြန်မာပီသသော မြန်မာများဖြစ်ကြပါစေဟု
တောင်းဆု ဆိုလျက်…….

ကိုးကား- ချစ်စံဝင်း



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP