* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 20, 2009

ထင်းခွေမကြုံရေခပ်ကြုံ

Posted by ညခင်းနှင့်လမင်း Nov 19, 2009 မှတ်ချက်ပေးရန် (2)

တစ်ခါတုန်းက ဥတ္တရာပထတိုင်းသား တစ်ယောက်ဟာ ခရီးတစ်ခုထွက်ခဲ့ပါတယ်။ ခရီးသွားနေတုန်းမှာ နေကသိပ်ပူတော့ ရေကလည်း ဆာလာပါတယ်။ ဒါကြောင့် နီးရာသစ်ပင်ရိပ်အောက်ကို ၀င်နားလိုက်ပါတယ်။ သစ်ပင်အောက်မှာ သူ့လိုပဲ သာဝတ္တိပြည်သား လူစိမ်းတစ်ယောက်ကလည်း ကွမ်းဝါးရင်း နေပူခိုပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ကြိုရောက်နေတဲ့ လူစိမ်းကို ရေတောင်းလိုက်ပါတယ်။

မိတ်ဆွေရယ် ရေလေးဘာလေးမပါဘူးလား၊ ပါရင် နည်းနည်း လောက်ပေးစမ်းပါ၊ ရေသိပ်ဆာနေလို့ပါ… မပါဘူး......ဒါဖြစ်ရင်လည်း မိတ်ဆွေရယ် ၊ ရေဆာလွန်းလို့ ကွမ်းလေးတစ်ယာ လောက်ပေးပါ......... အိုး…ဒီအတိုင်းတော့ ဘယ်ရမလဲ၊ လေးအသပြာပေးရမယ်....ရပါတယ် လေးအသပြာပေးပါ့မယ်

ပြောပြီး လေးအသပြာကို ထုတ်ပေးလိုက်ပါတယ်။ ဒီတော့ ဥတ္တရာပထတိုင်းသားက ရေဆာပြေအဖြစ် ကွမ်းကို ၀ါးပါတော့တယ်။တကယ်တော့ ကွမ်းတစ်ယာဟာ လေးအသပြာ မတန်ပါဘူး၊ လိုနေမှန်းသိလို့ ပုံမှန်ဈေးထက်အဆများစွာ တင်ရောင်းလိုက်တာ ပါ။

အမောပြေတော့ ကိုယ့်ခရီးကိုယ် ဆက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ကာလတွေကြာသွားရောပဲ ဆိုပါတော့။တစ်နေ့သောအခါမှာတော့ ပင်လယ်ပြင်မှာ ခရီးထွက်ရင်း သူတို့နှစ်ဦးဟာ သင်္ဘောတစ်စီးမှာ ပြန်ဆုံကြပြန်ပါတယ်။

တစ်နေရာအရောက်မှာတော့ စီးလာတဲ့သင်္ဘောက မှောက်သွားပါလေရော၊ ခရီးသည်တွေဟာ ပင်လယ်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ကူးနေကြပါတယ်။ ဥတ္တရာပထတိုင်းသားကတော့ ကံကောင်းစွာ ပျဉ်ချပ် တစ်ခုကိုရလိုက်ပါတယ်။

ရလာတဲ့ ပျဉ်ချပ်နဲ့ ကူးရင်း သူနဲ့ခပ်လှမ်းလှမ်းမှာ ယက်ကန်ယက်ကန်နဲ့ ရေထဲနစ်လုနစ်ခင် ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သေချာကြည့်လိုက်တော့ တစ်ချိန်က သူ့ကို ကွမ်းတစ်ယာကို လေးအသပြာနဲ့ရောင်းခဲ့တဲ့သူပါ။

ဒီတော့ ဥတ္တရာပထ တိုင်းသားက…

ဒီမိတ်ဆွေဟာ ငါ ရေငတ်နေတုန်းက ကွမ်းတစ်ယာရောင်းဖူးတယ် ။ ကျေးဇူးရှိခဲ့ဖူးတဲ့ မိတ်ဆွေပဲ ဆိုပြီး သူ့ရဲ့ပျဉ်ချပ်ကို ထိုးပေးလိုက်ပါတော့တယ်။

ဒီသီဟိုဋ္ဌ် ၀တ္တုလေးကို ဖတ်ရင်း ရင်ထဲမှာ ထင်းခွေမကြုံရေခပ်ကြုံ ဆိုတာလေး သတိရမိပါတယ်။ ဒါအပြင် သူတစ်ထူးရဲ့ အပြစ်ကို မမြင်ပဲ ကျေးဇူး ကိုသာ ထင်ရှားစွာမှတ်သားထားသူရဲ့ သူတော်ကောင်းစိတ်ဓာတ်ကို လေးစားမိသွားပါတယ်။ကမ္ဘာကြီးဟာ အမှန်တကယ်လုံးပြီး နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းပြီး ၂၄ နာရီ ပတ်လည် နေခဲ့ရိုးမှန်ရင် ကျောခိုင်းပြီး ခွဲခွာသွားတဲ့ ချစ်သူနှစ်ဦးဟာ တစ်ချိန်ချိန်မှာ မျက်နှာချင်းဆိုင်ပြီး ပြန်တွေ့ကြလိမ့်မယ်တဲ့။ အချစ်ဝတ္တုဆရာရေးဆရာတွေက သိပ္ပံသဘာဝ နဲ့ ယှဉ်ရေးကြတာ ကိုဖတ်ဖူးပါတယ်။

ကံကြမ္မာသဘောတရားအရလည်း လူနှစ်ယောက်ဟာ နိဗ္ဗာန်မရသေးသမျှ တစ်ချိန်ချိန်မှာ တစ်နေရာရာမှာ ပြန်လည်တွေ့ဆုံကြရဦးမှာပါ။ အဲဒီလို မျက်နှာချင်းဆိုင် ပြန်လည် ဆုံကြရတဲ့အခါ ဘယ်လိုမျက်နှာတွေ နဲ့ ဆုံကြမလဲ…ခွဲခွာခြင်း ဝေးကွာခြင်းတွေနဲ့ တစ်နေ့တစ်ချိန် ကံအားလျော်စွာ ပြန်ဆုံကြရင်ဖြင့်…အပြုံးတွေနဲ့ နှုတ်ဆက်နိုင်ဖို့ လိုပါတယ်။
သူတော်ကောင်း
စိတ်ထားရှည်ကာ မကြွားဝါ
ထိုဟာ သူတော်ကောင်း
မပြင်း ဒေါသ မာန်မာန
ကင်းက သူတော်ကောင်း
ကျေးဇူးသိမြင် ပြန်ဆပ်လျှင်
ခေါ်တွင် သူတော်ကောင်း
ဂုဏ်ပြိုင် တုပ မပြုက
ခေါ်ရ သူတော်ကောင်း
ကိုယ်ကျိုးကိုသာ မရှာတာ
ထိုဟာ သူတော်ကောင်း
သူ့အပြစ်များ မပြောငြား
ခေါ်ငြား သူတော်ကောင်း
သူ့အပြစ်များ မှတ်မထား
ခေါ်ငြား သူတော်ကောင်း
မကောင်းမှု၌ မနှစ်ခြိုက်
ခေါ်ထိုက် သူတော်ကောင်း
ကောင်းမှုမြင်ဟာ ကြည်ဝမ်းသာ
ထိုဟာ သူတော်ကောင်း
သည်းခံများစွာ အရာရာ
ထိုဟာ သူတော်ကောင်း
ဂုဏ်နှစ်များစွာ ရှိလေတာ
ပြောငှာ မကုန်တောင်း။ ။
(ဓမ္မဒူတ ဆရာတော်ကြီး ဟောကြားသောတရားဆောင်ပုဒ်များ)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP