* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, April 21, 2009

ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး ဒေါ်ငွေကြည် (၁)

အရင်တစ်လက အေဘီဘီအေအသင်းဥက္ကဌကြီး ဦးဟန်ကြူအကြောင်း ဂုဏ်ပြုမှတ်တမ်း ရေးသားခဲ့ပြီး၊ ဒီတခါ အသင်းရဲ့ ဘဏ္ဍာရေးမှူး ဒေါ်ငွေကြည်အတွက် ဂုဏ်ပြုမှတ်တမ်းရေးသားမည့်အကြောင်း လောကချမ်းသာဆရာတော် ဦးဣန္ဒကကို လျှောက်ထားခဲ့ပါတယ်။

ဆရာတော်က “ဒကာမကြီးအကြောင်းကို ရေးမယ်ဆိုရင် ‘ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး’လို့ ခေါင်းစဉ်တပ် ရေးပါ”ဟု အမိန့်ရှိလိုက်ပါသည်။
ကျွန်တော်မှ ခေါင်းစဉ်တပ်ရေးရမည့် အထောက်အထားများကိုလည်း မိန့်ကြားရန် လျှောက်ထားလိုက်ရာ ဆရာတော်က အောက်ပါအတိုင်း သမိုင်းကြောင်းကို ရှင်းပြတော်မူခဲ့ပါသည်။

“၁၉၈၃ ခုနှစ် ဇူလိုင်လ ၁၀ ရက် နယူးယောက်ကို စရောက်ပြီး Bronx မှာရှိတဲ့ ယိုးဒယားဘုန်းကြီးကျောင်းမှာ တည်းခိုရပါတယ်။ ဒီကျောင်းကို အေဘီဘီအေက ဝယ်ရန် စရံငွေ ပေးထားပြီး ဖြစ်တယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပထမဆုံးအကြိမ် နယူးယောက် ဝါဆိုပွဲတော် ကျင်းပခဲ့တယ်။ ဒီပွဲမှာ ဒကာမကြီးက ဝေယျာဝစ္စအားလုံးကို လိုလေသေးမရှိ သဒ္ဓါတရား ထက်သန်စွာ ဆောင်ရွက်ခဲ့တာ စပြီး တွေ့ခဲ့ရတယ်။ ဒကာ ဒကာမတွေအားလုံးကလည်း ယိုးဒယားကျောင်းကို မဝယ်ဖြစ်ခဲ့ပေမယ့် ၆-လအတွင်း ကျောင်းရအောင် ရှာမယ်လို့ ကတိပေးကြတယ်။ ဝါကျွတ်တော့ တရုပ်တန်း၊ ဘရူးမ်လမ်းရှိ ဦးဟန်ကြူရဲ့ ပဲပြားစက်ရုံခန်း အထက်ထပ်ကို ပြောင်းပြီး သီတင်းသုံးနေရတယ်။ ဦးဟန်ကြူမိသားစု၊ ဒေါ်ငွေကြည်၊ ဒေါ်တင်တင်တို့က ဆွမ်းကိစ္စ၊ ဝေယျာဝစ္စကိစ္စများကို ပင်တိုင် ဆောင်ရွက်ပေးကြပါတယ်။

ဒကာ ဒကာမတွေ အားလုံးက နယူးယောက်မှာ ဘုရား ကျောင်း သင်္ခန်း ဖြစ်လာရန်နှင့် သံဃာတော်များ အစဉ်အမြဲ သီတင်းသုံး နေထိုင်ရန် ဆန္ဒတွေ ပြင်းပြနေကြတော့ မိမိရဲ့ သာသနာပြုရန် ရည်ရွယ်ချက်အတွက် အားတက်သွားမိတယ်။
ဒကာမကြီးကဆိုရင် နယူးယောက်က ပြန်ကြွသွားမှာကို စိုးရိမ်စိတ်နှင့် ကျောင်းရတော့မယ်ဖြစ်ကြောင်း ပြန်မကြွရန် အတန်တန် လျှောက်ထားပါတယ်။
ဒီ ဒကာ ဒကာမတွေရဲ့ အဓိပတိ ဦးဆောင်နေတဲ့ စေတနာကံတွေကြောင့်ပဲ ဆိုရမယ်။ (၆)လအတွင်းမှာ ယခု လောကချမ်းသာဘုရားကျောင်းဖြစ်လာမယ့် အဆောက်အဦကို ဦးဟန်ကြူမှ စီစဉ်လိုက်ပါတယ်။

ထိုစဉ်က ကုန်လှောင်ရုံဖြစ်နေခြင်းကြောင့် အပူအအေး၊ လျှပ်စစ်မီး အစစ အရာရာ မပြည့်စုံခဲ့လို့ ရာသီဥတုဒက်က စပြီး ဒုက္ခပေါင်းစုံ ရောက်ခဲ့ပါတယ်။
ဒကာမကြီးကတော့ လူပင်ပန်း စိတ်ပင်ပန်းနဲ့ အဆင်းရဲ ခံပြီး ဘုရားကိစ္စ၊ သံဃာတော်များ ဆွမ်းကိစ္စ၊ ကျောင်းကိစ္စ အဝဝတွေကို ဒေါ်တင်တင်နှင့်အတူ ဇွဲရှိရှိနဲ့ ကြိုးစားပြီး ဖြည့်ဆည်းပေးရှာပါတယ်။ တဖက်ကလည်း ဝေယျာဝစ္စအဖွဲ့ကို ဦးဆောင်ပြီးတော့ အသင်းတိုးတက်ရေးအတွက် လုပ်အား ငွေအား သဒ္ဓါတရားများ ထက်သန်စွာ သေတပန် သက်တဆုံး လုပ်သွားပြန်တယ်။

ဒကာမကြီးရဲ့ စွမ်းဆောင်ချက်တွေကြောင့် အလှူပွဲတွေမှာဆိုရင်လည်း သံဃာတော်များ၊ ဓမ္မမိတ်ဆွေများ၊ အလှူရှင်များအားလုံးက စိတ်ကျေနပ်မှု၊ ချမ်းမြေ့မှု ပီတိတွေကို အခြေခံပြီးတော့ ကုသိုလ်တရားတွေ ပွားသထက် ပွားသွားကြတယ်လို့ ယုံကြည်မိတယ်။

ဒါ့အပြင် သာသနာ့ အမွေအနှစ်တွေကိုလည်း ဓမ္မမိတ်ဆွေများ ရစေချင်တဲ့ ဆန္ဒနဲ့ နှစ်စဉ် ဘုန်းကြီးရဲ့ မွေးနေ့မှာ စုပေါင်း ရဟန်းခံ ရှင်ပြုပွဲတွေကို ဒကာမကြီးတို့ မိသားစုက ဦးဆောင် မတည်ပြီးတော့ နှစ်အတော်ကြာ ကျင်းပခဲ့ကြတယ်။
၂၀၀၄ ခုနှစ်က စပြီး မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဂုဏ်ရည်ပူဇော်ပွဲဖြစ်သွားမှ ရပ်သွားကြတယ်။

သာသနာတော်ကြီးအတွက် နောက်ဆုံးဘဝတိုင်အောင် အသက်ပေးသွားခဲ့တဲ့ သာသနာ့အာဇာနည် ဒကာမကြီးရဲ့ စေတနာတွေက မိသားစုအားလုံးကို ရောင်ပြန်ဟပ်စေခဲ့တယ်လို့ပဲ ဆိုရမယ်။
မိခင်ရဲ့ အမွေခံထိုက်စေတဲ့ သားသမီးတွေက မိခင်ကြီးရဲ့ တာဝန်တွေကို ပခုန်းပြောင်း ထမ်းဆောင်ထားကြလို့ လွန်စွာမှ အားရ ကျေနပ်လှပါတယ်။ သားကြီး ဒေါက်တာဦးခင်မောင်ဆိုရင် မိခင်ကြီးရဲ့ တာဝန်ကို တသွေမတိမ်း ဆက်လက် ဆောင်ရွက်နေတယ်။ လောကချမ်းသာဘုရားကြီးရဲ့ ဝေယျာဝစ္စကိစ္စတွေ၊ ဓမ္မာရုံတည်ဆောက်ရေးကိစ္စတွေ၊ ကျောင်း သင်္ခန်း ကိစ္စတွေ အားလုံးမှာ မရှိမဖြစ်ဆိုတာတွေ မပေါ်ပေါက်အောင် လူအား ငွေအားနှင့် အမြဲ မတည် ဆောင်ရွက်လျက်ရှိတယ်။ ဒကာမကြီးတို့ မိသားစုကို အကြိမ်ကြိမ် သာဓုခေါ်လို့မဆုံး ဖြစ်ရပါတယ်။
ဒီအချက်တွေကြောင့် ဒကာမကြီးကို ‘ဘုရားအမ၊ ရဟန်းအမ၊ ကျောင်းအမကြီး’လို့ ခေါင်းစဉ်တပ်စေချင်တာပါ။”

+++++

ဒေါ်ငွေကြည်ရဲ့ မိတ်ဆွေရင်းလည်းဖြစ်၊ ပထမဦးဆုံးသော ကထိန်ပွဲမှ စ၍ ဝေယျာဝစ္စများကို ဒေါ်ငွေကြည်နှင့်အတူ လက်တွဲလျက် လုပ်ကိုင်လာခဲ့ရာ ယနေ့တိုင် ဝတ်မပျက် လုပ်ကိုင်နေလျက်ရှိသော ဒေါ်တင်တင်ကို တွေ့ဆုံ မေးမြန်းခဲ့ရာ ဒေါ်တင်တင်က -
“ကျွန်မတို့ မြန်မာပြည်မှာကတည်းက ဘုရား ကျောင်းကန်တွေမှာ သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းနေကြသူတွေ မဟုတ်လား။ ၁၉၈၃ ခုနှစ် ကထိန်ပွဲကို ကြွလာတဲ့ ဆရာတော် ဦးဣန္ဒကနဲ့ ဦးပညာဇောတတို့ နှစ်ပါးကို ဖူးလိုက်ရကတည်းက နယူးယောက်မှာ ရတနာမြတ်သုံးပါး အမြဲကြည်ညိုခွင့်ရအောင် ဘုန်းကြီးကျောင်းဖြစ်မြောက်ဖို့ ကျွန်မတို့အားလုံး ဆန္ဒတွေ ပြင်းပြနေခဲ့ကြတယ်။

ယိုးဒယားကျောင်း ဝယ်ဖို့ အစီအစဉ် ပျက်သွားတော့ ဆရာတော်ဦးဣန္ဒက ပြန်ကြွသွားမှာကို အားလုံးက စိုးရိမ်ကြတယ်။ တရုပ်တန်း ဦးဟန်ကြူရဲ့ ပဲပြားစက်ရုံအပေါ်ထပ်မှာ ယာယီပင့်ထားတုန်း ဒေါ်ငွေကြည်ခမျာ ဆရာတော်ကို ကျောင်းရတော့မှာပါ၊ နယူးယောက်မှာပဲ သီတင်းသုံးသွားရန် အမြဲလျှောက်ထားလေ့ ရှိပါတယ်။ နောက်ဆုံး ယခု ကျောင်းနေရာ အဆောက်အဦကို ရသွားမှ အားလုံး စိတ်အေးသွားခဲ့ကြတယ်။ ဒီအဆောက်အဦကလည်း ကုန်လှောင်ရုံဖြစ်နေခြင်းကြောင့် ရေပူ ရေအေး၊ လျှပ်စစ်မီး၊ ဆောင်းတွင်းဆို အပူ စသည်ဖြင့် မပြည့်စုံ။ ကြမ်းခင်းတွေကလည်း ပေါက်ပြဲနေပြီး ခေါင်မိုးကလည်း မိုးမလုံနဲ့ အတော် ဆင်းဆင်းရဲရဲ ဒုက္ခရောက်ခဲ့ကြတယ်။

ဒါကြောင့် ဦးဟန်ကြူ၊ ဦးသန်းအောင်၊ ဦးတင်မောင်၊ ဒေါ်ငွေကြည်နဲ့ ကျွန်မတို့ ငါးဦးက တစ်ယောက်ကို ဒေါ်လာ ၅၀၀ စီ စုပြီး၊ စုစုပေါင်း ဒေါ်လာ ၂၅၀၀ နဲ့ စတင် ပြုပြင် မွမ်းမံခဲ့ကြတယ်။
ကျောင်းဖြစ်ပြီး နောက်ပိုင်းမှာလည်း ဒေါ်ငွေကြည်ရဲ့ သဒ္ဓါတရားတွေက လျှော့သွားတယ်လို့ မရှိပါဘူး။ တိုး၍ တိုး၍သာ ဖြစ်ပေါ်နေပါတယ်။

ကျောင်းရယ်လို့ သတ်သတ်မှတ်မှတ် မရှိခင်က အခက်အခဲမျိုးစုံနဲ့ ဖြစ်သလို ပြောင်းရွှေ့ သီတင်းသုံးလာခဲ့ရတဲ့ ဆရာတော် ဦးဣန္ဒကကို သူက ကျေးဇူးတင်မဆုံး ဖြစ်ခဲ့လို့ ဆရာတော်ရဲ့ မွေးနေ့တိုင်းမှာ စုပေါင်း ရဟန်းခံ ရှင်ပြုပွဲနဲ့ တွဲပြီး ကျင်းပရင်းက ကုသိုလ်တွေ ဆက်သွားစေခဲ့ပါတယ်။

ကျွန်မတို့တတွေလည်း သူ့ရဲ့ ဦးဆောင်မှုနဲ့ ဝေယျာဝစ္စကုသိုလ်တွေ လုပ်ကိုင် ဆောင်ရွက်ရတော့ သိတ်ပြီး ဝမ်းသာ ကျေနပ်ကြပါတယ်။
အလှူရှင်များကဆိုရင် ကျေးဇူးတင်မဆုံး ဖြစ်သွားကြပြီး ဝေယျာဝစ္စအဖွဲ့ကို ဆုငွေတွေ ချသွားခဲ့ကြတယ်။ ဒီဆုငွေတွေကို စုထားတာ ခုဆို ရန်ပုံငွေ အတော် ရနေပါပြီ။

ယခု အေဘီဘီအေ အသင်းကြီးရဲ့ တိုးတက် အောင်မြင်မှုတွေ၊ နယူးဂျာစီမှာ သာသနာ့မြေကွက်တွေ ဝယ်ကြ၊ လောကချမ်းသာစေတီတော်ကြီး တည်ထား ကိုးကွယ်ကြတာတွေကို ဒေါ်ငွေကြည် တွေ့စေ မြင်စေချင်လှပါတယ်။ ကျွန်မကလည်း သူငယ်ချင်းရဲ့ စိတ်ဆန္ဒအတိုင်းပါပဲ။ သူပါဝင်ပြီး စတင် တည်ထောင်လာခဲ့တဲ့ အသင်းကြီးရဲ့ ဝေယျာဝစ္စတွေကို သူ့လိုပဲ အသက်ထက်ဆုံး လုပ်သွားမှာပါ။ တည်ဆောက်တော့မယ့် တရားရိပ်သာကြီးကိုလည်း ကျွန်မ မသေခင် တွေ့မြင်သွားချင်ပါတယ်။ မသေမချင်းလည်း ဒီတာဝန်တွေကို ဆက်လက် ဆောင်ရွက်နေမှာပါ” ဟူ၍ ရှင်းပြခဲ့ပါတယ်။

+++++

ကျွန်တော် လေ့လာ မှတ်သားမိသလောက် ဒေါ်ငွေကြည်သည် ၁၉၇၉ ခုနှစ် အေဘီဘီအေအသင်းကို စတင် တည်ထောင်လာကတည်းက အသင်း၏ ဝေယျာဝစ္စမှန်သမျှကို အားကြိုးမာန်တက် ပါဝင် ဆောင်ရွက်ခဲ့၏။
၁၉၈၃ ခုနှစ်တွင် အသင်းအမှုဆောင် အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး၊ ၁၉၉၉ ခုနှစ်မှ စ၍ ဘဏ္ဍာရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့၏။ တဖက်ကလည်း အသင်း၏ ဝေယျာဝစ္စများ မလစ်ဟင်းအောင် ထိန်းသိမ်း ဆောင်ရွက်၏။
အိမ်တစ်အိမ်တွင် မီးဖိုချောင် လုံမှ စီးပွားတင်သလို အသင်းတစ်ခုတွင်လည်း ဧည့်ခံကျွေးမွေးရေးကိစ္စ၊ ဝေယျာဝစ္စကိစ္စများ မလစ်ဟင်း၊ အလေအလွင့် အဖိတ်အစင် နည်းအောင် ထိန်းသိမ်း ဆောင်ရွက်နိုင်ပါမှ အသင်း၏ အကျိုးစီးပွားကို ကာကွယ် ထိန်းသိမ်း ဆောင်ရွက်ရာ ရောက်ပါသည်။
ထိုကြီးလေးသော တာဝန်ကြီးကို ဒေါ်ငွေကြည်သည် သေတပန် သက်တဆုံး ဆောင်ရွက်သွားခဲ့၏။ အခြားတဖက်ကလည်း သံဃာတော်များ၊ အလှူရှင် တကာ တကာမများနှင့် ဧည့်ပရိတ်သတ်များ အားလုံးတို့၏ ဆန္ဒများကိုလည်း လိုလေသေးမရှိ ဖြည့်ဆည်း ဆောင်ရွက်သွားနိုင်စွမ်း ရှိခဲ့၏။
ဒေါ်ငွေကြည်ကဲ့သို့ပင် ရတနာမြတ်သုံးပါးတို့အပေါ် ယုံကြည်မှု သဒ္ဓါတရားကို အခြေခံသည့် စေတနာ ကံများနှင့် ပြည့်စုံကြသော အေဘီဘီအေအမှုဆောင်များအားလုံး၏ စွမ်းဆောင်မှုများကြောင့် အေဘီဘီအေအသင်း၏ အခြေခံသည် ခိုင်မာ တောင့်တင်းလှ၏။ ထို့ကြောင့်လည်း အသင်း၏ အောင်မြင် တိုးတက်မှုများသည် အရှိန်အဟုန် မြင့်မားလျက် ရှိနေပါသည်။
ထိုပုဂ္ဂိုလ်များနှင့် အသင်း မပေါ်ပေါက်လာပါက နယူးယောက်ဒေသတွင် သာသနာတော်ကြီး စောလျင်စွာ ပေါ်ပေါက်လာမည် မဟုတ်ချေ။
နယူးဂျာစီရှိ လောကချမ်းသာ စေတီတော်ကြီးနှင့် သာသနာ အမွေအနှစ်များသည်လည်း ဖြစ်ပေါ်လာမည် မဟုတ်ပေ။
ထို့ကြောင့် ထိုထိုပုဂ္ဂိုလ်တို့ကို ကျောက်ထက် အက္ခရာတင်၍ ကဗျည်းရေးထိုး မှတ်တမ်းတင်ထားလိုက်ချင်ပါတော့သည်။

အထက်ပါ အကြောင်းအရာများသည် ဗုဒ္ဓသာသနာတော်အပေါ်၌ ယုံကြည် သက်ဝင်မှု သဒ္ဓါတရားကို အခြေပြုထားသည့် စေတနာတည်းဟူသော ကံ၊ ကိုယ်ကျိုးမဖက်ဘဲ သာသနာ့အကျိုးအတွက် ဆောင်ရွက်သွားသည့် အလုပ်များပင် ဖြစ်ပါသည်။
တနည်းအားဖြင့် ဗုဒ္ဓ ဘုရားရှင် ပွင့်တော်မူပြီးနောက် နှစ် ၂၅၀၀ ကျော် ကာလ၊ ဘုရားရှင်အပေါ် ယုံကြည် သက်ဝင်သူတို့၏ စွမ်းဆောင်ချက်များဖြစ်ရာ ဘုရားရှင်လက်ထက်တော်ကာလ ဤကဲ့သို့ စွမ်းဆောင်သွားကြသူ ပုဂ္ဂိုလ်များနှင့် စံထား၍ လေ့လာလိုပါသည်။

+++++

ဝိသာခါ ကျောင်းအမကြီး

ဗုဒ္ဓဘုရားရှင်လက်ထက်က အင်္ဂတိုင်း၊ ဘဒ္ဒိယမြို့ရှိ ဓနဉ္စယသူဌေးကြီး၏ သမီး ‘ဝိသာခါ’သည် ၇ နှစ် သမီးအရွယ်တွင် မြတ်စွာဘုရားအား ခရီးဦး ကြိုဆိုမှု ပြုစဉ် ဘုရားရှင်က သူမ၏ စရိုက်နှင့် လိုက်လျောညီသော တရားတော်ကို ဟောကြားတော်မူသော အဆုံး၌ သောတာပတ္တိမဂ်ဖိုလ် တည်သွားခဲ့၏။
ထိုမှ စ၍ ဘုရားအမှူးရှိသော သံဃာတော်မြတ်တို့ကို ဆည်းကပ် ပူဇော်လာခဲ့သူ ဖြစ်၏။
အရွယ်ရောက်၍ ‘မိဂါရ’ သူဌေးသားနှင့် မင်္ဂလာပြုပြီးနောက် ယောက္ခမနေအိမ်သို့ လိုက်နေရ၏။
ကျွေးကျွန် မောင်းမ မိတ်သံများနှင့် ပြည့်စုံလှသော်လည်း မပျော်ပိုက်။ ယောက္ခမအား ‘သမီး ဝိသာခါသည် ရဟန်းသံဃာများနှင့် ကင်းကွာ၍ နေထိုင်ရန် မဖြစ်နိုင်ပါ။ ရဟန်းသံဃာတို့ကို ပြုစု လုပ်ကျွေးလိုပါ၏’ ဟု အရေးဆို၏။
ယောက္ခမ၏ ခွင့်ပြုချက် ရသည်နှင့် အခွင့်သာသောအခါတိုင်း၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား ဆွမ်းဖြင့် လုပ်ကျွေး လှူဒါန်းတော့၏။
ယောက္ခမတို့ကလည်း ဘုရားရှင်၏ တရားတော်ကို နာကြားခွင့် ရခြင်းကြောင့် သောတာပန် အရိယာများ ဖြစ်သွားခဲ့ကြ၏။
ထို့ကြောင့် ဝိသာခါကို သမီးအရာ၌ တည်စေ၏။
သာဝတ္ထိမြို့တံခါးအနီးရှိ ပုဗ္ဖာရုံကျောင်းမြေနေရာကို ကိုးကုဋေဖြင့် ဝယ်ပြီး၊ ကိုးကုဋေဖြင့် ပုဗ္ဖာရုံကျောင်းတိုက်ကြီး ဆောက်၏။
ရှင်မောဂ္ဂလန်မထေရ်မြတ်၏ ကြီးကြပ်မှုဖြင့် ၉ လ အကြာ၌ ပြီးစီး၏။
ရေစက်ချပွဲကို ၄ လ ကြာ ကျင်းပခဲ့၏။
နေ့စဉ်လည်း ကျောင်းတိုက်၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား အလှူဒါနကြီး ပေးလှူ၏။
ထိုကဲ့သို့သော ဝိသာခါသည် နေ့စဉ် နံနက်အခါ၌ ရဟန်းသံဃာတော်တို့အား ဆွမ်းများ လှူဒါန်းခြင်း၊ နေမွန်းလွဲသောအခါ ဆီဦးထောပတ်၊ ပျားရည်၊ တင်လဲတို့ကိုလည်းကောင်း၊ အဖျော်အမျိုးမျိုးတို့ကိုလည်းကောင်း ဝတ်မပျက် ဆက်ကပ်၏။
ထိုအချက်တို့သည် ဝိသာခါ၏ ‘နိဗဒ္ဓတ်ဝတ်’ ဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင်က စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်း၌ နှစ်ခြိုက် မွေ့လျော်ကြသည့် ငါဘုရား၏ တပည့်မ သာဝိကာဥပါသိကာမ တို့တွင် ဝိသာခါ သူဌေးမသည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူခဲ့ပါသည်။

ဝိသာခါ၏ ထူးခြားချက်တို့မှာ အမြဲတစေ ၁၆ နှစ် အရွယ်တမျှ ပျိုမြစ်နုနယ်လျက် ရှိ၏။ သားသမီး မြေးမြစ်များနှင့်အတူ သွားသည်ကို မြင်လျှင် ဘယ်သူသည် ဝိသာခါလဲဟု မေးရလောက်အောင် ဖြစ်၏။ လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်တိုင်း၌ မတင့်တယ်ဘူးဟု ပြောဖွယ်ရာ မရှိအောင် တင့်တယ်၏။ ဆင်ပြောင် ၅ စီး အားနှင့်လည်း ပြည့်စုံ၏။ သက်တမ်း ၁၂၀ ထိ နေသွားသူ ဖြစ်ပါသည်။
ဝိသာခါကျောင်းအမကြီး သေဆုံးသွားစဉ် မည်သို့မည်ပုံ သေဆုံးသွားခဲ့သည်ဟူ၍ မှတ်တမ်းများ မတွေ့မိပါ။

+++++

ဒေါ်ငွေကြည်၏ နောက်ဆုံးဘဝ

ဒေါ်ငွေကြည်မှာမူ သက်တမ်း ၆၉ နှစ်တွင် မထင်မှတ်သော သေဆုံးခြင်းနှင့် ရင်ဆိုင်သွားခဲ့ရ၏။
ယုံကြည်မှု သဒ္ဓါတရားများ ထုံနေပြီဖြစ်သော ဒေါ်ငွေကြည်သည် ၂၀၀၀ ခုနှစ် မတ်လ ၂၅ ရက် စနေနေ့၌ ဘော်စတွန်မြို့ရှိ မဟာသတိပဋ္ဌာန်ရိပ်သာကျောင်းတွင် ပြုလုပ်မည့် ထမနဲပွဲတော်အတွက် ဝေယျာဝစ္စများ ကူညီဆောင်ရွက်ရန် နယူးယောက်မှ ထွက်ခွာခဲ့ကြ၏။
ကား ၂ စီးဖြင့် သွားကြရာ ၎င်းတို့ကားတွင် ကားမောင်းသူ မောင်လေးဝင်း၊ ဒေါ်ငွေကြည်၊ ကိုစောမြင့်နှင့် ဆရာတော် ဦးဣန္ဒာစာရတို့ ပါ၏။ နံနက် ၅ နာရီ ဆရာတော် ဦးဣန္ဒာစာရအား လောကချမ်းသာဘုရားကျောင်း၌ သွားပင့်စဉ် ဒေါ်ငွေကြည်တယောက် ဘုရားခန်း၌ ဘုရားဝတ်ပြုပြီး၊ ဆရာတော်ဦးဣန္ဒာစာရအား အရုဏ်ဆွမ်းအဖြစ် ကော်ဖီနှင့် ကားတွင် ပါလာသော ပြောင်းဖူးပြုတ်များ ကပ်လှူခဲ့၏။
ထိုအလှူသည် ဒေါ်ငွေကြည်၏ နောက်ဆုံးအလှူဟူ၍ မည်သူ သိနိုင်ပါမည်နည်း။

ဘော်စတွန်သို့ ခရီးထွက်လာခဲ့ကြရာ နယူးရေချယ် တိုးပလာဇာအလွန်၌ အတူ ထွက်ခွာလာကြသည့် အခြား ကားတစ်စီး ပြတ်ကျန်ခဲ့၍ လမ်းဘေးတွင် ကားရပ်ပြီး စောင့်နေကြ၏။
ထိုစဉ် အရှိန်ပြင်းစွာ မောင်းလာသော ကားတစ်စီးက နောက်မှ ဆောင့်ပြီး ဝင်တိုက်လိုက်၏။
ကားအတွင်း ရှိနေကြသူများအနက် ဒေါ်ငွေကြည်မှာ ဆေးရုံသို့ အမြန်ဆုံး ပို့ပေးခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့၏။
ကားမောင်းသူ မောင်လေးဝင်းမှာ ထိုထိခိုက်ဒဏ်ရာများကြောင့် ယနေ့တိုင် မူလအခြေအနေသို့ ပြန်မဖြစ်တော့ပေ။
ဆရာတော်ဦးဣန္ဒာစာရမှာ ရှေ့သွားနှစ်ချောင်းနှင့် ဘယ်ဘက်ပခုန်းရိုး ကျိုးသွားခဲ့၏။
ကိုစောမြင့်မှာ သာမန်မျှသာ ဒဏ်ရာ ရရှိခဲ့၏။

သေစေလောက်သော ဘေးအန္တရာယ်သည် သေခြင်းတရားကို ဖြစ်ပေါ်ရန် အကြောင်းတရားများနှင့် ကားတစီးလုံးပေါ်သို့ ကျရောက်ခဲ့သော်လည်း ကားအတွင်းရှိ တဦးဆီအပေါ် အကျိုးသက်ရောက်ပုံများမှာမူ မတူညီခဲ့ပေ။ ပြုခဲ့ကြသော ကံများ မတူညီကြခြင်းကြောင့်ပင် ဖြစ်ပေမည်။ ဤကဲ့သို့ သေဘေးအန္တရာယ်ကြီး ကျရောက်စဉ် အခိုက်အတန့် ကားအတွင်းတွင် ရှိနေကြသူများအဖို့ မမျှော်လင့်ဘဲ လျင်မြန်စွာ ကျရောက်လာသော ဘေးကြီးဖြစ်၍ မည်သို့မည်ပုံ ခံစားကြရမည်ကို မသိ။ ကျွန်တော် ကြုံခဲ့ဖူးသည့် သေဘေးအန္တရာယ်ကြီးတစ်ခုကိုမူ ပြန်တွေးမိတိုင်း ယခုတိုင် တုန်လှုပ် ချောက်ချားနေမိပါသေးသည်။

+++++

ခင်မောင်ဝင်း
နယူးယောက်မြို့






0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP