* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 24, 2009

အတွေးလွဲရင်တော့အလွဲတွေးလိမ့်မယ်…


ကံကောင်းတယ်.. ကံဆိုးတယ်ဆိုတဲ့ အချက်တွေကို လူတွေဘာပေတံနဲ့ တိုင်းတတ်ကြပါသလဲ? တချို့တွေက စီးပွားဥစ္စာတွေရှာလို့ ကြီးပွားချမ်းသာလာရင်.. ရာထူးတွေ တိုးတက်လာရင်.. ကံကောင်းတယ်လို့ အများစုက ထင်တတ်ကြပါတယ်။ ငါတော့ ကံကောင်းလိုက်တာ.. ဒီအလုပ်နဲ့ အကျိုးပေးတယ်.. ဒီရာထူးနဲ့ အကျိုးပေးတယ်ဆိုပြီး အကျိုးပေးကောင်းတာကို ကံကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဘာနဲ့ အကျိုးပေးနေသလည်း ဆိုတဲ့ အချက်ကျတော့ ပြန်ပြီး မဆန်းစစ်တတ်ကြပါဘူး။ ကိုယ်က ဘာနဲ့ အကျိုးပေးနေတာလဲ?.. ကုသိုလ် အလုပ်နဲ့ အကျိုးပေးနေတာလား? အကုသိုလ်အလုပ်နဲ့ အကျိုးပေးနေတာလား? ဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

ငါးမျှားတဲ့လူတစ်ယောက်ဟာ တနေ့ကို ငါးနှစ်ပိဿာရလို့ ငါးတစ်ပိဿာရတဲ့သူထက် ကံကောင်းနေတယ်လို့ ထင်တာလား? အဲ့လိုမျိုး အကုသိုလ်အလုပ်မှာ အကျိုးပေးနေပြီး ကံကောင်းနေတယ် ထင်နေရင်တော့ အတွေးလွဲပြီး အလွဲတွေးသွားပြီနော်။ ဒီလိုပါပဲ ဒီရာထူးရလို့ ဒီအလုပ်ရလို့ ကိုယ့်အတွက် ဘာတွေအကျိုးလာပေးနေတာလည်းဆိုတာ သေချာစဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအလုပ်ရ ဒီရာထူးရပြီး ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ အကုသိုလ်တွေကြီးပဲ ဆိုရင်တော့ အဲ့ဒီလူရဲ့ဘ၀ဟာ သနားဖို့ ကောင်းပါတယ်နော်။ ကိုယ်လုပ်နေတဲ့ အကုသိုလ် အလုပ်ကို အဟုတ်ကြီးထင်ပြီး ငါက ဒီအလုပ်နဲ့မှ အကျိုးပေးတယ်လို့ ထင်နေရင်တော့ အမှားကြီး မှားနေတာပါ။ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်ပြောနေတဲ့အပြော ကိုယ်ကြံစည်နေတဲ့ အကြံအစည်တွေဟာ မိမိသူတစ်ပါးစိတ်ဆင်းရဲစရာတွေ ဖြစ်နေတယ်ဆိုရင်တော့ ဘယ်လောက်ကြီးပဲ စီးပွားဥစ္စာပစ္စည်းတွေရရ ဘယ်လောက်ကြီးပဲ ရာထူးနေရာကောင်းတွေရရ ဒီဟာတွေဟာ အပါယ်မျိုးစေ့တွေစိုက်ပြီး အပါယ်ငရဲမှာ ကိုယ့်ဘာသာ မီးသွားမွှေးနေတာပါနော်။

