* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 25, 2009

ဘဒ္ဒါကုဏ္ဍလကေသာထေရီ


အရွယ်ရောက်သည်မှ စ၍ ဘဒ္ဒါ၏ ရင်သည် ခုန်ဖူးပါ၏။ တုန်ဖူးပါ၏။ သို့သော် သာမန်မျှသာ ဖြစ်သည်။ ရှက်စနိုး သဘောဖြင့် ရင်ခုန်ခြင်း၊ မက်မက်မောမော အကြည့်ခံရသောကြောင့် ရင်ခုန်ခဲ့ခြင်း တို့သာ ဖြစ်ပေသည်။
ယခု ရင်ခုန်ရပုံမှာ မြန်ဆန်လွန်းသည်။ ရင်ထဲတွင်ရှိသော နှလုံးသားကို ထို ကိုလူချောသည် လက်တံရှည်ကြီးဖြင့် လှမ်းယူ ဖြုတ်ခြွေလိုက်သလား မသိပါ။ ဘဒ္ဒါ အသက်ရှူ မှားရလေသည်။ ကိုလူချောသည် ဘဒ္ဒါကို သာမန်မျှသာ တစ်ချက်မျှသာ ကြည့်သွားခြင်း ဖြစ်ပေသည်။ ဤမျှသာ ကြည့်ရုံဖြင့် ဘဒ္ဒါ ဤမျှ လှုပ်ရှားရလျှင် ကိုလူချော၏ မျက်လုံး အစုံတို့ တောက်ပ ရွှန်းလက်နေသောအခါနှင့် ဆုံလျှင်ကား ပြောစရာ မရှိတော့ပြီ။ ရင်ခုန်ရလွန်းသဖြင့် ဘဒ္ဒါ အသက်ရှူ ရပ်စဲရလိမ့်မည် ထင်သည်။

ဘဒ္ဒါသည် ဤ ရာဇဂြိုဟ်၌ ထင်ရှားသော သူဌေးသမီး ဖြစ်သလို ကိုလူချောသည်လည်း မသိသူ ရှားပါးပေ၏။ ပုရောဟိတ် ပုဏ္ဏားကြီး၏သား ‘သတ္ထုက’ ဆိုလျှင် ပျိုမေတိုင်း သိကြ၏။ သမီးရှင်တိုင်းလည်း သိကြ၏။

သတ္ထုကသည် မိန်းမတိုင်း စွဲမက် တမ်းတ, လောက်အောင် ချောမော၏။ အပြောကောင်း၏။ မိန်းမ ချောချောလှလှ ဆိုလျှင် သူ သိတ်မဝင်စား စိတ်မကစားဖူးသူ မရှိချေ။ သူဌေးသမီး ဘဒ္ဒါကိုလည်း သူ စိတ်မဝင်စားဖူးပေမင့် အကြောင်း မဆုံဖြစ်ခဲ့ကြချေ။ ယခု အကြောင်းဆုံသောအခါတွင်ကား သတ္ထု၏ နှလုံးသားများသည် ခြောက်သွေ့နေကြလေပြီ။ ထို့ကြောင့် ဘဒ္ဒါ၏ အကြည့်နှင့် ဆုံချိန်ဝယ် သူ့မျက်လုံးများ အရောင်အဝါ ကင်းမဲ့နေကြခြင်း ဖြစ်လေသည်။

ဤသို့ ဘဒ္ဒါနှင့် မျက်လုံးခြင်း ဆုံချိန်မှာ သတ္ထုက အတွက် လူ့လောကတွင် နောက်ဆုံး နေထိုင်ရချိန်ဖြစ်ရာ မည်သို့လျှင် တောက်ပရွှန်းလက်သော မျက်လုံးကြီးများဖြင့် မြှူဆွယ်နိုင်ပါတော့မည်နည်း။ သူ့မှာ မင်း၏ အမိန့်ဖြင့် လူသတ်ကုန်းသို့ ခေါ်ဆောင်သွားနေချိန် ဖြစ်သည်။ မှန်ပေသည်။ အပြောကောင်းသလောက် ချောမောလှပသော သတ္ထုကမှာ ဤတစ်ချက်ကား ပြောစရာရှိပေသည်။

သူသည် အဖဂုဏ် ရုပ်ရည်ဂုဏ်တို့ဖြင့် မိန်းမလှတို့ အလယ်တွင် ထင်ရှား၏။ ထိုသို့ ထင်ရှားသလောက် သစ္စာမဲ့သည်၊ စည်းမဲ့သည်၊ အရက်သေစာ၊ ကြွေအန်၊ ကြက်တိုက် စသော လောင်းကစားများတွင် အစွဲကြီးသည်။ အဆိုးဆုံးကား ခိုးဝှက် လုယက်ခြင်းပေတည်း။

ယခု နှောင်ကြိုးတည်း၍ သူသတ်ကုန်းသို့ လိုက်ပါသွားရခြင်းမှာလည်း ကြီးကျယ်သော ပြစ်မှုတစ်ခုကို ထင်ရှားစွာ ကျူးလွန်သည့်အတွက် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်မင်းမြတ် ကိုယ်တိုင် မိန့်မှတ်စီရင်လိုက်ရသော အမှု ဖြစ်ပေသည်။ လမ်းသွား လမ်းလာများက သတ္ထုကကို နှာခေါင်းရှုံ့ကြ၏။ အကြောင်းသိ အစင်းသိများကလည်း အဆောက်အအုံများ အတွင်းမှ ထွက်ကြည့်ကာ “အဖြစ်တောင် နည်းသေးတယ်” ဟု မှတ်ချက်ချကြ၏။

သို့ရာတွင် ဘဒ္ဒါမှာမူ အများနည်းတူ မမြင်နိုင်ပါ။ အများနည်းတူ မခံစားနိုင်ပါ။ တရွေ့ရွေ့နှင့် သတ္ထုက ဝေးကွာသွားခြင်းမှာ သူမ၏ နှလုံးသား ပြုတ်ကြွေကာ ဝေးရာသို့ လွင့်စဉ်သွားခြင်းသာ ဖြစ်သည်ဟု ခံစားရလေသည်။

ဘဒ္ဒါ၏ ပါးပြင်မို့ဝယ် မျက်ရည်ဥတွေ ခိုသီးလာသည်။ မြင်ကွင်းမှ သတ္ထုက ပျောက်ကွယ်သွားလျှင် ဘဒ္ဒါမှာ နီးရာ ညောင်စောင်းပေါ်သို့ ပြေးလှဲကာ ငိုချလိုက်မိတော့သည်။

“သူငါ့ကို မြင်ရတွေ့ရတော့မှာ မဟုတ်ဘူး၊ သူ သူသွားပြီ”

“သမီးလေး၊ ဟဲ့ အို ဘာဖြစ်နေတာလဲကွယ်၊ သြော် သိပြီ၊ ခွာညိုပန်း မရလို့ကိုး၊ တန်ခူးလတောင် ရောက်မင့်ဟာ ခွာညိုပန်း ဘယ်မှာ ရနိုင်ပါတော့မလဲကွယ်”

တိုက်တိုက်ဆိုင်ဆိုင်ပင် မိခင် သူဌေးကတော်ကြီးသည် ဘဒ္ဒါစံရာ တိုက်ခန်းတွင်းသို့ ဝင်လာရင်း ရွှင်ပြုံး ချိုသာစွာ ပြော၍ ညောင်စောင်းပေါ်တွင် ဝင်ထိုင်၏။ အထိန်းအယနှင့် အပျိုတော်များမှာ နောက်သို့ ဆုတ်ကာ အကဲခတ်ရင်း ခစားနေကြ၏။

“သမီးလေး၊ ဟင် မျက်ရည်တွေနဲ့ပါကလား”
“မယ်မယ်”

ဘဒ္ဒါသည် မိခင်ကို တစ်ချက် မော့ကြည့်ပြီး ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။ သမီး ရှိုက်မောနေလျှင် သူဌေးကတော်ကြီးလည်း မျက်ရည်လည်လာသည်။

“မရှိတော့တဲ့ ခွာညိုပန်းကို စွဲလမ်းနေတာ မယ်မယ့်ကို သတ်တာလား သမီးရယ်”
“မရှိတဲ့ဟာကို သမီး မလိုချင်ပါဘူး မယ်မယ်”
“ဒီလိုလား၊ အို လိမ္မာလိုက်တာ သမီးရယ်”
“ရှိတဲ့ဟာကိုပဲ လိုချင်ပါတယ်၊ သူ့ကို မရရင်တော့ သမီး သေမှာပဲ။ မသေစေချင်ရင် သူ့ကိုရအောင် လုပ်ပေးပါလား မယ်မယ်”
“ဘာများလဲ သမီး၊ ပြောစမ်း ရရစေ့မယ်”
“သူ့ကို ကြိုးနဲ့တုပ်ပြီး ခေါ်သွားကြတယ်၊ သူ….”
“သ တ္ထု က သူ ခိုး”

ဤ အသံငါးလုံးကို ရွတ်ဆိုကာ သူဌေးကတော်ကြီးမှာ ရင်ဘတ်ကို ဖိထားမိသည်။ ထိတ်လန့် တုန်လှုပ်ခြင်းသည် ကျောက်စောင်းကြီး တစ်ခုသဖွယ် သူဌေးကတော်၏ ရင်ဝကို ဝင်ဆောင့်လေသည်။

“သမီးရယ်၊ ချစ်စရာ ခင်စရာ ယောင်္ကျား ဒါလောက်ရှား သလားကွယ်။ အမျိုးသန့်တဲ့ မျိုးတူ နွယ်တူတွေထဲက….”

(ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၁ ဆက်ပြီး တင်ပြပါမည်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP