လူဝင်စားခြင်းကို သိပ္ပံနည်းကျလက်ခံခြင်း(၆)
အတိတ်ဘ၀များကိုအလိုလိုမှတ်မိနေခြင်းလူဝင်စားခြင်းကို ကတိအပြုဆုံး သက်သေကတော့ အတိတ်ဘ၀များကို အလိုလိုမှတ်မိခြင်းဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ကလေးတွေမှာပေါ့။ မကြာခဏဆိုသလို အသက်၂ နှစ်အရွယ်လောက်မှာ( ရံခါ ဒီ့ထက်တောင် ငယ်သေးတယ်) ကလေးငယ်ဟာ အတိတ်ဘ၀က မှတ်ဥာဏ်ကို ပြန်ရဖို့ စတင် သွေးတိုးစမ်းလေ့ရှိတယ်။ ဒီကိစ္စမျိုးအမြောက်အမြားကို ကမ္ဘာတလွှားမှာ လေ့လာစူးစမ်းကြတယ်။ ဥပမာအားဖြင့် ဗာဂျီးနီးယားတက္ကသိုလ် (USA) က စိတ်ရောဂါပညာ ပါမောက္ခ ဒေါက်တာအိုင်ယန် စတီဗင်ဆင် (Ian Steveson) က ဒီလိုကိစ္စမျိုး ၂၀၀၀ ကျော်ကို လေ့လာပြုစုပြီး ပုံနှိပ်ထုတ်ဝေဖူးတယ်။ အတိတ်ဘ၀များကို အလိုလိုမှတ်မိနေတဲ့ ကလေးငယ်တွေကို လေ့လာတဲ့ အခြားသုတေသီအမြောက်အမြားရှိပါတယ်။ ဒီသုတေသီတွေထဲက အများအပြားဟာ လူဝင်စားခြင်းကိုလက်မခံတဲ့ ဘာသာတွေထဲက ဖြစ်ပါတယ်။
ဒီကလေးတွေဟာ တိတိကျကျ သွက်သွက်လက်လက် တည့်တည့်မတ်မတ်ကို သူတို့အတိတ်ဘ၀တွေ အကြောင်း ထင်မြင်ချက်ကို ပြောပြကြတယ်။ နောက် သူတို့နဲ့ ဆက်စပ်တဲ့ ရာဇ၀င်ကို သက်သေပြနိုင်တယ်။ ကလေးအများစုဟာ သူတို့ရဲ့ အတိတ်အကြောင်း မှတ်ဥာဏ်တွေကို အသက် ၂ နှစ်နဲ့ ၅ နှစ်ကြားမှာ ပြန်ရရှိကြတယ်။ အဲဒီကာလက ငယ်သေးတော့ လက်ရှိဘ၀ အချက်အလက်တွေက သူတို့ရဲ့ မှတ်ဥာဏ်မှာ ၀င်မရှူပ်သေးလို့ ဖြစ်တယ်။
ရံဖန်ရံခါမှာ သူတို့ဟာ "သား(သမီး) လူကြီးဖြစ်ခဲ့တုန်းက" ဆိုတဲ့ စကားစုကို သုံးလေ့ရှိပြီး သူတို့ရဲ့ ခန္ဓာကိုယ် သေးသေးလေးတွေအတွက် ငြီးတွားကြတယ်။ နောက်ပြီး အရင်ဘ၀ကနဲ့ လိင်မတူတာကို မနှစ်မသက် ပြောတတ်သေးတယ်။ မကြာခဏဆိုသလိုပင် သူတို့ ယောကျာ်း၊ မိန်းမ၊ သားသမီးတွေကို ပြန်တမ်းတတတ်တယ်။ နောက်ပြီး အရင်ဘ၀တုန်းက အစားအသောက်၊ အ၀တ်အစား၊ ဘ၀အနေအထား တစ်ခါတရံ အရက်၊ ဆေးဝါးနဲ့ ဆေးရွက်ကြီး တွေကိုတောင် ပြန်တမ်းတနေတတ်သေးတယ်။ အတိတ်ဘ၀က မမျှော်လင့်ဘဲ သေခဲ့ရတာနဲ့ ပတ်သက်တဲ့အရာ တွေလို့ ကြောက်ရွံ့ နေတတ်တယ်။ ဆိုလိုတာက ရေကြောက်တာတို့ ၊ စက်တပ်ယဉ်ကိုကြောက်တာတို့ စတာမျိုးပေါ့။ အရင်ဘ၀က ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ သက်သေခံချက်ကတော့ အရင်ဘ၀က ဆွေမျိုးမိတ်သင်္ဂဟများအပေါ် ထားတဲ့ အလိုလိုဖြစ်လာတဲ့ ကြီးမားတဲ့သံယောဇဉ်ပါ။ ဒါဟာ ယေဘုယျအားဖြင့် ဒီကိစ္စတွေရဲ့ ခိုင်လုံခြင်းကို သက်သေပြတာ ဖြစ်သလို လိမ်လည်မှု ဖြစ်နိုင်တာကို ပ,ထုတ်ပြီးသား ဖြစ်သွားတယ်။


အတိတ်ဘ၀ကုထုံးဟာ အဆိုတစ်ခုကို အခြေခံထားတာဖြစ်တယ်။ လူအချို့ဟာ သူတို့ရဲ့ အတိတ်ဘ၀တွေက မနှစ်သက်ဖွယ် အဖြစ်အပျက်တွေကို မသိစိတ် မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းထားတယ်။ မသိစိတ်ထဲက အတိတ်ဘ၀ မှတ်ဥာဏ်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀တွေကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်။ အိပ်မွေ့ချလိုက်တဲ့အခါ သူတို့ဟာ ဇာတိရဲ့ ဟိုမှာဘက် အတိတ်ဘ၀တွေဆီ၊ ရံခါ ဒီ့ထက်စောတဲ့ ဘ၀တွေဆီ ပြန်ရောက်သွားတယ်။ သရိုးသရီ နေထိုင်မကောင်းတာလေးတွေ၊ ဖိုးဘီးယားတွေ (အကြောင်းမဲ့ ကြောက်ရွံ့ မှုတွေ) နဲ့ ရုပ်ပိုင်းနေထိုင်မကောင်းဖြစ်တာ တွေကို အိပ်မွေ့ချခြင်းနဲ့ ကုသနိုင်တယ်။ အတိတ်ဘ၀ကုထုံးဟာ ဒီလို နေထိုင်မကောင်းတာမျိုးအတွက် သတ်မှတ်ထားတဲ့ အနောက်တိုင်း ဆေးကုထုံးတောင် ဖြစ်နေပြီ။ ပထမဆုံး ထုတ်ဝေတဲ့ အိပ်မွေ့ချပြီး အတိတ်ဘ၀ကို သိတဲ့ ကေ့စ် (Case)ကတော့ ၁၉၅၂ ခုနှစ် USA က ဘရိုက်ဒေး မာဖီ (Bridey Murphy)ရဲ့ စာအုပ်ဖြစ်ပြီး လူနာဟာ မွေးကင်းစ ကလေးငယ်လေး ဖြစ်ပါတယ်။
ဒီကုထုံးမျိုး ကုသဖူးတဲ့ ဆေးပညာရှင်တွေက ဒီဘာသာရပ်နဲ့ပတ်သက်လို့ စာအုပ် အမျိုးမျိုးရေးသားကြတယ်။ အများစုရဲ့ စိတ်ဝင်စားမှုကတော့ ဒီလူနာတွေ ကုသဖို့ဖြစ်ပြီး အနည်းစုကတော့ အတိတ်ဘ၀က သတင်း အချက်အလက်တွေကို စစ်ဆေးဖို့ စိတ်ဝင်စားကြတယ်။ စမ်းသပ်စစ်ဆေးပြီး စာအုပ်ပြုစုထားတာတွေ အများကြီးရှိပါတယ်။ အတိတ်ဘ၀ကို ပြန်သတိရတဲ့အခါ မကြာခဏဆိုသလို လက်ရှိဘ၀မှာ မတတ်မြောက်တဲ့ အတိတ်ဘ၀က ဘာသာစကားကို ပြောနေတတ်တယ်။ ဥပမာအားဖြင့် သြစတြေးလျတိုက် သူလေးတစ်ဦးဟာ သြစတြေးလျမှာ မရှိတဲ့ ရှေးဟောင်းအီဂျစ်ဘာသာကို ပြောတယ်။ ရှေးဟောင်း အီဂျစ်ဘုရားကျောင်းမှာ ရေးထားတဲ့ အီဂျစ်အရုပ်စာတွေကို ရေးပြတယ်။
သူတို့ဟာ အတိတ်ဘ၀ အသေးစိတ်ကို ရှင်းပြတတ်တယ်။ အတိတ်ဘ၀ကုထုံးဆရာဝန် ရေမွန်မော်ဒီ (Raymond Moody )(M.D) ဟာ သူ့ကိုယ်သူ အိပ်မွေ့ချပြီး အတိတ်ဘ၀ ကိုး ဘ၀ ကို ပြန်သတိရအောင်လုပ်တယ်။ ဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ သူ့ အတွေ့အကြုံတွေကို စာအုပ်တစ်အုပ် ရေးသားခဲ့တယ်။
xxx