* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, October 24, 2009

ဗုဒ္ဓဘုရားရှင်ဆီမှာ ဆေးရှိတယ်…တဲ့။


ဘုရားရှင် လက်ထက်တော်က-
ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် ဆင်းရဲသူမလေးတစ်ယောက်ရှိခဲ့ပါတယ်။ သူ့ဘ၀အကြောင်းကံ ဖန်လာပုံဆန်းကြယ်လေတော့ ကုဋေကြွယ်သူဌေးမဘ၀ ရောက်ခဲ့ပုံက ဒီလိုပါ။

သူတို့မြို့မှာ ကုဋေလေးဆယ်ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူဌေးကြီးရဲ့ နောက်ခံအကြောင်း အတိတ်ကုသိုလ် မစင်ကြယ်လို့ပဲထင်ပါရဲ့။ သူ့မှာရှိသမျှ ရွှေ၊ ငွေတွေအားလုံးဟာ မီးသွေးခဲတွေ ဖြစ်ကုန်ပါရော တဲ့။ ရှိရှိသမျှတွေ မီးသွေးခဲဖြစ်ကုန်တယ်ဆိုတော့ ခမျာ ဘယ်လောက်သောက ရောက်ရှာမလဲ။ ဒါကို မမြင်ရက်တဲ့ မိတ်ဆွေတစ်ယောက် က ဒီလိုအကြံပေးတယ်။

ခင်ဗျား မီးသွေးခဲတွေ ဈေးထဲသွားပုံထား၊ မီးသွေးခဲတွေကို…. ဟာ….ရွှေတွေ၊ ငွေတွေ ဟေ့လို့ ပြောရင် ခင်ဗျားနဲ့ ကံစပ်တယ်။ သူက အမှန်မြင်လို့ အမှန်ဘ၀ ပြန်ရောက်အောင် လုပ်ပေးမယ့်သူပဲ။ အဲဒီလူဟာ ယောက်ျားများဖြစ်ခဲ့ရင် ရွှေငွေတွေ တစ်ဝက်ပေးပြီး ကျေးဇူးဆပ်လိုက်ပါ။ မိန်းမဖြစ်ခဲ့ရင်တော့ သားနဲ့ပေးစား၊ ချွေးမအဖြစ် မြှောက်စားလိုက်ပါ...။

ဈေးအတွင်းသွားလာသူတွေရှုပ်ရှက်ခတ်နေချိန်မှာပဲ။ သူ့မီးသွေးပုံကြီးကို ဘယ်သူမှ ရွှေ၊ ငွေလို့ မပြောဘူး။ အဲဒီမှာ ကိသာဂေါတမီ ဆိုတဲ့ ပိန်ချည့်ချည့် သူဆင်းရဲမလေး ကတော့….ဟယ်…ရွှေပုံကြီးတော့၊ ငွေပုံကြီးတော့် တဲ့၊ တအံတသြ အာမေဋိတ်ပြုရှာတယ်။ သူဌေးကြီးလည်း အလွန်အမင်းအံ့သြခြင်းဖြစ်ကာ ဟဲ့ ဘယ်မလဲ…ရွှေတွေ ငွေတွေ လို့မေးတာပေါ့။ ဒီမှာလေ ဒီမှာ… ကိသာဂေါတမီရဲ့ လက်ထဲမှာ မီးသွေးခဲတွေဟာ ပကတိ ရွှေတွေငွေတွေပြန်ဖြစ်လာတာကို သူဌေးကြီးမြင်တွေ့ရတယ်။ ဒါနဲ့ သူဌေးကြီးလည်း ကိသာဂေါတမီကို အိမ်ခေါ်သွားပြီး သားနဲ့ပေးစား ချွေးမ အဖြစ်မြှောက်စားတော့တယ်။

လူဆိုတာ ပြည့်စုံလာတဲ့အခါ တောင့်တမှုတွေ ပိုများလာတတ်ပါတယ်။ ကိသာဂေါတမီ လည်း ကုဋေကြွယ်သူဌေးမ ဖြစ်လာခါမှ သားဆုကို တောင့်တတယ်။ တောင့်တတဲ့အတိုင်းလည်း သားကလေးရပါတယ်။ သားကလေးကြီးရင် ဘယ်လို… ဘယ်နှယ့် …တောင့်တမျှော်လင့်စိတ်တွေ မဆုံးခင်မှာပဲ သားကလေး ဆုံးသွားရှာတယ်။ မပီကလာ တီတီတာတာ ချစ်စရာကောင်းတဲ့ အချိန်မှာ သားကလေးဆုံးရလေခြင်းနော်။ ကိသာဂေါတမီကတော့ သားကလေး သေတယ် ဆိုတာကို ယုံကို မယုံဘူး။ သူ့သားကို သင်္ချိုင်း အပို့အခံပါဘူး။ သားကလေး အိပ်ပျော်နေတာပါ ၊ သေတယ် ဆိုရင်တောင် ပြန်ရှင်အောင် အသက်သွင်းပေးကြပါလို့ ဆေးဆရာကြီး တွေကို ပူဆာပါတယ်။ သားဆုံးပေမယ့် အမေ့သောက မဆုံးသေးပါဘူး သားကဖြင့် ပုပ်ပွလာပြီ မြင်လို့ တောင် မကောင်းတောပါ့ဘူး၊ ဒီမှာ ဆေးဆရာကြီး တစ်ဦးက အကြံပေးပါတယ်။

ဗုဒ္ဓဘုရားရှင်ဆီမှာ ဆေးရှိတယ်…တဲ့။

ကိသာဂေါတမီလည်း လူးလဲငိုယိုပြီး ဘုရားရှင်ဆီ ဆေးသွားတောင်းတာပေါ့။ ဘုရားရှင်က လူမသေဖူးတဲ့အိမ်က မုန့်ညင်းစေ့ရှာခဲ့၊ ဆေးဖော်ပေးမယ်တဲ့။ ဒါနဲ့ ကိသာဂေါတမီလည်း တငိုငိုတယိုယိုနဲ့ လူမသေဖူးတဲ့ အိမ်က မုန့်ညင်းစေ့ရှာသတဲ့။ မြို့လုံးသာ နှံ့တယ် မသေဖူးတဲ့ အိမ်မတွေ့ပါ။ ဒီမှာ ကိသာဂေါတမီ သတိဝင်လာပါပြီ။ သြော်ငါ့သားလေး မှ ရွေးပြီးသေရတာ မဟုတ်ပါလား။ လူဆိုတာ သေမျိုးချည်းပါလား တဲ့။ ဒါနဲ့ ပုပ်ပွနေတဲ့ သားကလေးကိုလည်း သင်္ချိုင်းပို့ခဲ့ပြီး ဘုရားရှင်ထံမှောက် ပြန်ရောက်လာပါတယ်။ ဒီမှာ မြတ်စွာဘုရားက တစ်ခွန်းတည်းသော တရားကို ဟောပါတယ်။

သမီး…မြစ်ကမ်းပါး၌ အိပ်ပျော်နေသူဟာ မိုးရွာစဉ် ရေစီးကြောင်းများ ဖြစ်ပေါ်တိုက်စားတာကို မသိသလို သတ္တ၀ါတွေဟာလည်း ကိလေသာရဲ့ တိုက်စား ခြင်း ကို မသိကြလေကုန်…

တရားကို စိုက်နာနေတဲ့ ကိသာဂေါတမီဟာ တရားအဆုံးမှာပဲ သောတပန် တည်ပါတယ်။ သောက ပရိဒေ၀ တို့မှ လွတ်မြောက်သွားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက စိုးရိမ်ပူဆွေးရသော သောက၊ ငိုကြွေးရသော ပရိဒေ၀တို့ မှ ကျော်လွန်ရန်အလိုငှာ သတိဖြင့် ရှုမှတ်ရ သောလမ်းသည် တစ်ခုတည်းသော လမ်း၊ တစ်ကြောင်းတည်းသော လမ်းတည်းလို့ ဟောကြားခဲ့ပါတယ်။

သောကဆိုတဲ့ စိုးရိမ်ပူဆွေးရခြင်း၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးရခြင်း တို့မှာ ဒီခန္ဓာရနေသ၍ကာလ ပတ်လုံး ဘယ်သူမှ မကင်းနိုင်ကြပါ။ အဲဒီလို မကင်းနိုင်ကြ သော်လည်း သောကပရိဒေ၀တွေကို ကျော်လွန်နိုင်တဲ့ နည်းကောင်းလမ်းမှန် ကိုရှာကြရမှာဖြစ်ပါတယ်။အတ္တနယ်ပယ်မှာ ကျင်လည်နေသရွေ့တော့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေ ကပ်ပြီးနှိပ်စက်တာခံနေရမှာပဲ။ ဒီဒုက္ခတွေက လွတ်မြောက်ရာကို သွားချင်ကြတယ်ဆိုရင်တော့ အပ္ပမာဒ လက်နက် အသင့် ရှိကြရမှာဖြစ်ပါတယ်။ သတိ၊ အသိ၊ ၀ီရိယ ဆိုတာကတော့ ဒီလက်နက်ကို ထက်သထက် ထက်အောင် သွေးပေးနေတာတွေပါပဲ…


အရှုးပမာ
ဝိပဿနာ ကင်းက မိုက်မောဟ
အရှုးထ၍နေလေသည်။
ခန္ဓာအနိစ္စ ယူနိစ္စ အရှုးထ၍နေလေသည်။
ခန္ဓာဒုက္ခ ယူသုခ အရှုးထ၍နေလေသည်။
ခန္ဓာအနတ္တ ယူအတ္တ အရှုးထ၍နေလေသည်။
ခန္ဓာအသုဘ ယူသုဘ အရှုးထ၍နေလေသည်။
မှတ်မှား သိမှား အယူမှား
အမှား သုံးမှား ရှိလေသည်။
ဝိပဿနာရှုက တစ်ခဏ
အရှုးထ ပျောက်ကင်းရလေသည်။
ဝိပဿနာ မပါ မဂ် မလာ
အရှုးသာ ထ၍နေလေသည်။
ဝိပဿနာပါမှ မဂ်လာရ
အရှုးထ ပျောက်ကင်းရလေသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP