*နိဗ္ဗာန်ဆိုသည်မှာ-၃*
“နိဗ္ဗာန်မှာရှိသော ဂုဏ်ပုဒ်များ”
၁)
မူလရင်းက သင်္ခတပင် ဖြစ်သော်လည်း အလွန် သိမ်မွေ့လှ သဖြင့် သင်္ခတဟု သိကြောင်း၊ မှတ်ကြောင်း လက္ခဏာမှ ကင်း၍ နေထသော
၂)
ဒုက္ခစိုက်ပျိုး တဏှာမျိုးတို့ မတိုးမညပ် မလာနိုင်ရာလည်း ဖြစ်ထသော
၃)
ငရဲ၊ ပြိတ္တာ ဘေးရောဂါတို့ အခါခါဖြစ်စေ အာသဝေါ ညစ်ဆိုး တရားမျိုးတို့ မတိုက်စိုးရာ နေရာ ဖြစ်ထသော
၎)
နိဗ္ဗာန်ဟူသော အမည်နာမ စကားမျှသာ မဟုတ်၊ နိဗ္ဗာန်ဟူသော အမည်ရှိသည့် အားလျော်စွာ ငြိမ်အေးခြင်း ပရမတ္ထ သဘောအားဖြင့် တကယ်မှန်ကြီး မှန်ပေလည်း ဖြစ်ထသော
၅)
ခန္ဓာကိုယ်ဆိုး ဒုက္ခအိုး၏ အပြင်ဘက် ၀ဋ်ဆင်းရဲ ရေယာဉ်မှ လွတ်မြောက်ရာ ကမ်းထစ်ကြီးလည်း ဖြစ်ထသော
၆)
အထည်တစ်ရပ် ဥပါဒ် မထင်သည် ဖြစ်၍ အလွန် သိမ်မွေ့စွာ ထသော
၇)
ပညာဉာဏ်ဖြင့် သော်လည်း နှိုင်းချင့်ထောက်ဆ သိမြင် ရနိုင်စရာ လွန်စွာ ခဲယဉ်းထသော
၈)
ငြိမ်းအေးခြင်း တစ်ဘ၀ဖြင့် ဖြစ်ပေါ်လာပြီးနောက် ဘယ်လောက်ပင် ကြာသော်လည်း ဘယ်သည့် ကာလမှ ရင့်အို ပျက်စီးခြင်းလည်း မရှိနိုင်ထသော
၉)
ငြိမ်းအေးခြင်း ပီတိဘာဝ သဘောအားဖြင့် ပေါ်လာပြီးနောက် ကမ္ဘာပျက်မီး၊ ကမ္ဘာပျက် လေကြီး၊ ကမ္ဘာပျက် ရေကြီးတို့ဖြင့် သော်လည်း ဖောက်ပြန် တုန်လှုပ်ခြင်းမရှိ၊ ပကတိ မြဲမြံစွာ တည်နေထသော
၁၀)
ငြိမ်းအေးခြင်းသဘော ဖြစ်ပေါ်လာပြီးနောက် မည်သည့်ကာလမှ အဘယ် တစ်စုံ တစ်ခုကြောင့် ပျက်စီးခြင်း မရှိထသော
၁၁)
နတ်မျက်စိဖြင့်သော်လည်း စက္ခုဝိဉာဏ်ဖြင့် မမြင်ကောင်းထသော
၁၂)
အိုပြန်၊ နာရ၊ သေရဆင်းရဲ ဖောက်လွဲခါခါ သံသရာကို ချဲ့ထွင်တတ်သူ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ မပြို မလာနိုင်ရာ ဖြစ်ထသော
၁၃)
တစ်ဆက်တစ်သီး၊ နည်းတည်း ငြိမ်းအေးရာလည်း ဖြစ်ထသော
၁၄)
မိမိထံ ရောက်လာသူ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ မအိုမသေ အမြဲ တည်စံနေရာ ဖြစ်ထသော
၁၅)
မြင်ရ ရောက်ရသူတို့ မရောင့်ရဲနိုင်ဖွယ် တကယ် လွန်မြတ်တော် မူထသော
၁၆)
ကြီးမြတ်သော ဂုဏ်ကျက်သရေ ရှိတော် မူထသော
၁၇)
ဘေးခပ်သိမ်း ကုန်ငြိမ်း ကင်းဝေးရာလည်း ဖြစ်ထသော
၁၈)
ဘေးကိုပြုတတ် ကြောက်အပ်လှစွာ ခြောက်တဏှာတို့၏ ကုန်ရာ ကုန်ကြောင်းလည်း ဖြစ်ထသော
၁၉)
ဒါန၊ သီလ၊ ဘာဝနာ စသော အကြောင်းတရား တို့နှင့် မကင်းသော်လည်း ယင်း အကြောင်းတရား တို့ကြောင့် ဖြစ်ပုံ သင်္ခတ နိမိတ် အရိပ်မထွက်၊ ယင်း သင်္ခတ ပုံဟန်နှင့် အလွန်ဝေးကွာ လွန်စွာ ထူးမြတ်သည် ဖြစ်၍ အလွန်အံ့ဖွယ်၊ အံ့ဖွယ်သူရဲ၊ အံ့အဲစလောက် ဖြစ်တော် မူထသော
၂၀)
တစ်ရံတစ်ဆစ် မဖြစ်ဖူးသေးဘဲ တစ်ခါတည်းသာ ဖြစ်လာပြီးနောက် မပျောက်မပျက် အမြဲ တည်နေသည်လည်း ဖြစ်ထသော
၂၁)
အလုံးစုံ ဆင်းရဲ ဘေးဒဏ်ဟူသမျှ ဘယ်ဟာတစ်ခုမျှ မရှိထသော
၂၂)
ဆင်းရဲရှိသော သဘောမျိုးမှ ဆန့်ကျင်ဘက်ကြီး ဖြစ်၍ နေထသော
ဤသို့ သဘောရှိသော တရားထူး တရားမြတ်ကို နိဗ္ဗာန်ဟူ၍ မြတ်စွာ ဘုရားသည် ဟောကြားတော် မူအပ်ပြီ။ ထို နိဗ္ဗာန် တရားတော်သည်-
၂၃)
ဘေးရန်အတွက်သာ ဘယ်ဟာ တစ်ခု ကြောင့်ကြစရာလည်း မရှိသည်လည်း ဖြစ်၏။
၂၄)
ဘေးရန်ဖြစ်ကြောင်း ရာဂအပေါင်းမှ ကောင်းကောင်းကြီး ကင်းဝေးရာလည်း ဖြစ်၏။
၂၅)
ဘေးရန်လာဖွယ် အသွယ်သွယ်သော ဘေးရန် အပေါင်းမှ ကင်းဝေး စင်ကြယ်သည်လည်း ဖြစ်၏။
၂၆)
ဘေးရန်ထူထပ် ဘုံအရပ်တို့မှ လှလှကြီး ကင်းဝေးရာလည်း ဖြစ်၏။
၂၇)
အလိုလိုဝ အလုံးစုံလှသဖြင့် ဘယ်ဟာ တစ်ခုမှ မတောင့်တ ရာလည်း ဖြစ်၏။
၂၈)
ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ ပုန်းအောင်းရာ၊ တည်ရာ ကျွန်းကြီး သဖွယ်လည်း ဖြစ်၏။
၂၉)
ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ ဘေးမှလွတ်ကြောင်း ပုန်းအောင်း ခိုနေရာလည်း ဖြစ်၏။
၃၀)
မိမိ၌ တည်ရောက်လာသူ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့အား ဘေးမလာ ရအောင် တကယ် စောင့်ရှောက် နိုင်သည်လည်း ဖြစ်၏။
၃၁)
မိမိထံ ခိုမှီးလာသူ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်၌ ဘေးမဆိုက်ရအောင် ဘေးတကာကို ကောင်းစွာ ဖျက်ဆီး တတ်သည်လည်း ဖြစ်၏။
၃၂)
ပရိနိဗ္ဗူတ ပုဂ္ဂိုလ်တို့၏ အလွန်အကဲ တည်နေရာ၊ လဲလျောင်းရာ ဖြစ်၏၊ (၀ါ) ဘေးကိုကြောက်သူ ပုဂ္ဂိုလ်ဖြူ တို့၏ တကယ်ဘေးမှ လွတ်ကြောင်း ကောင်းကောင်းကြီး လဲလျောင်း တည်နေရာလည်း ဖြစ်၏။
+++++++++++++++++++++++++++++++++++++
ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ဟောကြားတော် မူသော “သောတာပန်တည်ရေး အထူးဝိပဿနာ တရားတော်များ” အနက် လေးရက်မြောက် ဟောကြားသော တရားတော် အပိုင်း-၁ မှ နာယူ မှတ်သား ကူးယူ ဖော်ပြအပ်ပါသည်။
လေးစားရိုသေစွာဖြင့်
ဖိုးသား
6/18/2009, THUR;, 12:40:59 AM

0 comments:
Post a Comment