တချို့က ထင်ကြသေးပါတယ်။ ငါကလောင်းကစား အလုပ်နဲ့ဆို အကျိုးပေးတယ်ကွာ.. ဘယ်လိုကစားကစား အရှုံးမရှိဘူး.. ကံကောင်းတယ်ဆိုပဲ..။ အော် အလွဲတွေးပြန်တော့ အတွေးလွဲတာပေါ့။ လောင်းကစားနဲ့ အကျိုးပေးသမျှကာလပတ်လုံး လောင်းကစားမလုပ်ရမနေနိုင် အကုသိုလ်မီးမမွှေးရမနေနိုင်နဲ့ လုပ်နေတဲ့အချိန်တိုင်းမှာ အကုသိုလ်မီးတွေ တဟုန်းဟုန်း တောက်နေတာပါ။ လောင်းကစားလုပ်လို့ သူတစ်ပါးဥစ္စာ ရယူချင်တော့ လောဘဖြစ်တယ်.. ရှုံးပြန်တော့ ဒေါသဖြစ်တယ်.. ကစားနေရင်းနဲ့ ဒီအထဲစိတ်ရောက်ပြီး တွေမိတွေးရာတွေးပြီး တွေဝေနေပြန်တော့လည်း မောဟဖြစ်ပြန်ပါတယ်။ သူတစ်ပါးဆီက အလကားအချောင်ယူချင်တဲ့ စိတ်တွေဝင်တော့ သူတစ်ပါးပစ္စည်းကို အလကားလိုချင်တဲ့ သူခိုးစိတ်တွေ အချိန်တိုင်းမှာ ၀င်နေတာပါ။ သူ့အနေနဲ့တော့ လောင်းကစားနဲ့ အကျိုးပေးပြီး ကံကောင်းတယ်ထင်ပေမယ့်.. သူ့ရဲ့ တစ်ကိုယ်လုံးမှာ လောင်းကစားလုပ်နေတုန်း ကုသိုလ်ဆိုတဲ့ စိတ်တွေတစ်ခုမှ မဖြစ်ပဲ အကုသိုလ်တွေပဲ ဆက်ခါဆက်ခါ ဖြစ်နေတာဟာ တကယ်တော့ အကုသိုလ် အကျိုးတွေဆက်တိုက်ပေးပြီး အပါယ်ငရဲကို ဘီးတပ်ဆင်းနေတာပါပဲ။ ဒီလောက်ဆိုရင် အကုသိုလ်တွေ အကျိုးပေးနေတာဟာ ကံတွေဆိုးနေပြီး မိမိမှာ အကုသိုလ် များသထက်များအောင် လူမိုက်ဘ၀ရောက်အောင် ပို့ပေးနေတယ်ဆိုတာ ဖြန့်တွေးလို့ ရလောက်ပါပြီ။


ဒီအချက်တွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒရဲ့ ဆုံမသြ၀ါဒ စကားလေးနဲ့ ဖော်ပြပေးလိုပါတယ်။ ဆရာတော်က ဘယ်လို ဆုံးမသြ၀ါဒပေးထားလည်းဆိုတော့ ကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံကောင်းတယ်.. အကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံဆိုးတယ် ဆိုတဲ့ အချက်ပါပဲ။ အခုခောတ်ကြီးထဲမှာ လူအများစု အမှန်လို့ ထင်နေကြတဲ့ အလွဲများတဲ့ အတွေးလေး တစ်ခုပါပဲ။ သူတစ်ပါး မကောင်းတာလုပ်လို့ ကြီးပွားတာမြင်ရင် အားကျတယ်.. နောက်ပြီး အတုယူပြီး လိုက်လုပ်မယ်ဆိုတဲ့ လူတွေအတွက် သတိထားစရာ ဆုံးမစကားလေး တစ်ခုပါပဲနော်။


အခုခေတ်မှာတော့ ဒီဆုံးမစကားကို ဗြောင်းပြန်တွေ ထင်နေကြတာပါ။ ကိုယ့်အိမ်ရှေ့ အလှူခံလာရပ်ရင်ကို မျက်နှာကို ရှုံ့မဲ့ပြီး မပြောချင်ပြောချင်နဲ့ ကန်တော့ဆွမ်းပါ ဆိုတဲ့စကားကို ပေါပေါလောလော သုံးနေကြပါတယ်။ တချို့ရှိပါသေးတယ် အလှူခံမ၀င်ရဆိုပဲ.. အော်.. တွေးမိပါရဲ့.. ဘယ်လိုစိတ်မျိုးနဲ့များ ဒီစာကို ရေးတာလည်း ဆိုတဲ့အချက်ပါ။ ကုသိုလ်ဝင်လာခွင့်ကိုတောင် မ၀င်နဲ့ဆိုတဲ့ စကားမျိုးနဲ့ ပိတ်ပြောပြစ်လိုက်တာပါနော်။ သံဃာတော် အရှင်သူမြတ်တွေ ဆွမ်းလာခံတယ်ဆိုရင်လည်း ကန်တော့ဆွမ်းပဲတဲ့။ တကယ်တော့ သံဃာတော်မြတ်တွေ ကိုယ့်ဆီကို ကြွရောက် အလှူခံတယ်ဆိုတာ ကိုယ့်ကို ကုသိုလ်တရားတွေ လာပေးတာပါနော်။ ဘုရားရှင်ရဲ့ တပည့်သားသံဃာကို လှူဒါန်းရတာဟာ ဘုရားရှင်ကို လှူဒါန်းတာနဲ့ အတူတူပါပဲ။ သံဃာကိုလှူတာဟာ ဘုရားရှင်ကို လှူဒါန်းရာ ရောက်ပါတယ်။ ဒါကိုကန်တော့ဆွမ်းပါလို့ ပြောလိုက်တာဟာ ဘုရားရှင်ကို မိမိအိမ်ကို မလာပါနဲ့လို့ ပြောလိုက်သလိုပါပဲ။ မိမိမှာကုသိုလ် လုပ်ခွင့်တွေရရဲ့သားနဲ့ ကုသိုလ်တရားတွေကို မလုပ်တာဟာ မိမိမှာ ကံတွေဆိုးနေတာပါနော်။


ဒီလောက်ဆိုရင် ကံကောင်းနေတာနဲ့ ကံဆိုးနေတာကို ခွဲခြားလို့ ရလောက်ပြီထင်ပါတယ်။ ကိုယ့်မှာ ဘာတွေနဲ့ အကျိုးပေးနေလည်းဆိုတာ သေချာ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဘယ်နေရာ ရောက်နေလည်း ဘယ်အလုပ်တွေ လုပ်နေလည်း ဘာတွေနဲ့ အကျိုးပေးနေလည်း ဆိုတာ ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ မိမိသူတပါး စိတ်ချမ်းသာစေတဲ့ အလုပ်လား? မိမိသူတပါး အပြစ်ကင်းစေတဲ့ အလုပ်လား? ဆိုတာ ကိုယ်တိုင်စမ်းစစ်ပြီးမှ လုပ်သင့်ပါတယ်။ မကောင်းတဲ့အလုပ်တွေနဲ့ အကျိုးပေးနေပြီဆိုရင်တော့ ကိုယ့်မှာ အကုသိုလ်မီးတွေလောင်နေပြီဆိုတာ သိလိုက်ပါ.. သိပြီးရင် ဆက်မလုပ်မိအောင် ထိန်းလိုက်ပါ။


ကုသိုလ်လုပ်ခွင့်တွေ ကိုယ့်မှာ အကျိုးပေးနေပြီဆိုရင်လည်း ဆထက်တပိုး တိုးတက်အောင် လုပ်ဆောင်နေဖို့ လိုပါတယ်။ ဘုရားရှင်က ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်.. သုနက္ခတ္တံ သုမင်္ဂလံ - ကောင်းတာလုပ်နေတဲ့အချိန်ဟာ ကောင်းတဲ့နက္ခတ် ဖြစ်နေတဲ့အချိန်ပါတဲ့။ အဓိကကတော့ ကိုယ့်အနေနဲ့ ကောင်းတာတွေ လုပ်နေဖို့ပါပဲ.. ကောင်းတာတွေလုပ်နေတဲ့ အချိန်မှာ ကံတွေလည်း ကောင်းနေသလို.. ကုသိုလ်အကျိုးပေးတွေလည်း ကောင်းနေမယ်ဆိုတာ မလွဲပါဘူး။ မိမိပြန်စဉ်းစားလိုက်တဲ့ အချိန်တိုင်းလည်း စိတ်ချမ်းသာစရာ အကြောင်းတွေပဲ ဖြစ်နေမှာပါ။ ဒါ့ကြောင့် အတွေးလွဲပြီးတော့ အလွဲမတွေးစေချင်ပါဘူးနော်.. ကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံကောင်းတယ်.. အကုသိုလ်လုပ်ခွင့်များရင် ကိုယ့်မှာ ကံဆိုးနေတယ်ဆိုတဲ့ ဆုံးမစကားလေးကို အမြဲနှလုံးသွင်းပြီး ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံနိုင်ကြပါစေ…။။။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP