စိတ်သာရှင်စော...(၃) [ALL IS MIND-by David Samuel]
All Is Mind
David Samuel
စိတ်သာရှင်စော
ဘာသာပြန်- အလှတရား
အခန်း(၂)ဖြစ်ရပ်
ဖြစ်ရပ်က မှတ်ဥာဏ်ကို ဖန်တီးတယ်။ မှတ်ဥာဏ်က အမျိုးအစားခွဲခြားခြင်းကို ဖန်တီးတယ်။
ခင်ဗျားဟာ ဒွါရအသီးသီးကနေ ဖြတ်သန်းလာတဲ့ အာရုံလှုံ့ဆော်မှုတွေကို အချိန်တိုင်း တွေ့ကြုံနေရတယ်။ အသံတွေ၊ အဆင်းအာရုံတွေ၊ အနံ့အာရုံတွေ၊ အပူအအေး အမာအပျော့ ဆိုတာတွေကို ဒွါရခြောက်ပါးက အမြဲမှတ်တမ်းတင်နေရတယ်။
ခင်ဗျားသိသိမသိသိ ခင်ဗျားရဲ့ အာရုံသိမှုကို ဆင်ခြင်မှုက အမြဲထိန်းချုပ်နေတယ်။ ဒီနေရာမှာ ဆင်ခြင်မှုဟာ အဲဒီ အခိုက်အတန့်က အမှုကိစ္စမျိုးအတွက် ဘာမှအရာမရောက်ဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ဒါက မမှန်ပါဘူး။ ဆင်ခြင်မှုတိုင်းဟာ ပစ္စက္ခအခြေအနေတိုင်းနဲ့ ဆက်နွှယ်မှုရှိနေပါတယ်။ ဆင်ခြင်သွားတာက မြန်လွန်းတာ၊ ဒါမှမဟုတ် ခင်ဗျားအနေနဲ့ မေ့လျော့ပေါ့ဆပြီး သတိမထားလိုက်တာမျိုးသာ ဖြစ်ပါတယ်။
အတိတ်က တစ်စုံတစ်ဦးကို အမှတ်ရစေမဲ့ ရေမွှေးနံ့တစ်ခုကို ရှူရှိုက်မိတဲ့အခါ ခင်ဗျားရဲ့စိတ်ဟာ သံယောဇဉ်နှောင်ကြိုးတွေ၊ ကျေနပ်နှစ်သိမ့်မှုတွေ၊ ဒါမှမဟုတ် ဒေါသထွက်မှုတွေ၊ (သူ့ကို လွမ်းဆွတ်နေရင်တော့) နွမ်းလျ ဆွေးမြည့်မှုတွေကို ခံစားတဲ့စိတ်အဖြစ် ပြောင်းလဲသွားတယ်။ ခင်ဗျားက အားစိုက် တွေးတောနေတာမျိုး မဟုတ်ဘဲ ရေမွှေးရဲ့ရနံ့က ခင်ဗျားဆီ ခေါ်လာတာမျိုး ဖြစ်ပါတယ်။
တစ်ဦးဦးက ရိုလာကိုစတာ စီးတဲ့အကြောင်း၊ မြင်းစီးတဲ့ အကြောင်းကို ပြောပြရင် ခင်ဗျားရဲ့စိတ်ဟာ ခင်ဗျားရဲ့ အတိတ်ကာလ များဆီပြန်သွားပြီး၊( ငါးနှစ်သားအရွယ်တုန်းက ဖြစ်ရပ်လည်း ဖြစ်ချင်ဖြစ်မယ်) နှစ်သက်မှု မနှစ်သက်မှုတွေ ဖြစ်လာမယ်။ ခုငြိမ်ငြိမ်ကလေး ထိုင်နေပေမဲ့ ရိုလာကိုစတာစီးတုန်းက အော်ဂလီဆန်ခဲ့တာမျိုးတောင် ပြန်ခံစားရကောင်း ခံစားရနိုင်တယ်။
ဖြစ်ရပ်ဆိုတာဟာ စကားစမြည်ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ခင်ဗျားကို ထိခိုက်ဖို့ ရည်ရွယ်ချက်မရှိပေမဲ့ တစ်စုံတစ်ဦးက ခင်ဗျားရဲ့ခံစားမှုကို နှိုးဆွပေးနိုင်တဲ့ စကားမျိုး ပြောနိုင်ပါတယ်။
ဒါဟာဖြစ်ရပ်တွေရဲ့ စွမ်းအားနဲ့ အန္တရာယ်ဖြစ်ပြီးတော့ သူတို့ရဲ့အလုပ်လုပ်မှုကို ကျွန်တော်တို့ သတိမပြုမိကြဘူး။
ကြီးပြင်းလာရင်းနဲ့ အရာဝတ္ထုအချို့ကို ပထမဦးဆုံးအကြိမ်အဖြစ် စတင်မြင်ရတဲ့အခါမှာ ဒီအရာတွေက ဘာတွေပါ ဆိုပြီး ပြောပြတာကို ကျွန်တော်တို့ ကြားခဲ့ရဖူးတယ်။ သတ္တ၀ါတစ်ကောင် ကိုတွေ့ရင် မိဘတွေက "ဘွတ်အဲ.ကြီးကွယ့်.. နွားကြီးကွယ့်" စသည်ဖြင့် ပြောပြတတ်တယ်။ ပင့်ကူတွေကို ကြောက်တတ်တဲ့ မိဘမျိုးဆိုရင် ပင့်ကူတွေနားက ဝေးဝေးနေဖို့ ထပ်ကာထပ်ကာ ပြောခြင်းအားဖြင့် ခင်ဗျားကိုလည်း ပင့်ကူအကြောက်ဓာတ်တွေ ထိုးသွင်းပေးမယ်။ ပင့်ကူတွေဟာ သိပ်အန္တရာယ် ကြီးတယ်လို့ ပြောပြကောင်း ပြောပြလိမ့်မယ်။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ ဘ၀နဲ့ပတ်သက်ပြီး ပရိုဂရမ်တွေ ရေးမှတ်ထည့်သွင်းလာခဲ့ကြပါတယ်။

သင့်
အမြင်အာရုံ
ကို
မေးခွန်းထုတ်ပါ။
ခင်ဗျားမြင်သမျှကို သံသယ၀င်ဖို့ ဒီစကားက ဆိုလိုတာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ မြင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုမှုတွေအပေါ် သံသယထားဖို့ ပြောရခြင်း ဖြစ်ပါတယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ အသိဥာဏ်ရောထွေးမှုကြောင့် မှားယွင်းတတ်တဲ့ ဒါမှမဟုတ် သူ့ဟာသူလည်းပဲ အလွယ်တကူ မှားယွင်းတတ်တဲ့ စိတ်တည်းဟူသော ပရိုဂရမ်ကိုဖြတ်သန်းပြီး အရာရာကို မြင်တွေ့နေရခြင်းဖြစ်တယ် ဆိုတာကို သတိထားပေးပါ။ ဘယ်ဖြစ်ရပ်ကိုမဆို ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ခင်ဗျားဘယ်လိုမြင်ရသလဲ ဆိုတာဟာ ဖွင့်ဆိုထားတဲ့ ခင်ဗျားရဲ့"စိတ်"အပေါ်ပဲ လုံးလုံးအခြေခံပါတယ်။
ခင်ဗျားရဲ့စိတ် အလုပ်လုပ်ပုံကိုသိပါ။ နောက်ပြီး ခင်ဗျားမြင်ရကြားရတာတွေဟာ တကယ့်အစစ်အမှန်တွေများ ဖြစ်နေမလားလို့ တွေးတောမိရင်လည်း မေးခွန်းနာနာထုတ်ပါ။ တကယ်တော့ အရာဝတ္ထုရဲ့ ပင်ကိုယ်သဘောကို ခင်ဗျားမြင်ရတာထက် အလင်းပြန်မှုကို မြင်ရတာလို့ မဆိုထိုက်ဘူးလား။
ကျွန်တော်တို့မြင်သိရသမျှ ( ကြားသိရသမျှကလည်း ထိုနည်းလည်းကောင်း) အရာတွေဟာ အလင်းပြန်မှုသက်သက်သာ ဖြစ်ပြီး အလင်းရောင်ဟာ ထာဝရပြောင်းလဲနေသလို အလင်းပြန်မှုဟာလည်း အမြဲပြောင်းလဲနေပါတယ်။ ခင်ဗျား မှန်ကြည့်နေတုန်း အလင်းကို မျက်နှာရဲ့ အပေါ်ကထိုးထားတယ်ဆိုပါစို့။ ခင်ဗျားရဲ့ ရုပ်သွင်ဟာ အောက်ဘက်က ဒါမှမဟုတ် ဘေးဘက်က အလင်းထိုးထားတဲ့ ရုပ်သွင်မျိုးနဲ့ လုံးဝမတူဘဲ ကွဲပြားခြားနားနေတာကို တွေ့လိမ့်မယ်။ ဓာတ်ပုံတွေကို လေ့လာရင်လည်း ဒါမျိုးတွေ့နိုင်တယ်။ အိုမင်းပုံ၊ နုပျိုပုံ၊ ပျော်ရွှင်ပုံ၊ ၀မ်းနည်းပုံ စတဲ့ ခင်ဗျားရဲ့ ပုံအသွင်သွင် ဟာ အလင်းရောင်အပေါ် လုံးဝ မူတည်နေပါတယ်။
စိတ်ဝင်စားဖွယ် အတွေ့အကြုံတစ်ရပ်ကတော့ တောင်ကြီးတစ်လုံး ဒါမှမဟုတ် အရာဝတ္ထုအကြီးစားကြီးတစ်ခုကို နေမထွက်မီ နာရီအနည်းငယ်အကြာ ဒါမှမဟုတ် နေမ၀င်မီမှာ စောင့်ကြည့်နေခြင်း အတွေ့အကြုံဖြစ်ပါတယ်။ အလင်းရောင် ပြောင်းလဲမှုကြောင့် အရာဝတ္ထု ဘယ်လောက် ပြောင်းလဲသွားသလဲ ဆိုတာကို သတိပြုပါ။ မူလအရာဝတ္ထု လုံးဝမဟုတ်တော့ဘူး လို့ကို ထင်ရပါတယ်။ ကြည်လင်ပြတ်သားတဲ့ အလင်းရောင်အောက်မှာ အရာဝတ္ထုတစ်ခုခုကို ဓမ္မဓိဋ္ဌာန်ကျကျ မမြင်ရမချင်း ဒင်းကတော့ ဘယ်ပုံပဲဟေ့လို့ အတည်တကျ မယူဆထားပါနဲ့။
ကြည်လင်တဲ့ အလင်းဟာ ပညာရှိတဲ့စိတ်၊ ရှင်းလင်းတဲ့အတွေးအခေါ် ဖြစ်ပါတယ်။ ဒီအလင်းကို မျက်နှာဖုံးနဲ့ ခင်ဗျားရဲ့ရောထွေးမှု၊ ခြေဖျက်မှု၊ မိမိကိုယ်ကို လိမ်လည်မှု စတာတွေက ပိတ်ဆို့ထားတယ်။ တူညီတာလေးတွေ ပြောရရင် ခင်ဗျား နိုးနေခိုက်ဟာ ခင်ဗျားရဲ့စိတ်အလင်းကို ဖွင့်ထားခြင်းနဲ့ဆင်တူပြီး အိပ်ပျော်ခိုက်အချိန်ဟာ အလင်းကို မှိန်ထားခြင်း ပိတ်ထားခြင်း နဲ့ ဆင်တူတယ်။ အလင်းရောင်မရှိရင် ဘာမှမမြင်ရသလို ပိုလင်းလာတာနဲ့အမျှ ပိုပြီးကြည်ကြည်လင်လင် မြင်လာရတယ်။

အဲဒီ ချို့ယွင်းချက်တွေနဲ့ နေတာနဲ့အမျှ ခင်ဗျားရဲ့စိတ်ထဲက အလင်း တနည်းအားဖြင့် မြင်မှုကြားမှုကို စီစဉ်ပေးနေတဲ့ ခင်ဗျားရဲ့စိတ်ဟာ ကင်မရာရဲ့ မှန်ဘီလူးကို လက်ချောင်းနဲ့ဖုံးထားမိသလို ဖုံးကွယ်ထားခြင်း ခံရပါလိမ့်မယ်။ ခင်ဗျားဟာ ပုံရိပ်ရဲ့ တစ်စိတ်တစ်ဒေသကိုပဲ မြင်ရတာဖြစ်သွားပါလိမ့်မယ်။
continue အခန်း(၃)
continue အခန်း(၃)

0 comments:
Post a Comment