* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 8, 2009

*လူသေလူဖြစ် စာအုပ်နှင့် ပတ်သတ်၍ (အရှင်ဇ၀န)*


(ဖြေကြားချိန်- ၂.၆.၂၀၀၉၊ အင်္ဂါနေ့ ညနေ ၅း၅၀ နာရီ)


ဆရာတော်ဘုရား...

တပည့်တော်မ ရိုသေစွာ လျှောက်ထားအပ် ပါတယ် ဘုရား။ တပည့်တော်မက တောင်ကြီးမြို့မှ ဖြစ်ပါ တယ်ဘုရား။ တပည့်တော်တို့ မိသားစုက အရှင်ဘုရားရဲ့ စာဖတ် ပရိသတ်ပါ ဘုရား။ တောင်ကြီးမှာ တရားဟောမည် ဆိုတာ သိသိခြင်း တပည့်တော်မတို့ သားအမိတွေ ဆရာတော်ကို ဖူးရတော့မယ် ဆိုပြီး ပျော်လိုက်ကြတာ ဘုရား။ သားသမီး (၂) ယောက် ကလည်း သူတို့ မုန့်ဖိုး စုထားတာ လေးတွေနဲ့ တရား နာသွားတော့ လှူရမယ် ဆိုပြီး ပျော်နေကြတာ တပည့်တော်မ ကြည်နူးမိ ပါတယ်။ အရှင်ဘုရား ရေးသား ထားသော စာအုပ်များကို တပည့်တော်နဲ့ တပည့်တော် သားသမီး များလည်း ဖတ်ပါတယ် ဘုရား။ ဒါ့ကြောင့် သူတို့လေးတွေ ဒီအသိမျိုး သိရတယ်လို့ အောက်မေ့ မိပါတယ် ဘုရား။

တပည့်တော် သိချင်တာ ကတော့ “သညာသိနဲ့ ပညာသိ” စာအုပ်ထဲက လူသေလူဖြစ် ဆရာတော် ရေးတဲ့ စာအုပ်အားလုံး မဖတ်သင့်တဲ့ စာအုပ်တွေကြီး ပဲလားဆိုတာ သိချင်ပါတယ် ဘုရား။ တပည့်တော် ဖတ်တဲ့ စာအုပ်တွေက ဦးဇောတိက၊ အရှင်ဆန္ဒာဓိက၊ အရှင်ဇနကာ ဘိဝံသ၊ သီတဂူ ဆရာတော်ရယ် အရှင်ဘုရား စာအုပ်ကတော့ အများဆုံးပေါ့ ဘုရား။ အရှင်ဘုရား စာအုပ်ကျတော့ ကလေးတွေ ကလည်း ကြိုက်တော့ များများ ၀ယ်ဖတ်ဖြစ်ပါတယ်ဘုရား။ လူသေလူဖြစ် ဆရာတော်ရဲ့ စာအုပ်ကို စာအုပ်ဆိုင်မှာ တင်ရောင်းထားတာ တွေ့တော့ အံ့သြသွားတယ် ဘုရား။ မဖတ်သင့်တဲ့ စာအုပ်မျိုးကို တပည့်တော် တို့က ရှောင်ဖို့ပါပဲ ဘုရား။ နုနယ်တဲ့ ကလေးတွေကို အဲ့ဒီလို စာအုပ်မျိုး ဖတ်မိသွားမှာ စိုးလို့ မေးရခြင်း ဖြစ်ပါတယ် ဘုရား။ တပည့်တော် စာထဲမှာ အမှားပါရင် ခွင့်လွှတ်တော် မူပါဘုရား။

အရှင်ဘုရား ကျန်းမာ ချမ်းသာစွာဖြင့် သာသနာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင် ပါစေဘုရား။

==============================
=====

ဒကာမကြီး…

ဒကာမကြီး မေးခွန်းကို ဆရာတော် အဖြေ ရေးပေးလိုက် ပါတယ်။ ဥပမာ အားဖြင့် စွယ်စုံ ဆင်ကြီးတွေဟာ နွံထဲမှာရှိတဲ့ ကြာရိုး၊ ကြာပန်း တွေကို မြင်တော့ နွံထဲကို ဆင်းပြီး ကြာရိုး၊ ကြာစွယ်တွေကို စားကြတယ်။ သူတို့က ခွန်အားတွေ ကောင်းတော့ နွံထဲကို ဆင်းပြီး စားကြသော်လည်း စားပြီးတဲ့ အခါ နွံထဲမှ ပြန်ရုန်း နိုင်တော့ ကုန်းပေါ်ကို ပြန်တက် နိုင်ကြတယ်။ ခွန်အားနည်းတဲ့ သာမန် ဆင်လေးတွေ ကလည်း စွယ်စုံ ဆင်ကြီးတွေ နွံထဲဆင်းပြီး ကြာရိုး၊ ကြာစွယ်တွေကို စားတာမြင်တော့ သူတို့ကလည်း အတုလိုက်ပြီး နွံထဲဆင်းကာ ကြာရိုး၊ ကြာစွယ် တွေကို စားကြတယ်။ သို့သော် သူတို့မှာက စွယ်စုံ ဆင်ကြီးတွေလို ခွန်အား မကောင်းတော့ စားပြီးတဲ့ အခါ နွံမှ မရုန်းနိုင် ကြဘဲ နွံနစ်ပြီး သေကြရ ရှာတယ်။ အဲဒီ ဥပမာလိုပေါ့ ဒကာမကြီး၊ မိမိမှာ တရားစာပေ ဗဟုသုတ ကလည်း မပြည့်စုံ သေးဘူး၊ တရားအပေါ် ယုံကြည်မှု သဒ္ဓါနှင့် မှန်ကန်စွာ ဝေဖန် ခွဲခြားတတ်မှု ပညာဉာဏ် ကလည်း အားနည်း နေသေးတယ် ဆိုရင်တော့ ဗုဒ္ဓ ဟောကြားထားတဲ့ တရားသဘော အမှန်မှ ဆန့်ကျင်နေတဲ့ “လူသေလူဖြစ်” စာအုပ်ကဲ့သို့ ၀ါဒ အမှားမျိုးကို အရင်ဦးဆုံး ဖတ်မိသွားတယ် ဆိုရင် (ခွန်အားကြီးတဲ့ စွယ်စုံ ဆင်ကြီးတွေကို အားကျပြီး နွံထဲက ကြာတွေကို ဆင်းစားကြတဲ့ ခွန်အား နည်းသော သာမန် ဆင်လေးတွေ ကဲ့သို့ စားပြီးတဲ့ အခါ နွံထဲက မရုန်းနိုင် ကြဘဲ သေကြရ သလို) မိမိလည်း အမှားနဲ့ အမှန်ကို သေချာစွာ မဝေဖန်၊ မဆုံးဖြတ် နိုင်သေးတဲ့ အချိန်မှာ ၀ါဒ အမှားကြီးကို အမှန်လို့ အထင်မှားပြီး ယုံကြည်သွားရင် မိစ္ဆာဒိဋ္ဌိ ဖြစ်ကာ နိဗ္ဗာန် မရနိုင်ဘဲ ဖြစ်သွားနိုင် ပါတယ်။

တရားစာပေ ဗဟုသုတရှိပြီး တရားအပေါ် ယုံကြည်မှု သဒ္ဓါနှင့် မှန်ကန်စွာ ဝေဖန် ခွဲခြားတတ်မှု ပညာဉာဏ် ရှိတဲ့ သူတွေကတော့ (စွယ်စုံ ဆင်ကြီးတွေ နွံထဲမှာ ရှိတဲ့ ကြားရိုး၊ ကြာစွယ်တွေကို နွံမနစ်အောင် စားနိုင်ကြ သလို) ဘယ်လို စာပေမျိုးကိုပဲ ဖတ်ဖတ် တရား သဘောဖြစ်အောင် ယူနိုင်ကြ ပါတယ်။ အဲဒါကြောင့် အသိ ဉာဏ်ပညာ နုနယ်သေး ချိန်မှာတော့ ထိုကဲ့သို့ စာအုပ်မျိုးကို မဖတ်သင့် သေးပါဘူး။ အသိဉာဏ် စင်ကြယ် အားကောင်း လာချိန်မှာတော့ ဘယ်လို အယူဝါဒ အမှားမျိုးနဲ့ ရေးထားတဲ့ စာပင်ဖြစ်စေ မိမိကိုယ်တိုင်က အမှားကို မြင်နေတော့ အယူမှားကြီးကို လက်မခံ တော့ဘဲ ကောင်းတဲ့ အချက်တွေကိုပဲ ယူသွားနိုင်မှာ ဖြစ်ပါတယ်။ ဖတ်လည်း ကိစ္စမရှိတော့ ပါဘူး။

တရား စာပေတွေ ဖတ်ရှု လေ့လာသူတွေ အတွက် အရင်ဦးဆုံး ဖတ်သင့်တဲ့ အခြေခံ အကျဆုံး စာအုပ်တွေကို ဆရာတော် ရေးပေးလိုက် ပါတယ်။ အဲဒီစာအုပ် တွေကတော့ ဓမ္မာစရိယ ဦးမောင်မောင်လေး ဘာသာပြန်ထားတဲ့-

(၁) အနှစ်ချုပ် သံယုတ္တနိကာယ်၊
(၂) အနှစ်ချုပ် အင်္ဂုတ္တရ နိကာယ်၊
(၃) အနှစ်ချုပ် ဒီဃနိကာယ်၊
(၄) အနှစ်ချုပ် မဇ္ဈိမနိကာယ်
စတဲ့ စာအုပ်(၄)အုပ်ကို အရင်ဦးဆုံး ဖတ်သင့်ကြောင်း လမ်းညွှန် ပေးလိုက်ပါတယ်။

ဒကာမကြီးတို့ မိသားစု အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေ။


++++++++++++++++++++++++++++++++++

လေးစားရိုသေစွာ ဦးခိုက်လျက်
ဖိုးသား

6/8/2009, MON:, 12:36:09 PM


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP