အဇ္ဈတ္တဒိုင်ယာယီ
ထမင်းခြောက်နဲ့ထန်းလျက် လဲ၊ ထန်းလျက် ၂ ပိဿာ
ထမင်းခြောက် ရွာအနောက်ပိုင်းက မိဖား ရောင်း- ၀တ္ထု ၁၀၀ ကျပ်
ကျောင်းခြံစည်းရိုးမှ မန်ကျီးသီးရောင်း - ၀တ္ထု ၂၀၀ ကျပ်
နောက်ထပ် ရောင်းဘို့ ထမင်းခြောက်လက်ကျန် တစ်တင်းခွဲအိတ်နဲ့ ၂ အိတ်
(ကပ္ပိယကြီး ဦးညိုကြီး၏ ဒိုင်ယာယီ)
ဘယာကြော်ငါးခုဘိုး- တောင်ပိုင်း ဒေါ်ခွေး
ကြက်သွန်ပေါင်းကြော်- ဆယ်ခု အနောက်ပိုင်းက ဒေါ်ကြီးမတင်ပု
ကိုသာအိုးကို ဗူးသီးငါးလုံးဘိုးပေးရမယ်
ကြီးဒေါ်မတင်အေးကို ဆီတစ်ပိဿာဘိုးပေးရမယ်
(အကြော်သည်မ မပု ဒိုင်ယာယီ)
မောင်ကံသာ၏ နွားခိုးမှု- 10. 09. 2008
ဦးလှထွန်းနှင့် ဦးညီပုတို့၏ ကုမ္ပဏီပြဿနာ - 18. 10. 2008
မောင်နိုင်မိုးနှင့်မခင်နွယ် မင်္ဂလာဧည့်ခံပွဲ- 20. 11. 2008
ကိုဖိုးကွန်း ခြံမြေရောင်းဝယ်မှုပြဿနာ- 01. 01. 2009
(ရှေ့နေကြီး ဦးသာမြတ်၏ဒိုင်ယာယီ)
ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့- ငါးဘာသာဂုဏ်ထူးဖြင့် အောင် 10. 07. 2008
ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့- 10. 12. 2008
ဆေးတက္ကသိုလက် စတင်တက်ရောက်ခဲ့- 01. 06. 2009
(ဆေးကျောင်းသူ မအေးမြတ်စန္ဒာ၏ ဒိုင်ယာယီ)
ဒိုင်ယာယီဆိုတာ မှတ်တမ်း၊ ကိုယ့်ဘ၀ရဲ့ ထူးထွေမှုလေးတွေထဲက ထူးခြားမှုလေးတွေ၊ အလုပ်မှာ မေ့ သွားမှာစိုးရိမ်ပြီး ရေးမှတ်ထားကြတဲ့ အကြောင်းအရာလေးတွေပေါ့။ အဆိုးတွေ ပါတတ် သလို အများအားဖြင့်ကတော့ အကောင်းလေးတွေချည်း ရေးမှတ်တတ်ကြပါတယ်၊ သူခိုး တစ်ယောက်ရဲ့ဒိုင်ယာယီထဲမှာတော့ သူ-ခိုးလို့ရတဲ့ပစ္စည်းတွေ ရေးမှတ်ကောင်းမှတ်ပါမယ်၊ ဒါပေမယ့် ဘယ်သူ့အိမ်က ဘယ်လောက် ဘယ်မျှဆိုတာကိုတော့ မှတ်သားလေ့မရှိပါဘူး၊ ဘာကြောင့်ဆို အဲဒီလိုမှတ်ခဲ့ရင် အဲဒီဒိုင်ယာယီဟာ တစ်နေ့သူ့ကိုဒုက္ခပေးတတ်လို့ပါ၊ လူသတ်သမား တစ်ယောက်ဟာ လည်း သူရေးမှတ်ထားတဲ့ မှတ်တမ်းဒိုင်ယာယီထဲမှာ သူသတ်ခဲ့တဲ့ လူတွေရဲ့နာမည်စာရင်းကို မှတ်သားလေ့မရှိပါဘူး၊ ခုနပြောသလိုပါပဲ သူ့ရဲ့ဒိုင်ယာယီက သူ့လည်ပင်းကို သူကိုယ်တိုင် ကြိုးစားကွင်း စွပ်မှာစိုးလို့ပါ၊ လောက ဒိုင်ယာယီ၊ ဒီဒိုင်ယာယီကို ဗဟိဒ္ဓ- ခန္ဓာကိုယ် အပြင်ပက ဒိုင်ယာယီလို့ ခေါ်ပါတယ်။
အဲဒီဗဟိဒ္ဓဒိုင်ယာယီဆိုတာကတော့ ကိုယ်ရေးချင်တဲ့အကြောင်းအရာလေးတွေကို ရွေးပြီး တော့ ရေးလို့ရပါတယ်၊ ကိုယ်မလိုတာတွေ မရေးဘဲထားလို့လည်း ရပါတယ်၊ အကောင်းလေးတွေကိုပဲ ရွေးနှုတ်ပြီး ရေးတတ်ကြတာကတော့ ထုံးစံပါပဲ။ အဲဒီဒိုင်ယာယီရေးဘို့က အနည်းဆုံးစာကိုရေးတတ် ဖတ်တတ်ဖြစ်ရပါမယ်၊ စာအုပ်တစ်အုပ်၊ ဘော့ပင်တစ်ချောင်း (ဒါမှမဟုတ်) ခဲတံတစ်ချောင်းလိုပါမယ်၊ ပညာတတ်အသိုင်းဝိုင်းတွေကတော့ ဒိုင်ယာယီစာအုပ်ဆိုပြီး သီးသန့်ထားကြပါတယ်၊ ဘုန်းတော်ကြီး ကျောင်းက ကပ္ပိယကြီးဦးညိုတို့လို လူမျိုးကတော့ ကျောင်းမှာရှိနေတဲ့ သူနေတဲ့ ဇရပ်နံရံဟာ သူ့အတွက် ဒိုင်ယာယီပါပဲ၊ မီးသွေးခဲတစ်ခဲ (ဒါမှမဟုတ်) မြေဖြူခဲအတိုတစ်ချောင်းရှိရင် သူ့အတွက် သူ့ဒိုင်ယာယီ ရေးသားခြင်းကိစ္စပြီးပါတယ်၊ အကြော်သည်မ မပုတို့လိုမျိုးကျတော့လည်း ဗလာစာအုပ် တစ်အုပ်ဆို သူ့အတွက် ဒိုင်ယာယီရေးဘို့ပြည့်စုံပါပြီ။ ဒါတွေက ဗဟိဒ္ဓဒိုင်ယာယီတွေပေါ့၊ ရေးဘို့နေရာ အချိန်ရွေးစရာမလိုပါဘူး၊ သတိရတဲ့ချိန်ကောက်ရေးလို့အဆင်ပြေပါတယ်။
ဗဟိဒ္ဓဒိုင်ယာယီကိုရေးကြသလို မဖြစ်မနေရေးသင့်တာကတော့ အဇ္ဈတ္တဒိုင်ယာယီပါပဲ၊ ကိုယ်တွင်း ဒိုင်ယာယီပေါ့၊ နှလုံးသားထဲမှာ ရေးရတဲ့ ကိုယ်တွင်းဒိုင်ယာယီပါ၊ အဲဒါက ဟောဒီပစ္စုပ္ပန် လောက တစ်ဘ၀စာတွင်မဟုတ်ပါဘူး၊ သံသရာအတွက်ပါ အရေးပါမှာမို့ပါ၊ ရေးသင့်ပါတယ်၊ ရေးဘို့ အလွန်ပဲ လိုအပ်ပါတယ်၊ ဗဟိဒ္ဓဒိုင်ယာယီမှာကတော့ ကိုယ်ရေးလိုရာတွေ ရွေးရေးလို့အဆင်ပြေ ပေမယ့် အဇ္ဈတ္တဒိုင်ယာယီမှာကတော့ ကိုယ့်အကြောင်း ကိုယ်လုပ်တဲ့အကြောင်း မချွင်းမချန် အားလုံးရေးသားဘို့ လိုပါတယ်၊ ဗဟိဒ္ဓဒိုင်ယာယီက လိမ်လို့ ညာလို့ရပါတယ်၊ အဇ္ဈတ္တဒိုင်ယာယီမှာ ကတော့ လိမ်လို့ညာလို့ မရပါဘူး၊ အဲဒီလိုလုပ်ရင်လည်း အနည်းဆုံး ကိုယ်လုပ်တာကို ကိုယ်ကိုယ်တိုင်က သိနေပါတယ်၊ လိမ်လည်း ကိုယ်ခံ၊ မလိမ်လည်း ကိုယ့်အတွက် ချည်းပါပဲ၊ ဘယ်လို ရေးကြမလဲ၊ ဒီလိုလေးရေးရပါမယ်။
၁။ နှလုံးသားဆိုတဲ့ စာမျက်နှာပြင်ပေါ်မှာ (နှလုံးသားစာအုပ်)
၂။ စိတ်ဆိုတဲ့ ကလောင်တံလေးနဲ့
၃။ ညအိပ်ရာဝင်ချန်
၎။ နဖူးပေါ်လက်တင်
၅။ စဉ်းစားခန်းဝင်ပြီး
၆။ ငါဒီနေ့ ဘာတွေ လုပ်ခဲ့သလဲ၊ ဘာတွေပြောခဲ့သလဲ၊ ဘာတွေတွေးခဲ့သလဲ
ဒီနေ့ ငါ သူများအသတ်တစ်စုံတစ်ခုကို သတ်ခဲ့လေသလား၊ သူများဥစ္စာကို မပေးဘဲနဲ့ ယူခံလေ သလား၊ သူများသားမယားကို စော်ကား ကျူးကျော်ခဲ့မိလေသလား၊ မဟုတ်မမှန် လိမ်လည်ပြီး ပြောခဲ့သလား၊ သူတစ်ပါးမကောင်းဖြစ်အောင် ချစ်နေကြတာ ခင်နေကြတာကို ကုန်းတိုက်စကား ပြောခဲ့သလား၊ ကြမ်းတမ်းတဲ့စကား ဆဲဆိုကြိမ်းမောင်းတဲ့စကား ပြောခဲ့လေသလား၊ အကျိုးမရှိတဲ့ သိမ်ဖျင်းတဲ့ စကားများ ပြောခဲ့လေသလား၊ သူတစ်ပါးဥစ္စာကို မတော်လောဘဖြင့် ငါ့ဥစ္စာဖြစ်ရင် ကောင်းမှပဲဆိုပြီး ကြံစည် စိတ်ကူးခဲ့လေသလား၊ သူတစ်ပါးစည်းပွားချမ်းသာ ပျက်ပြားစေအောင် စိတ်နဲ့ပစ်မှား ကြံဆောင်ခဲ့မိ လေသလား၊ ငါဟာ ကံနဲ့ကံ၏အကျိုးတရားကို မယုံမကြည်၊ ရတနာသုံးပါးကို မယုံမကြည် ဖောက်လွဲ ဖောက်ပြန်အယူဝါဒမမှန်မကန် ယူခဲ့၊ ယုံခဲ့နေသလား စသည်ဖြင့် ဆင်ခြင်ကြည့်ရပါမယ်။
အဲဒီထဲက တစ်ခု၊ ဒါမှမဟုတ် နှစ်ခု၊ နှစ်ခုထက်အလွန် ပြုမူခဲ့တယ်ဆိုရင် အော်… ငါ ဒီနေ့ မကောင်းမှု အကုသိုလ် ဘယ်လောက်များများ လုပ်ခဲ့မိတယ်၊ နေထွက်ကနေ နေ၀င်၊ ခု အိပ်ရာဝင်သည်ထိ မကောင်းမှုတွေ အတော်များများ လုပ်ခဲ့မိပါလားဆိုပြီး စဉ်းစားဆင်ခြင်လျက် နှလုံးသား စာမျက်နှာပေါ်မှာ စိတ်ကလောင်တံနဲ့ ရေးမှတ်ထားလိုက်ပါ။
တစ်ဖန် ဒီနေ့ ငါ ငါပါးသီလကို ကျိုးပေါက်မှု မရှိခဲ့ဘူး သီလလုံခြုံခဲ့တယ်၊ ဒါန ဘယ်နှစ်ခါ ပြုခဲ့မိတယ်၊ ဘာဝနာကတော့ မပြုမိသလောက်ပါလား၊ ဒီလိုလည်း မှတ်သားပြီး ရေးသားခဲ့ပါ။ လူကြီးသူမတွေကို ရိုသေမှု ရှိခဲ့မရှိခဲ့၊ ရတနာသုံးပါးကို ဆည်းကပ်မိ မမိ၊ ကုသိုလ်လုပ်ပြီး အမျှပေးဝေမှု ရှိမရှိ၊ စသည်တို့ကိုလည်း မှတ်သားထားခဲ့ပါ။
နောက် အဲဒီထဲက ကုသိုလ်မှုနဲ့ အကုသိုလ်မှုကို ချိန်ခွင်ပေါ်မှာ တင်ပြီးချိန်သလို ချိန်ကြည့်ပါ၊ အကုသိုလ်တွေများနေရင် နောက်တစ်နေ့ ကုသိုလ်များအောင်လုပ်မယ်၊ အကုသိုလ်တွေ လျှော့မယ်ဆိုပြီး စိတ်ကမှတ်သားပြီး ဆုံးဖြတ်ပါ၊ နောက်နေ့ နောက်နေ့တွေမှာလည်း နေ့စဉ် ဒီလိုပဲ ရေးပါ၊ မှတ်ပါ၊ ဆင်ခြင်ပါ၊ ပြင်ဆင်ပါ၊ အဲဒီလိုဆိုရင် တစ်ဖြေးဖြေးနဲ့ ကိုယ့်ဒိုင်ယာယီထဲမှာ အကုသိုလ် တွေနည်းပြီး ကုသိုလ်တွေ တစ်နေ့တစ်ခြား များလာပါလာလိမ့်မယ်၊ နေ့တွေ များလာသည်နှင့်အမျှ ဒိုင်ယာယီဟာ လှလာပါလိမ့်မယ်၊ နောက်ဆုံး ဒိုင်ယာယီတစ်ခုလုံး အကုသိုလ်တွေ အညစ်အကြေးတွေ ကင်းစင်သွားပြီဆိုရင်ဖြင့် ဘ၀မှာ လုပ်ဆောင်စရာတွေ ကုန်သလောက်ဖြစ်သွားပါပြီ။ ဗုဒ္ဓဘာသာတွေရဲ့ ပန်းတိုင်ဟာ စိတ်မှာ အညစ်အကြေးတွေကင်းစင်ပြီး၊ ကိလေသာတွေ မ၀င်တော့ဘဲ လုံးဝဖြူစင်သွားတဲ့ အရဟတ္တမဂ်ဥာဏ်ကို ရရှိဘို့ပဲဖြစ်ပါသည်၊ အရတ္တမဂ်ရတာနဲ့ အရဟတ္တဖိုလ်ဆိုက် နောက်ဆုံး နိဗ္ဗာန်ကို ရောက်ရှိ ရရှိခြင်းပဲဖြစ်ပါတယ်။
ဒီအဇ္ဈတ္တ ဒိုင်ယာယီရေးတဲ့အခါ ဥပဒေလေးခုရှိပါတယ်၊ အဲဒီဥပဒေလေးခုနဲ့သာ ရေးကြရင်ဖြင့် လိုရာရည်ရွယ်ချက်ကို တိုက်ရိုက်ရောက်ရှိကြမှာ မလွဲမသွေပါပဲ။
ဥပဒေ (၄) ခု
၁။ မပြုလုပ်ရသေးတဲ့ မကောင်းမှု အကုသိုလ်ဒုစရိုက်မှုတွေကို မပြုလုပ်မိဘို့
၂။ ပြုလုပ်ပြီးတဲ့ အကုသိုလ်ဒုစရိုက်တွေကို နောက်ထပ်တစ်ဖန် ထပ်မပြုလုပ်မိဘို့
၃။ မပြုရဘူးသေးတဲ့ ကုသိုလ်သုစရိုက်တို့ကို ပြုလုပ်မိဘို့
၎။ ပြုလုပ်ဘူးတဲ့ ကုသိုလ်သုစရိုက်တွေကို ထပ်ခါထပ်ခါ ပြုလုပ်ကြဘို့
ရည်ရွယ်ချက်
အဲဒီဥပဒေလမ်းကြောင်း လေးခုအတိုင်းသာရေးရပါမယ်၊ အဲဒီလိုရေးပြီဆိုရင် နောက်ဆုံး စိတ်ဟာအညစ်အကြေးကင်းပြီး အဇ္ဈတ္တဒိုင်ယာယီတစ်ခုလုံး အဖြူစင်ဆုံးဖြစ်သွားပါလိမ့်မယ်၊ ဒါသည်ပင် ဘုရားရှင်တိုင်း အလိုရှိတဲ့ လမ်းစဉ်အဆုံးအမပါပဲ၊ စိတ်ကို ဖြူစင်ဘို့ဆိုတဲ့ အလုပ်ဟာ ဗုဒ္ဓဘာသာတို့အတွက် အဓိက ပန်းတိုင်ဖြစ်ပါတယ်၊ စိတ် လုံးဝဖြူစင်သွားပြီဆိုရင် လိုရာကိစ္စ၊ ပြုဘွယ် ကိစ္စပြီးဆုံးသွားပါပြီ၊ ဒါသည်ပင် အဇ္ဈတ္တဒိုင်ယာယီ ရေးသားရတဲ့ ရည်ရွယ်ချက်ပါပဲ၊ ဒါကြောင့် ပွင့်တော်မူပြီးတဲ့ ဘုရားရှင်တိုင်းက ဒီလိုဆုံးမခဲ့တာပါ….
၁။ မကောင်းမှုရှောင်
၂။ ကောင်းမှုဆောင်
၃။ စိတ်ကို ဖြူအောင်ထား
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဓပနံ၊ ဧတံ ဗုဒ္ဓါနသာသနံ။
Not to do any evils;
To do good deeds;
Purify your mind;
These are all Buddhas’ teachings.
ရေးမှတ်ဘို့ကုန်ကြမ်း
ဒုကစရိုက် (၁၀) ပါး
၁။ သူ့အသက်သတ်ခြင်း
၂။ သူ့ဥစ္စာခိုးခြင်း
၃။ သူတစ်ပါး သားမယား ကျူးကျော်စော်ကားခြင်း
၎။ မဟုတ်မမှန် လိမ်ညာပြောခြင်း
၅။ သူတစ်ပါး အခင်ပျက်၊ အချစ်ပျက်အောင် ကုန်းတိုက်စကား ပြောကြားခြင်း
၆။ ကြမ်းတမ်းတဲ့စကား၊ ဆဲဆိုတဲ့စကားများကို ပြောဆိုခြင်း
၇။ ပြိန်ဖျင်းတဲ့စကား အကျိုးမဲ့စကားများကို ပြောဆိုခြင်း
၈။ သူတစ်ပါးစည်းစိမ်ဥစ္စာကို မိမိဥစ္စာဖြစ်စေလိုသော မတရားအကြံကို ကြံစည်ခြင်း
၉။ သူတစ်ပါးစည်းစိမ်ဥစ္စာကို ပျက်စီးစေလိုသောစိတ် အကြံမျိုးကြံစည်ခြင်း
၁၀။ အယူမှားခြင်း၊ (ကံမရှိ၊ ကံ၏အကျိုးတရားမရှိ၊ ဘုရား မရှိ၊ တရားမရှိ သံဃာမရှိ စသည်)
သုစရိုက်တရား (၁၀)
ဒုစရိုက်တရားဆယ်ပါးကို ပြောင်းပြန်လှန်လိုက်လျှင် သုစရိုက်တရား ဆယ်ပါးဖြစ်သွားပါသည်။
ပုညကိရိယ၀တ္ထု (၁၀) ပါး
၁။ အလှူပေးခြင်း (ဒါန)
၂။ ကိုယ် စိတ် နှလုံး စောင့်ထိန်းခြင်း (သီလ)
၃။ တရားဘာဝနာပွားများခြင်း (ဘာဝနာ)
၎။ ရတနာသုံးပါး မိဘ ဆရာသမားနှင့် အသက်ဂုဏ်ဝါ ကြီးမြတ်သူတို့ကို ရိုသေခြင်း (အပစာယန)
၅။ ရတနာသုံးပါး မိဘ ဆရာသမားစသည်တို့၏ အမှုကြီးငယ်ကို ပြုလုပ်ပေးခြင်း (ဝေယျာဝေစ္စ)
၆။ ကိုယ်ပြုပြီးသော ကုသိုလ်အဖို့ ဟူသမျှကို အခြားသောသူတို့အား အမျှဝေခြင်း (ပတ္တိဒါန)
၇။ သူတစ်ပါးက ပေးသောကုသိုလ်အမျှကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း (ပတ္တာနုမောဒန)
၈။ တရားဒေသနာတော်များကို နာကြားခြင်း (ဓမ္မဿဝန)
၉။ တရားဟောကြားပေးခြင်း (ဓမ္မဒေသနာ)
၁၀။ အယူဝါဒမှန်ကန်ခြင်း (ဒိဋ္ဌိဇုကမ္မ)
ဒီလောက်ဆိုရင် အဇ္ဈတ္တဒိုင်ယာယီရေးတတ်လောက်ပြီဟု ယုံကြည်မိပါသည်၊ ပထမဦးဆုံး နာလည်ရမှာက ခုပြောထားတဲ့ ကုန်ကြမ်းတွေကိုပါပဲ၊ ဘယ်ဟာက ကောင်းတယ်၊ ဘာဟာက မကောင်းဘူး၊ သုစရိုက်တွေစု၊ ဒုစရိုက်တွေကိုရှောင်၊ တစ်နေ့ပြီး တစ်နေ့ ဆင်ခြင်မှတ်သားပြီး စုဆောင်းရေးမှတ်သွားဘို့ပါပဲ၊ ရေးဘို့ကိုတော့ တစ်နေ့မှ မပျင်းဘို့လည်း ကြိုးစားကြစေချင်ပါတယ်၊ လောကမှာ သားကျွေးမှု မယားကျွေးမှု၊ မိဘကိုလုပ်ကျွေး ပြုစုမှု အဲဒါတွေဟာ အားလုံး ကုသိုလ်တွေဆိုတာကိုလည်း သတိထားကြစေချင်ပါတယ်၊ တစ်နေ့ တစ်နေ့ စုဆောင်းတတ်ရင် ကုသိုလ်တွေကို ကိုယ်သတိမထာဘဲနဲ့လည်း ပြုလုပ်နေမိတာကိုလည်း သတိရှိစေချင်ပါတယ်၊ အကောင်းတွေကို လုပ်နေပေမယ့် အဲဒါတွေဟာ ကုသိုလ်လို့ သတိထားတတ်ချင်မှ တတ်ပါမယ်၊ ဘာလုပ်လုပ် ကောင်းမှုကုသိုလ်တွေကို စေတနာထားပြီးသာလုပ်ပါ၊ အိပ်ရာဝင်ရေးတဲ့ ခု ဒိုင်ယာယီ အတွက် လှပနေမှာအမှန်ပါ၊ စိတ်အားငယ်စရာ မရှိပါဘူး၊ လူ့လောက ဘ၀လမ်းဆုံဟာ ယူတတ်ရင် ကုသိုလ်တွေအများကြီး၊ ကုသိုလ်တွေ စုဝေးနေတဲ့နေရာကြီးပါ။
ပြောခဲ့ဘူးသလိုပါပဲ၊ ယူတတ်ဘို့ လုပ်တတ်ဘို့တော့ လိုပါတယ်၊ ရေးကြပါ၊ ဒါဟာ တကယ့်ကို မလွှဲမသွေ ထမ်းဆောင်ကြရမယ့် အလုပ်ကြီးတစ်ခုလို့ ရင်ထဲမှာထားပြီး ရေးသားစေချင်ပါတယ်၊
ဒါကြောင့်မို့….
စာဖတ်သူ အားလုံး အဇ္ဈတ္တဒိုင်ယာယီ ရေးဖြစ် ရေးနိုင် ရေးတတ် အရေးမပျင်းကြပါစေနဲ့ဟု ဆုတောင်းဆန္ဒပြုရင်း…..
18. 12. 2009

0 comments:
Post a Comment