* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, December 7, 2009

ဖခင်စိတ်နှင့် မိခင်စိတ်...

မိဘတိုင်းသည် စိတ်ဓာတ်ကိုယ်စီဖြင့် သားသမီးများကို ပြုစုစောင့်ရှောက်နေကြပေသည်။ သို့ရာတွင် ဖခင်တို့၏ စိတ်ဓာတ်နှင့် မိခင်တို့၏ စိတ်ဓာတ်တို့သည် ဆောင်ရွက်ပုံချင်း အနည်းငယ်စီ ကွဲပြားခြားနားမှု ရှိနေတတ်ပေသည်။
ဖခင်တို့၏ စိတ်ဓာတ်သည် မိမိတို့၏ သားသမီးများကို ကျရောက်လာမည့် ဘေးအန္တရာယ် ရန်စွယ် အပေါင်းမှ လွတ်ငြိမ်းချမ်းသာစေရေး၊ ဘေးကင်းလုံခြုံစေရေး အတွက် အသက်ကိုပင် စွန့်ကာ အကာအကွယ် အပြည့်အ၀ ပေးလေသည်။ သားသမီးတို့၏ အရေးကိစ္စများတွင်လည်း ရှေ့တန်းမှနေ၍ မားမားမတ်မတ် ရပ်တည်ကာ အစစ အရာရာ စီမံ ဆောင်ရွက် ပေးတတ်ကြသည်။
ဖခင်တို့သည် မိသားစု စီးပွားရေးအတွက် အသက်နှင့် ရင်းနှီးကာ စီးပွားရှာရသည် အလုပ်များလည်း ရှိပေသည်။ သားသမီးများအတွက် ဘ၀တိုးတက်ရေး၊ စားဝတ်နေရေး လိုအပ်ချက်မှန်သမျှ စွမ်းဆောင်ပေးတတ်သည်မှာ ဖခင်တို့၏ စိတ်ဓာတ်သည် အထင်အရှားပင် ဖြစ်သည်။
မိခင်တို့၏ စိတ်ဓာတ်သည်လည်း မိမိတို့၏ သားသမီးများ အနာရောဂါ ကင်းရှင်းရေး၊ ကျွေးမွေးစီမံရေး၊ အ၀တ်အစားများအတွက် စီမံဆောင်ရွက်ပေးရေး စသည်စသည် များစွာတို့ကို မေတ္တာတရားဖြင့် စောင့်ရှောက်ပေးသည်။
မမွေးဖွားမီ သန္ဓေတည်စဉ် ကာလမှာပင် မမြင်ရသေးသော သားသမီးများကိုပင်လျှင် နေ့စဉ်မေတ္တာပို့လျှက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ မိခင်သည် မွေးဖွားစဉ်တွင်လည်း မိမိ၏အသက်ကိုပင် သားသမီးအတွက် ပေးစွန့်ထားကာ မွေးဖွားကြရပေသည်။ မိခင်တို့၏ မြင့်မြတ်သော စိတ်ဓာတ်သည်လည်း ငြင်း၍မရနိုင်ပေ။
မိဘတို့၏ သားသမီးများအပေါ် ထားရှိသော မေတ္တာတရားသည် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် များပြားလွန်းပေသည်။
ထိုနည်းတူစွာပင် …
သာသနာ့နယ်ပယ်ကို ကြည့်မည်ဆိုလျှင် ဖခင်စိတ်ထားများသည် သာသနာ့ အာဇာနည် ရဟန်းတော်များထံတွင် ကိန်းအောင်းနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ရဟန်းတော်များသည် မိမိတို့၏ ဒကာ၊ ဒကာမများထံသို့ ကျရောက်လာမည့် ဘေးအန္တရယ်ကိုလည်း တားဆီးပေးတတ်ကြပေသည်။ ဘေးအန္တရယ် ဆိုသည်မှာ အပါယ်လေးပါးကို ဆိုလိုခြင်းသာ ဖြစ်သည်။
ဒကာ၊ ဒကာမများ အပါယ်လေးပါးသို့ မကျရောက်ရလေအောင် တရားဓမ္မများဖြင့် တားဆီးကာကွယ် ပေးနေကြသည်မှာ ရဟန်းတော်များပင် ဖြစ်သည်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ပြည့်စုံအောင် ကျင့်ကြံအားထုတ်ရင်း ဒကာ၊ ဒကာမများ၏ ကောင်းမှုကုသိုလ် အကျိုးစီးပွားများကိုလည်း ဆောင်ကြဉ်းပေးတတ် ကြပေသည်။
အသွေး၊ အသား၊ ကိုယ်လက်အင်္ဂါများကို စွန့်လွှတ် လှူဒါန်းနေကြသော ပုဂ္ဂိုလ်များတွင်လည်း ရဟန်းတော်များသည် စံပြပုဂ္ဂိုလ်များ စာရင်းတွင် ထိပ်ဆုံးနေရာ၌ ပါဝင်နေပါသည်။
မြန်မာနိုင်ငံရှိ ဆေးရုံများတွင် သွေးသွင်းရန် လိုအပ်နေသော လူနာရှင်များအတွက် လိုအပ်နေသော သွေးကို စာသင်တိုက်များရှိ ရဟန်းတော်များသည် အလွယ်တကူ လှူဒါန်းလေ့ရှိသည်။ ထိုမျှမကသေး အသည်း၊ ကျောက်ကပ် စသည့်ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကိုလည်း ရဟန်းတော်များက လှူဒါန်းနေကြသည်မှာ ဘုရားအလောင်းတော်တို့၏ စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေသည့် အလား အလွန် ကြည်ညိုလေးစားဖွယ် ကောင်းလှပေသည်။
ရဟန်းတော်များ၏ ဤကဲ့သို့သော အသက်ပေးဆောင်ရွက်မှုများသည် ဖခင်တစ်ဦး၏ မေတ္တာနှင့် မခြား မြင့်မြတ်သည့် စိတ်ဓာတ်များကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေပါသည်။
မိခင်စိတ်နှင့် နှိုင်းယှဉ်ရမည့် ပုဂ္ဂိုလ်များကို ညွှန်ပြပါ ဟု ဆိုလာလျှင် သာသနာတော်ကို လှူဒါန်း ထောက်ပံနေကြသော ဒကာ၊ ဒကာမများကိုသာ ညွှန်ပြရပါလိမ့်မည်။
ဗုဒ္ဓသာသနာတော်တွင် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းနေကြသော ဒကာ၊ ဒကာမများသည် မိခင်စိတ်များရှိကြသော ပုဂ္ဂိုလ်များဟု ရည်ညွှန်းချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ဒကာ၊ ဒကာမများသည် မိခင်စိတ်များနှင့် ထပ်တူ ပြုနိုင်ပါသောကြောင့်တည်း။
မိခင်တို့၏ စိတ်သည် မိမိ၏ သားသမီးများကို ကျွေးချင်မွေးချင်စိတ် ရှိကြသည်။ သားသမီးများ ဆာလောင်ငိုကြွေးနေသည်ကို မိခင်တို့သည် မရှုစိမ့်နိုင်အား။ သားသမီးများ မျက်နှာငယ် ညိုးနွမ်းနေမည်ကိုလည်း မလိုလား။ ထို့အတူ ဒကာ၊ ဒကာမများသည်လည်း ရဟန်းသံဃာများကို ပစ္စည်းလေးပါးများဖြင့် ကျွေးမွေး စောင့်ရှောက်ကြသည်။ ရဟန်းတော်များ၏ ကျန်းမာရေးက အစ ပြည့်စုံအောင် ဆောင်ရွက်ပေးကြသည်။
အမှန်အားဖြင့် ရဟန်းများ၏ ဘ၀များသည် မိဘ ညီအစ်ကို မောင်နှမများ ရှိသော်လည်း သာသနာတော်၏ အလုပ်တာဝန်များကို ထမ်းဆောင်နေကြရသောကြောင့် မိမိတို့၏ ဆွေမျိုးသားချင်းများနှင့် အတူတကွ မနေကြရ။ ထို့အတွက်ကြောင့် ရဟန်းတော်များ၏ ဆွေတော်မျိုးတော်များကို ပြပါ ဟု ဆိုလျှင် မိမိတို့အား ကျွေးမွေး စောင့်ရှောက်နေကြသော ဒကာ၊ ဒကာမများကိုပင် ညွှန်ပြရပေလိမ့်မည်။
တိုင်းတစ်ပါးသား တစ်ဦး မေးဖူးသည့် မေးခွန်းလေး တစ်ခုသည်
အရှင်ဘုရားတို့မှာ ဇနီးမယားနဲ့ သားသမီး ကိုယ်ပိုင်မိသားစုလည်း မရှိဘူး။ တစ်ကိုယ်တည်း အထီးကျန်နေတယ် လို့ ပြောလို့ မရနိုင်ဘူးလား
မေးခွန်းကို မှားသည်ဟု မဆိုနိုင်သော်လည်း အမှန်ကိုတော့ အဖြေပေးလိုက်မိသည်။
ဟုတ်ပါတယ်။ ဒကာကြီးပြောတဲ့ ကိုယ်ပိုင် မိသားစုတော့ မရှိပါဘူး။ ဒါပေမဲ့ ဘုန်းကြီးတို့ကို ထောက်ပံ့နေတဲ့ ဒကာ၊ ဒကာမတွေဟာ ဘုန်းကြီးတို့ရဲ့ ဆွေမျိုးမိသားစုတွေပါပဲ
ရဟန်းဆိုသည်မှာ ဒကာ၊ ဒကာမများ၏ ဖြူစင်စွာ လှူဒါန်းကြသော ပစ္စည်းလေးပါးကို မျှတစွာ သုံးဆောင်နေရသည်ပင်။
အမိသည် သားသမီးများ အစားအစာကျွေးမွေးရာတွင် ဖြူစင်သော စေတနာ မေတ္တာအပြည့်ဖြင့် ကြည်နူးစွာ ကျွေးမွေးပြီး သားသမီးများ အစာစားနေသည်ကို ကြည့်နေရသည်ကိုပင်လျှင် ကြည်နူးနေတတ်သည်။ ဒကာ၊ ဒကာမများသည်လည်း ရဟန်းတော်များကို ဆွမ်းဆက်ကပ်ရာတွင် ဆွမ်းဘုဉ်းပေးနေသည့် ရဟန်းတော်များကို ကြည့်ပြီး ကြည်နူးမှုဖြင့် ပီတိ ဖြစ်နေတတ်ကြသည်။ မိမိတို့၏ အိမ်ရှေ့ ဆွမ်းခံကြွလာသော ရဟန်းတော်များကို ဆွမ်းလောင်းလိုက်ပြီး ခြေလှမ်းမှန်မှန် ကြွချီသွားသော ရဟန်းများကို ဖူးမျှော်ရင်း ကြည်ညို သဒ္ဓါတရားများ ပွားနေတတ်သည်။
ဤစိတ်ဓာတ်များသည် မိခင်တို့၏ စိတ်ဓာတ်များပင် မဟုတ်ပါလော။
သာသနာတော်ကို တည်ဆောက်ထားသည်မှာ ရဟန်းတော်များမှလည်း ဖခင်စိတ်ဖြင့်လည်းကောင်း၊ ဒကာ၊ ဒကာမများမှလည်း မိခင်စိတ်များဖြင့် လည်းကောင်း အသီးသီး စိတ်ဓာတ်ကိုယ်စီဖြင့် မွန်မြတ်သော စေတနာ မေတ္တာဓာတ်များဖြင့်သာ ဖွဲ့စည်းထားသည်။ သို့ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာဘုရား တည်ထောင်ထားသော သာသနာတော်သည် နှစ်ပေါင်း ၂၅၅၀ ကျော် သက်တမ်းကို ကြံ့ကြံ့ခံ လျှောက်လှမ်းနိုင်နေခြင်း ဖြစ်သည်။
ဖခင်စိတ်တို့၏ စွမ်းအားများဖြင့်လည်းကောင်း၊ မိခင်စိတ်တို့၏ စွမ်းအားများဖြင့်လည်းကောင်း စိတ်ဓာတ်ကိုယ်စီဖြင့် အားမာန်ပြုသွားမည် ဆိုလျှင် ဤကမ္ဘာကြီးတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်ပြီး ဆက်လက် တည်တံ့နေဦးမည်မှာ သက်သေပြစရာ လိုအံ့မည်မထင်တော့ပေ…..



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP